စိတ်ကို ကျွဲလို ထိန်းသိမ်းပါ

တရက်မှာ မြစ်ဝကျွန်းပေါ် ဒေသတခုသို့ ဆရာတော် တရားဟော ကြွလေ၏။ ထိုဒေသတွင် မိုးများသည့်အတွက် တောင်ယာသမား အများစုသည် နွားအစား ကျွဲများဖြင့်သာ ထွန်ယက် စိုက်ပျိုးကြ ရလေ၏။

ကျွဲများသည် သန်မာ ထွားကျိုင်းပြီး ချိုကြီးများ ကားနေ၏။ ဆရာတော်သည် ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏။

"ဒကာကြီး ဒီလောက် သန်မာတဲ့ ကျွဲကြီးတွေက ဒကာကြီးတို့ကို ပြန်ပြီး ရန်မမူ ကြဘူးလား"

"တခါတလေတော့ ရန်မူတယ်ဘုရား။ တလောက ဟိုဘက်ရွာက တောင်သူတယောက် ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေပါရောလားဘုရား"

"အိုး ကြောက်စရာ ကောင်းလိုက်တာ။ ကျွဲထိန်းရတာလည်း တော်တော် အန္တရာယ် များတာပဲ"

"ဒါက ဖြစ်ခဲပါတယ် ဘုရား။ သူတို့ ကျွဲထိန်းတဲ့ နေရာမှာ ညှာလိုက်လို့ပါ"

"ဒကာကြီးက ဘယ်လို ထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက် ထားလို့လား"

"တချက်မှ ရိုက်နှက်စရာ မလိုဘဲ ထိန်းတဲ့နည်း ရှိတယ်ဘုရား"

"ဒကာကြီးတို့ နည်းက ဘုန်းကြီးတို့လို မေတ္တာသမားနဲ့ ကိုက်တာပေါ့၊ ဘယ်လို ထိန်းတာလဲ"

"အလုပ်နဲ့ ထိန်းတာပါ ဘုရား။ လယ်ချိန် လယ်ထွန်တယ်၊ ယာချိန် ယာထွန်တယ်။ လယ်တွေ၊ ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကို လှည်းပေါ် တင်ပြီး မြစ်ရေကို သယ်တယ်။ ရေသယ်စရာ မရှိရင် ထင်းလိုက်တယ် ဘုရား။

အဲဒီလို မနားတမ်း ခိုင်းနေမယ် ဆိုရင် အဲဒီကျွဲဟာ ပင်ပန်းပြီး ညောင်းနေတဲ့အတွက် နားရတဲ့ အချိန်လေးမှာ ငြိမ်နေတာပေါ့ ဘုရား။ ဒေါသဖြစ်ချိန်ကို မပေးတော့ဘူး ဘုရား"

"အို ဒကာကြီးတို့ ပြောတဲ့ ကျွဲထိန်းနည်းက ဘုန်းကြီးအတွက်တော့ တရားတပုဒ် ပါပဲ။ ကျွဲကြီးကို စိတ်နေရာမှာ ထားပြီး စိတ်ကို အလွတ်မထားဘူး။ အမြဲ ခိုင်းနေမယ် ဆိုရင် လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေ မဝင်နိုင်ဘူးပေါ့"

ဒါကြောင့် ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့။ စိတ်ဆိုတာ မကောင်းတဲ့ ဘက်မှာ ပျော်တာ။ အားနေရင် စာဖတ်၊ စာရေး တရားနာ။ ဟော အဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ်။ Crd

Post a Comment

0 Comments