တကယ့်မိတ်ဆွေစစ်

တညနေခင်းမှာ ဆိတ်ကလေး တကောင်ဟာ တောင်ကုန်းတခုပေါ်မှာ ပြေးလွှား ဆော့ကစားနေ ပါတယ်။ ဝံပုလွေ တကောင်ဟာ ချုံတောထဲကနေ ခုန်ထွက်လာပြီးတော့ ဆိတ်ကလေးကို ကိုက်စားဖို့ ခုန်အုပ် တိုက်ခိုက်လိုက် ပါတယ်။

ဆိတ်ကလေးဟာ ကြောက်ကြောက်လှန့်လှန့် ပြေးလွှားရင်း အော်ဟစ်အကူအညီ တောင်းပါတော့တယ်။ တောထဲက နွား ထွက်လာပါတယ်။ ဒါပေမယ့် ဝံပုလွေကို တွေ့တော့ ထွက်ပြေးသွားပါတယ်။

ကုန်းပေါ်မှာ ရှိတဲ့ မြင်းကလည်း တချက် လှမ်းကြည့်လိုက်တယ်။ ဝံပုလွေမှန်း သိလိုက်တာနဲ့ တန်းပြီး ရှောင်ထွက်သွားတယ်။

တောဝက်က လမ်းကြုံလို့ တွေ့လိုက်တယ်။ ချက်ချင်းပဲ ကုန်းအောက်ကို ပြေးဆင်းသွားတယ်။ ယုန်လည်း အော်သံကြားလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ အသားကုန် ဝေးရာကို ထွက်ပြေးသွားတယ်။

ဒါပေမယ့် ကုန်းအောက်မှာ ရှိတဲ့ ခွေးက ကယ်ကြပါအုံး ဆိုတဲ့ အသံကို ကြားတာနဲ့ ကုန်းပေါ်ကို ပြေးတက်လာပြီး ဝံပုလွေရဲ့ လည်ချောင်းကို အသားကုန် ခုန်ကိုက်လိုက်တယ်။

ဝံပုလွေ ထွက်ပြေးသွားပါတယ်။ ဆိတ်ကလေး အကယ်ခံလိုက်ရတယ်။ ဆိတ်ကလေး အိမ်ပြန်ရောက်သွားတယ်။ သတင်းကြားတော့ ဆိတ်ကလေးအိမ်မှာ မေးကြ မြန်းကြနဲ့ စည်ကားနေပါတယ်။

နွားက "ငါ့ကိုဘာလို့ မပြောပြတာလဲ၊ ငါ့ဂျိုနဲ့ ခတ်လိုက်ရင် ဒီဝံပုလွေ အူတောင်ပွင့်သွားမှာ" လို့ ပြောတယ်။ မြင်းက ပြောတယ်။ "ငါအနားမှာ မရှိလို့ပေါ့၊ နောက်ချေနဲ့ စုံကန်လိုက်ရင်တော့ ဦးနောက်ပါ ပွင့်သွားမယ်"

တောဝက်က "ငါမရှိလို့ပေါ့၊ ငါ့အစွယ် အကြောင်း ကောင်းကောင်း သိသွားစေရမယ်" လို့ ပြောတယ်။ ယုန်က ပြောတယ်။ "ငါ့ကိုဘာလို့ မပြောတာလဲ။ အနည်းဆုံးတော့ ငါအပြေးမြန်တော့ မင်းကိုကယ်ဖို့ အမြန် သတင်းပို့လို့ ရတာပေါ့" တဲ့။

ဒါ့ပေမယ့် ဆိတ်ကို ကယ်လိုက်တဲ့ ခွေးကတော့ အဲဒီ စကားဝိုင်းထဲမှာ မပါဝင်ပါဘူး။

သင်ခန်းစာ။ ။ ကိုယ့်အနားမှာ နေ့တိုင်း ဝိုင်းရံနေတဲ့ လူများဟာ အခက်အခဲ တကယ်ကြုံတဲ့ အခါကြရင် ကိုယ့်ကို ကူညီတဲ့လူများ ဟုတ်ချင်မှ ဟုတ်မှာပါ။ Crd

Post a Comment

1 Comments

  1. ရောသလမင်းအိမ်မက်16ချက်

    ReplyDelete