ဆရာဝန်တယောက်ဟာ သူ အလုပ်လုပ်နေတဲ့ ဆေးရုံထဲကို အလျင်အမြန်နဲ့ ပြေးဝင် သွားတယ်။ အရေးကြီး ခွဲစိတ်မှုတခု ချက်ချင်းလုပ်ဖို့ လိုအပ်လို့ ဖုန်းဆက် ခေါ်တဲ့အတွက် ဖုန်းရရချင်း ချက်ချင်း အဝတ်အစား လဲပြီး ရောက်လာတာပါ။
ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ ပါတယ်။ အထဲရောက်တော့ လူမမာ ကောင်လေးရဲ့ ဖခင်ဟာ နံရံကို မှီပြီး ဆရာဝန်ဖြစ်တဲ့ သူ့ကို စောင့်နေတာ တွေ့လိုက်ရတယ်။ သူ့ကို တွေ့တွေ့ချင်း လူမမာကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်လိုက် တယ်။
"ခင်ဗျား ဘာလို့ ဒီလောက်ကြာနေတာလဲ ဗျာ။ ကျွန်တော့်သားရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ခင်ဗျား မသိဘူးလား။ ခင်ဗျားမှာ တာဝန်ယူတတ်တဲ့ စိတ်ဓာတ် မရှိဘူးလား"
ဆရာဝန်က ပြုံးလိုက်ရင်း ပြန်ဖြေတယ်။ "ကျွန်တော် တောင်းပန် ပါတယ်ဗျ။ ကျွန်တော် ဆေးရုံမှာ မရှိခဲ့လို့ပါ။ ဖုန်း ရရချင်း မြန်နိုင်သမျှ မြန်အောင် လာခဲ့ပါတယ်။ အခု အကို ခဏလေး စိတ်ငြိမ်ငြိမ် ထားလိုက်ပါနော်။ ကျွန်တော် အတတ်နိုင်ဆုံး ကောင်းအောင် ခွဲစိတ်ပေးပါ့မယ်"
"စိတ်ငြိမ်ငြိမ် ထားရမယ် ဟုတ်လား။ ခင်ဗျားသား ဒီလို ခွဲခန်းထဲမှာ ရောက်နေရင် ခင်ဗျား စိတ်ငြိမ်ငြိမ် ထားနိုင်မှာလား။ တကယ်လို့ ခင်ဗျားသားသာ သေသွားခဲ့ရင် ခင်ဗျား ဘယ်လို လုပ်မလဲ" ဆိုပြီး အဖေ လုပ်သူက စိတ်ဆိုး မာန်ဆိုး နဲ့ ပြန် ပြောတယ်။
ဆရာဝန်က နောက်တကြိမ် ထပ်ပြုံးလိုက်ပြီး "အကို စိတ်ချပါဗျာ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ကုသပေး ပါ့မယ်" လို့ ပြောပြီး ချက်ချင်း ခွဲစိတ်ခန်းထဲကို ဝင်သွားတယ်။
နာရီ အနည်းငယ်လောက် ခွဲစိတ်မှု ပြုလုပ်ပြီးတဲ့ နောက်မှာ ဆရာဝန်က ဝမ်းသာစွာနဲ့ ခွဲစိတ်ခန်းထဲက ပြန်ထွက်လာ သတဲ့။ "ဘုရားရဲ့ ကျေးဇူးပါပဲဗျာ အကို့သားလေးရဲ့ ခွဲစိတ်မှု အောင်မြင်ပါတယ်" ဆိုပြီး
ပြောပြောဆိုဆိုနဲ့ ကောင်လေး အဖေရဲ့ ပြန်ဖြေမှုကို တောင် မစောင့်တော့ပဲ "ခင်ဗျား တခုခု မေးစရာရှိရင် သူနာပြုဆရာမကြီး တွေကို မေးနိုင်ပါတယ်ဗျာ" လို့ အော်ပြီး ကမန်းကတန်းနဲ့ ပြေးထွက်သွားတယ်။
ဖခင်ဖြစ်သူလည်း "ဒီဆရာဝန် ဘာတွေ ဒီလောက် မောက်မာနေလဲ မသိဘူး။ ငါ့သား အခြေ အနေလေးကို မေးဖို့ မိနစ်ပိုင်း လေးတောင် မစောင့်နိုင်ဘူး" လို့ တွေးပြီး မေးမြန်းဖို့ သူနာပြု ဆရာမကို သွားတွေ့တယ်။
သူနာပြု ဆရာမက မျက်ရည်တွေ စီးကျရင်းနဲ့ ပြန်ဖြေလိုက်တာ ကတော့ "ဒေါက်တာ့သားလေးက မနေ့တုန်းက ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားတာပါ။
ဒေါက်တာ အသုဘ အခမ်းအနားမှာ ရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ် ခွဲစိတ်မှု ရှိတာကြောင့် ကျွန်မတို့ ဖုန်းဆက်ပြီး ခေါ်လိုက်တာပါ။ အခု ရှင့်သားရဲ့ အသက်ကို ကယ်ပြီး သူ့သားလေးရဲ့ အသုဘ အခမ်းအနား ပြီးဆုံးချိန်အမီ ပြန်ပြေးသွား တာပါ" တဲ့။
ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့။ ဘာလို့လဲဆိုတော့ "သူတို့ ဘယ်လို ဘဝမျိုးကို ကြုံတွေ့ နေရတယ်" ဆိုတာ သင် မသိနိုင်လို့ပါ။ Crd
0 Comments