မိတ်ဆွေစစ်ရဲ့ မီးပုံလေး

အလီဆိုတဲ့ လူတယောက်ရဲ့ တဦးတည်းသော သမီးလေးဟာ တရက်မှာ အသည်းအသန် နေမကောင်း ဖြစ်တယ်။ အလီမှာ သမီးလေးကို ဆေးကုပေးစရာ ပိုက်ဆံမရှိဘူး။ ဆွေမျိုးတွေ ဆီက ပိုက်ဆံ ချေးပေမယ့် လုံးဝချေးလို့ မရဘူး။ နောက်ဆုံးတော့ သူ့အလုပ်ရှင်ဆီမှာ ငွေသွားချေးတယ်။

အလုပ်ရှင်က သူ့ကို ပြောလိုက်တယ်။ "အလီ၊ မင်း ငါပြောတာကို ဖြစ်အောင် လုပ်နိုင်မယ် ဆိုရင် မင်းချေးတဲ့ ငွေကို ပေးလိုက်မယ်။ ပြန်ဆပ်စရာ မလိုဘူး။ ဒါပေမဲ့ မင်း ဖြစ်အောင် မလုပ်နိုင်ရင်တော့ မင်းငါ့ဆီမှာ လုပ်ခ တပြားမှ မယူဘဲ ၁၀ နှစ် တိတိ အလုပ် လုပ်ပေးရမယ်"

"အရှင်၊ ဘာလုပ်ရမှာလဲ ခင်ဗျ"

"ခက်ခက်ခဲခဲ အလုပ်တော့ မဟုတ်ပါဘူး။ ဒီညကျရင် ဟိုးနားက တောင်ထိပ်ပေါ်မှာ မင်းတယောက်တည်း မနက် မိုးလင်းတဲ့အချိန်ထိ နေရမယ်။ နေနိုင်မလား"

အလီဟာ အလုပ်ရှင်ရဲ့ ထူးဆန်းတဲ့ စိန်ခေါ်မှုကို လက်ခံသင့် မသင့်ကို စဉ်းစားနေတယ်။ ဒါပေမဲ့ သူအချိန်ကြာကြာ မစဉ်းစားပဲ လက်ခံလိုက် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သမီးလေးကို ဆေးကုဖို့ ငွေရဖို့ အရေးကြီးနေသလို သူ့မှာ တခြား ရွေးချယ်စရာလည်း မရှိလို့ပါ။

အလုပ်ရှင်ဆီက ပြန်လာပြီး လမ်းမှာ အခုလို စဉ်းစားမိတယ်။ အခု နေ့လယ်ခင်းမှာတောင် အတော် အေးနေရင် ညပိုင်း တောင်ပေါ်မှာ နှင်းတွေ ထူထူထဲထဲ ကျနေမယ်။ လမိုက်ည ဆိုတော့ ပတ်ဝန်းကျင်တခုလုံး မှောင် ပိန်းနေမယ်။ တစ္ဆေသရဲ တွေလည်း လာခြောက်နိုင်တယ်။

သူဟာ တွေးရင်းတွေးရင်း ကြောက်လာလို့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း အိုင်ဒီရဲ့ အိမ်ကို ဝင်ပြီး အကျိုးအကြောင်း ပြောပြတယ်။အိုင်ဒီက ပထမတော့ အလုပ်ရှင်ရဲ့ ထူးဆန်းတဲ့ စိန်ခေါ်မှုကို လက်ခံလို့ ဆိုပြီး သူ့ကို ဆူပူ အပြစ်တင်တယ်။

နောက်တော့ အလီဟာ သူ့သမီးလေးကို ဆေးကုပေးဖို့ ပိုက်ဆံ မဖြစ်မနေ လိုနေတယ် ဆိုတာကို နားလည်သွားလို့ ဆက်မဆူတော့ဘဲ ခုလို ပြောလိုက်တယ်။

"ကဲပါ အလီရာ၊ သိပ်ပြီးလည်း စိုးရိမ် မနေပါနဲ့။ ငါ မင်းကို ကူညီပါ့မယ်။ မနက်ဖြန်ည မင်းတောင်ပေါ် ရောက်တာနဲ့ အမှောင်ထဲကနေ ရှေ့ကို လှမ်းကြည့်လိုက်ပါ။ မင်းရဲ့ တောင်နဲ့ မဝေးတဲ့ တောင်တလုံးရဲ့ ထိပ်မှာ မီးအလင်းရောင် တခုကို မြင်ရလိမ့်မယ်။ အဲဒါ ငါ ရှို့ထားတဲ့ မီးပုံပါ။

ငါ မီးပုံနားမှာ နေပြီး မင်းကို တညလုံး စောင့်ကြည့်ပေး နေမယ်။ မင်း မီးပုံကို ကြည့်ရင်း မင်းရဲ့ အချစ်ဆုံး သူငယ်ချင်း ငါ့ကို သတိရနေပါ။

ဒါဆိုရင် မင်းမှာ ကြောက်စိတ် လျော့နည်းသွားပြီး သတ္တိရှိလာလို့ မနက် မိုးလင်းတဲ့အထိ နေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ငါ ကူညီပေးတဲ့ အတွက် မင်း ငါ့ကို တခုတော့ ပြန်ပေးရမယ်နော်"

တိုတိုပြောရင် အလီဟာ အဲဒီညမှာပဲ တောင်ထိပ်ပေါ်မှာ တညလုံး နေနိုင်ခဲ့လို့ အလုပ်ရှင်ဆီက သူလိုနေတဲ့ သမီးလေးကို ဆေးကုဖို့ ငွေတွေကို ရလိုက်တယ်။ သူဟာ သူငယ်ချင်း အိုင်ဒီကို ကျေးဇူးတင်လွန်းလို့ သူ့အိမ်ကို သွားပြီး အခုလို ပြောလိုက်တယ်။”

"သူငယ်ချင်းရေ မင်းရဲ့ ကူညီမှုကြောင့် ငါ ကြောက်နေတာကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ။ ဒါနဲ့ ငါ မင်းကို တခု ပြန်ပေးရမယ်ဆိုတာ ဘာလဲ။ ငါ ရလာတဲ့ ငွေတွေထဲက မင်းကို ခွဲပေးမယ်လေ"

"မဟုတ်ဘူး အလီ။ မင်း ပြန်ပေးရမှာ ငွေမဟုတ်ဘူး။ ငါ့ဘဝမှာ လေပြင်းတွေတိုက် အမှောင်ဖုံးတဲ့ နေ့တွေနဲ့ ကြုံရင် မင်း မိတ်ဆွေစစ် ဆိုတဲ့ မီးပုံလေးတခုနဲ့ ငါ့ကို အားပေးကူညီပေးမယ်လို့ ကတိပေးပါကွာ"

မိမိချမ်းသာနေချိန် အနားမှာ ရှိနေသူဟာ မိတ်ဆွေစစ်လို့ ပြောရခက်ပါတယ်။ မိမိ ဒုက္ခရောက်နေချိန်မှာ အားပေးကူညီသူသာ မိတ်ဆွေစစ် ဖြစ်ပါတယ်။ ဗန်းမော်သိန်းဖေ

Post a Comment

0 Comments