တခါက ရွာတရွာမှာ ကြက်ဖကြီးတကောင် ရှိတယ်။ ကြက်ဖကြီးဟာ မနက်စောစောထပြီး တွန်သံပေးရတဲ့ သူ့ရဲ့ တာဝန်ကို သူ ကျေပွန်ပါတယ်။
တနေ့မှာတော့ ကြက်ဖကြီးက သစ်ပင် ထိပ်ဖျားမှာ နားနေတုန်းမှာ မြေခွေးတကောင်ဟာ အပင်အောက်ကို ရောက်လာခဲ့ပါတယ်။ မြေခွေးက ကြက်ဖကြီးကို မြင်လိုက်တဲ့အခါ ကြက်ဖကြီးကို စားဖို့ ကြံပါတော့တယ်။
အဲဒါကြောင့် မြေခွေးဟာ ချိုသာတဲ့ အသံနဲ့ ကြက်ဖကြီးကို စကားပြော ပါတော့တယ်။
"အဆွေကြက်ဖကြီး၊ မင်းဆီကို ကောင်းကင်ဘုံက သတင်းတခု လာပြောပြတာပါ။ ငှက်တွေ အားလုံးနဲ့ တိရိစ္ဆာန်တွေဟာ မိတ်ဆွေဖြစ်ပြီး ငြိမ်းချမ်းစွာ အတူ နေထိုင်ကြရမယ်တဲ့" လို့ မြေခွေးက ပြောလိုက်ပါတယ်။
ထိုအခါ ကြက်ဖကြီးကလည်း ပြန်မေးပါတယ်။
"အဲဒါ တကယ်ပဲလား"
"ဟုတ်တာပေါ့ တကယ်ပြောတာပါ။ အဲဒါ မှန်မမှန် သိချင်ရင် မင်းအောက်ကို ဆင်းလာခဲ့ပါလား" လို့ မြေခွေးက ထပ်ပြော ပြန်တယ်။
အဲဒီမှာ ကြက်ဖကြီးက ဉာဏ်ရှိစွာနဲ့ "ကောင်းပြီလေ၊ အဲဒါဆို ခဏတော့ စောင့်နိုင်တယ် မဟုတ်လား။ တခြား သူငယ်ချင်းတွေလည်း ထပ်လာကြလိမ့်မယ်" လို့ ပြန်ဖြေလိုက် ပါတယ်။
အဲဒီအခါ မြေခွေးဟာ အံ့အားသင့် သွားပါတယ်။
"ဟုတ်လား၊ ဘယ်သူတွေ လာကြအုံးမှာတုန်း"
"အမဲလိုက်ခွေးတွေ လာနေတာ ငါမြင်နေရတာ။ သူတို့ကို ခဏလောက် စောင့်လိုက်ပါအုံး" လို့ ကြက်ဖကြီးက ပြန်ဖြေလိုက် ပါတယ်။
အမဲလိုက်ခွေးလို့လည်း ကြားရော မြေခွေးက လန့်သွားပါတော့တယ်။ ပြီးတော့ ကြက်ဖကြီးရှိတဲ့ အပင်အောက်ကနေ ထွက်ပြေး သွားပါတော့တယ်။
ကြက်ဖကြီးက အော်မေးလိုက် ပါသေးတယ်။
"ဟ ဘာလို့ ထွက်ပြေးသွားတာတုန်း၊ အမဲလိုက်ခွေးတွေနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးလား" လို့ မေးလိုက်တယ်။
ထိုအခါ မြေခွေးက "အဲဒါကို မေ့လိုက်တော့" လို့ ဖြေပြီး ထိုနေရာကနေ အလျင်အမြန် ပြေးထွက်သွား ပါတော့တယ်။ ဉာဏ်ကောင်းတဲ့ ကြက်ဖကြီးကတော့ မြေခွေးစားမယ့် ဘေးကနေ လွတ်မြောက် သွားပါတော့တယ်။
ဒီပုံပြင်လေးက ဉာဏ်ရှိတဲ့အတွက် အသက်ဘေးက လွတ်မြောက်သွားတဲ့ ကြက်ဖကြီးကို နမူနာ ပြထားပြီး ဉာဏ်ပညာရှိခြင်းက မရိုးသား၊ ကောက်ကျစ်စဉ်းလဲ သူတွေကိုတောင် ကျော်လွှားနိုင်ကြောင်း သင်ခန်းစာ ပေးထားပါတယ်။
လူတယောက်မှာလည်း ဉာဏ်ပညာရှိခြင်းက ဘဝတခုလုံးကို မကောင်းတဲ့သူတွေ၊ ကိုယ့်ကို ဖျက်ဆီးမယ့် သူတွေရဲ့ ဘေးကနေ ကယ်ဆယ်ပေးနိုင်ကြောင်း သင်ခန်းစာ ပေးထားပါတယ်။ ဉာဏ်ပညာရှိခြင်းက ဘဝတခုလုံးမှာ အရေးကြီးပါတယ်။ crd
0 Comments