ဒီပုံပြင်လေးကို လူအတော်များများ ကြားဖူးကြမယ် ထင်ပါတယ်။ တခါက တောရွှာလေး တရွှာမှာ မျောက်တကောင်ဟာ လူမရှိတဲ့ အိမ်ထဲကို ပွင့်နေတဲ့ ပြတင်းပေါက်ကနေ ဝင်လာတယ်။
သူဟာ မီးဖိုချောင်မှ ထန်းလျက်ခဲတွေ ထည့်ထားတဲ့ စဉ့်အိုးတလုံးကို တွေ့လို့ အဖုံးကို မယူ ဖွင့်ပြီး ထန်းလျက်ခဲ တလုံးကို နှိုက်စားလိုက်တယ်။ ကြိုက်လို့ နောက်နှစ်လုံး ထပ်ယူစား ပြန်တယ်။
နောက်တော့ စိတ်မထိန်းနိုင်တော့လို့ လက်တဆုပ်စာ ထန်းလျက်ခဲတွေ နှိုက်ယူလိုက်တယ်။ ပြီးတော့ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်တော့ သူ့လက်ကို နှုတ်မရတော့ဘူး။ သူ့လက်သီးဆုပ်ဟာ အိုးအဝ အကျဉ်းမှာ တစ်နေပြီ။
ဒီတော့ သူ့လက် လွှတ်အောင် အတင်းရုန်းလို့ ထန်းလျက်အိုးလည်း လှုပ်ခါနေပြီး အသံတွေ ထွက်လာတယ်။ အိမ်းနီးချင်းတွေက အသံကြားပြီး လာကြည့်လိုက်တော့ မျောက်ကို တွေ့သွားကြပြီး အော်ဟစ် မောင်းထုတ်ကြတယ်။
ဒါပေမဲ့ မျောက်ဟာ သူ့လက်သီးဆုပ်ကို မဖြည်တော့ အိုးထဲက လက်ကို ထုတ်မရတာကြောင့် မပြေးနိုင် ဖြစ်ပြီး ရွှာသားတွေရဲ့ တုတ်တွေနဲ့ ရိုက်နှက်တာ ခံရပြီး သေသွားရတယ်။
ဒီပုံပြင်လေးကို ကြည့်ပြီး ဒီမျောက်ဟာ တော်တော် တုံးတဲ့သူပဲ။ လက်သီး ဆုပ်ထားတာ ဖြည်ပြီး ထွက်ပြေးရင် ရရဲ့သားနဲ့ လို့ မှတ်ချက် ပေးပါလိမ့်မယ်။
ကျွန်တော်ကတော့ ဒီပုံပြင်ကို အခုလိုမျိုး တွေးမိပါတယ်။ မျောက်ဟာ ထန်းလျက်ခဲတွေကို စွဲလမ်းတပ်မက်တဲ့ တဏှာကို မစွန့်နိုင်လို့ သေသွားရတယ်။
ဒီလိုပါပဲ လူတွေမှာလည်း တဏှာကြောင့် ဘဝပျက်သွားတာတွေ အများကြီးပါ။ တဏှာဆိုလို့ ဖိုမ ကိစ္စတခုတည်းပဲ မဟုတ်ပါဘူး။ တစုံတရာကို စွဲလမ်း တပ်မက်ခြင်းကို လည်း တဏှာလို့ ခေါ်ပါတယ်။
စွဲလမ်းမှုကြီးရင် မျောက်လိုပဲ သေသွားလိမ့်မယ်။ ဥပမာ အရက်သောက်တယ်၊ ပိုက်ဆံ ကုန်တယ်၊ ရောဂါရမယ်။ ဒါပေမဲ့ အရက်ကို မသောက်ရ မနေနိုင်အောင် စွဲလမ်းပြီး ဖြတ်မရလို့ နောက်ဆုံး အသည်းကျွမ်းပြီး သေသွားနိုင်တယ်။
လူတွေဟာ စွဲလမ်း တပ်မက်ခြင်း တဏှာလို့ ပြောရင် ဘာသာရေး ကိစ္စလို့ မြင်ကြတယ်။ တကယ်တော့ လူတွေ နေ့စဉ် သတိမထားမိတဲ့ စွဲလမ်းမှုတွေမှာ အရမ်း အားသန်သွားရင် မိမိဘဝ ထိခိုက်မယ် ဆိုတာ သတိပြုစေ ချင်ပါတယ်။
မနက်မိုးလင်း ကတည်းက အိပ်တဲ့ အချိန်ထိ ဖုန်း Screen လေး ပွတ်ရင်း Facebook ကြည့်နေတာကလည်း တဏှာစွဲလမ်းတပ်မက်ခြင်း ဆိုတာ သတိပြုစေချင် ပါတယ်။ ကျွန်တော်လည်း အဲ့ဒီ တဏှာကနေ ရုန်းထွက်ဖို့ ကြိုးစားနေဆဲလူပါ။ အောင်မြင်လာခါနီးပါပြီ။
ဒါကြောင့်မို့ ကျွန်တော်တို့ကို ကျွန်တော်တို့ သတိပြုမိထားရင် အဘယ်အရာမှာ မဆို ကြိုးစားပြီး သတိထားရုံက လွှဲပြီး "တန်ဆေးလွန်ဘေး" မဖြစ်အောင် ဆောင်ရွက်အောင် လုပ်ကြရ ပါမယ်။ Crd
0 Comments