တနေ့မှာ လယ်သမားကြီးဟာ ကြက်ဖလေး တကောင်ကို ဈေးထဲက ဝယ်လာ ပြန်တယ်။ အဲဒီနောက် ကြက်ဖလေးကို သူ့ရဲ့ ကြက်ခြံထဲမှာ လွှတ်ပေးလိုက်တယ်။
ကြက်ဖလေး ခြံထဲကို ဝင်ဝင်ချင်းမှာပဲ ကြက်မတွေ အလယ်ကောင်မှာ အခန့်သား နေနေတဲ့ ကြက်ဖအိုကြီး တကောင်ကို တွေ့လိုက်တယ်။
ကြက်ဖအိုကြီးက "ဟေ့ကောင်လေး ကြိုဆိုပါတယ်" လို့ နှုတ်ဆက်လိုက်တယ်။ ဒါပေမယ့်လည်း အိုမင်းနေပြီ ဖြစ်တဲ့ ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန်သလို နေလိုက်တယ်။
ခြံထဲမှာ ရှိတဲ့ ကြက်မတွေကို သူလိုက်ပြီး အကဲခတ် နေတုန်းမှာပဲ ကြက်ဖကြီးက ဒီလိုပြောတယ်။ "ကောင်လေး ဒီခြံထဲမှာ ကြက်မ (၂၇) ကောင် တိတိ ရှိတယ်။ ငါက အိုလာတော့ သူတို့ ဥဥ နှုန်း ကျလာတယ်။
ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ် ဝယ်လိုက်တာပဲ။ ငါ့ကို ငဲ့ညှာတဲ့ အနေနဲ့ ကြက်မ (၂၆) ကောင်ကို မင်းယူပြီး ငါ့အတွက် ကြက်မလေး (၁) ကောင် လောက်တော့ ချန်ထားပေးပါကွာ။ ဒီတခုတော့ တောင်းဆိုပါရစေ"
အဲဒီလို ကြက်ဖကြီး ပြောတဲ့အခါ ကြက်ဖပျိုလေးက မျက်ခုံးတဖက်ကို ပင့်လိုက်တယ်။ တဟင်းဟင်းနဲ့ ရယ်မော ပြန်တယ်။ ပြီးတော့ ဒီလို ပြန်ပြောလိုက်တယ်။ "ဘဲရီး ခင်ဗျား အသက်ကြီးပြီ။ နားလိုက်တော့။ ဒီစော်တွေ အကုန် ကျုပ်ပိုင်တယ်။ ခင်ဗျားတကောင်တောင် မရဘူးမှတ်"
အဲဒီလို ကြက်ဖပျိုလေးရဲ့ စကားကို ကြားတဲ့အခါ ကြက်ဖကြီးက ဒီလို ပြန်ပြောတယ်။ "အေးပေါ့လေ မင်းက တက်လူ အဲလေ တက်ကြက်၊ ငါက ကျကြက်ကိုကွ။
ဒါပေမယ့် ဒီအတိုင်း ဆုံးဖြတ်မယ့် အစား၊ မင်းနဲ့ငါ ကြက်ခြံတပါတ် အပြေးပြိုင်ပြီး နိုင်တဲ့သူက ကြက်မတွေ အကုန် ယူကြေး သတ်မှတ်လိုက်ရင် မကောင်းဘူးလား။ အေး မင်း ဇရှိရင်တော့ ငါ့ကို တပေ၊ နှစ်ပေလောက် အကျောပေးပေါ့ကွာ။ ငါက ကြက်အိုကြီးကိုး"
အဲဒီလို ကြက်ဖကြီးရဲ့ စိန်ခေါ်စကားကို ကြားတဲ့ အခါ ကြက်ဖပျို လေးက "တပေနှစ်ပေတင် မကဘူး အဘိုးကြီး ခင်ဗျားကို သုံးပေတိတိ အကျောပေးတယ်" လို့ ပြောပြီး စိန်ခေါ်တာကို လက်ခံလိုက်တယ်။
အဲဒီလိုနဲ့ ကြက်အိုကြီးနဲ့ ကြက်ဖပျို ကြက်ဖနှစ်ကောင်ဟာ အပြေးပြိုင်ဖို့ နေရာ ယူကြတယ်။ ကြက်ဖကြီးက သုံးပေလောက်အကွာ ရှေ့မှာ နေရာယူတယ်။ ကြက်ဖလေးကတော့ နောက်မှာ နေရာယူပြီး စပြေးကြတယ်။
သူတို့ရဲ့ အပြေးပြိုင်ပွဲကို ခြံမှာရှိတဲ့ ကြက်မတွေကလည်း "ကတော် ကတော်" သံတွေ ဆူညံနေအောင် အားပေးကြတယ်။ ကြက်ဖကြီးကို အားပေးကြတဲ့ ကြက်မတွေထက် သန်မာ ဖျတ်လတ်တဲ့ ကြက်ဖပျိုလေးကို အားပေးတဲ့ ကြက်မတွေ ပိုများနေပြန်တယ်။
ကြက်ဖကြီးက ရှေ့က ဦးဆောင် ပြေးတယ်။ ကြက်ဖလေးက နောက်က လိုက်တယ်။ ကြက်ဖကြီးက ခေါင်းကို ရှေ့ကို အစွမ်းကုန် ဆန့်ပြီး ပြေးတယ်။
ကြက်ဖလေးကလည်း အားကျမခံ ခေါင်းကို ဆန့်ထုတ်ပြီး ကြက်ဖကြီးနောက်က အမီ လိုက်လာတယ်။ ကြက်ဖကြီးက ကတော်သံ အကျယ်ကြီးနဲ့ ပြေးတယ် ကြက်ဖပျိုကလည်း မာန်ဖီပြီး လိုက်တယ်။
အဲဒီလို ကြက်ဖကြီးက အော်ပြီးပြေး၊ ကြက်ဖပျိုက မာန်ဖီပြီး လိုက်နေတုန်း မှာတင် လယ်သမားကြီးရဲ့ လောက်စာလုံးဟာ ကြက်ဖပျိုရဲ့ ခေါင်းတည့်တည့်ကို ထိပြီး ကြက်ဖလေးဟာ နေရာမှာတင် မာလကီးယား သွားရှာတယ်။
အဲဒီလို လေးခွစာမိပြီး သေသွားတဲ့ ကြက်ဖလေးကို လာပြီး ကောက်ယူရင် လယ်သမားကြီးက ဒီလို ပြောလိုက်တယ်။
"တောက် အထီးအချင်းချင်း လိုက်နေတဲ့ ဒီလိုမျိုး ကြက်တွေ ဝယ်မိတာ ဒီတကောင်နဲ့ဆို (၆) ကောင် ရှိပြီ။ ဒီနေ့ညနေလည်းကြက်သားဟင်းပဲ စားရတော့မှာပဲ" တဲ့။ အနေအထားခြင်း တူရင်တောင် အတွေ့အကြုံက စကားပြောပါတယ်။ Crd
0 Comments