ကြိုတင်ပြင်ဆင်ပါ

တခါတုန်းက မြေခွေးတကောင်ဟာ တောအုပ်ထဲမှာ အစာ ရှာဖွေရင်း ရုတ်တရက် တောဝက် တကောင်ကို တွေ့လိုက်ရ ပါတယ်။ တောဝက်ဟာ သူရဲ့ အစွယ်ကြီး နှစ်ခုကို သစ်ပင်ကြီး တပင်ရဲ့ ပင်စည်နဲ့ ပွတ်တိုက်ပြီး သွေးနေတာပါ။

မြေခွေးဟာ မလှမ်းမကမ်းကနေ စိတ်ဝင်တစား ကြည့်နေရင်း ပတ်ဝန်းကျင် ဘေးဘယ်ညာကိုလည်း တချက် ဝိုက်ကြည့် လိုက်ပါတယ်။

ပတ်ဝန်းကျင် ကလည်း တိတ်ဆိတ်လျက် ရှိနေပြီး ဘာအန္တရာယ်မှ မတွေ့မြင်ရတာကြောင့် မြေခွေးဟာ အထူးအဆန်း ဖြစ်လို့ နေပါတယ်။

မြေခွေးဟာ တိတ်တဆိတ် ကြည့်နေရာမှ ဘာကြောင့် အခုလို အစွယ် သွေးနေကြောင်းကို သိလိုစိတ် ကြောင့် တောဝက်ကြီးကို အခုလို မေးလိုက်ပါတယ်။

"အဆွေ တောဝက်ကြီး၊ ပတ်ဝန်းကျင်မှာ ဘာအန္တရာယ် ဘာမုဆိုးမှ မရှိပါဘူး။ သင်ဘာလို့ အပင်ပန်းခံပြီး အစွယ် သွေးနေရတာတုန်း"

ထိုအခါ တောဝက်ကြီးက "အဆွေ မြေခွေးရေ၊ ငါတို့က အန္တရာယ်တွေ များစွာ ရှိနေတဲ့ တောအုပ်ထဲမှာ နေကြရတာလေ။ ဘယ်အချိန် မုဆိုးနဲ့ တွေ့မယ် ဘယ်အချိန် တောကောင်ကြီးနဲ့ တိုးမယ် ဆိုတာ မင်းရော ငါရော မသိကြဘူးလေ။

တကယ့်တကယ် အန္တရာယ်နဲ့ ထိပ်တိုက်တိုးတဲ့ အခါ ကျမှ အစွယ်သွေးနေလို့ မရဘူးလေ။ အခုလိုမျိုး လုပ်နေတာ ကိုလည်း ပင်ပန်းတယ် လို့ သဘောမထား ပါဘူး။

ကိုယ်ကြုံလာမယ့် ဘေးအန္တရာယ်အတွက် အကောင်းဆုံး ပြင်ဆင်ထားတာပါ" လို့ ပြန်ပြောလိုက် ပါတယ်။

ဟုတ်ပါတယ်။ ကြိူတင်ပြင်ဆင်မှု ဆိုတာ လူတိုင်း ပြုလုပ်သင့်တဲ့ အရာတခုပါ။ ကျောင်းသား တယောက်ဟာ စာသင်နှစ် အစကတည်းက စာမေးပွဲ အတွက် ကြိုတင် ပြင်ဆင်ထားပြီး သင်ခန်းစာတွေကို နေ့စဉ် ပုံမှန် လေ့လာထားမယ် ဆိုရင် စာမေးပွဲကို အခက်အခဲ မရှိ လွယ်လွယ် ကူကူ ဖြေဆိုနိင်မှာပါ။

အဲဒီလိုမှ မဟုတ်ဘဲ စာမေးပွဲနီးမှ စာ စကျက်မယ် ဆိုရင်တော့ စိုးရိမ်သောက များနဲ့ စာမေးပွဲ ဖြေဆိုတဲ့အခါ အခက်အခဲများစွာ ကြုံတွေ့နိုင် ပါတယ်။

အဲ့ဒါကြောင့် ဘာပဲ လုပ်လုပ် အဆိုးဆုံးကို မျှော်လင့်ထားပြီး အကောင်းဆုံး ပြင်ဆင်ထားမယ် ဆိုရင် ရလဒ်ကောင်းတွေကို မလွဲမသေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။ အရာရာကို ကြိုတင်ပြင်ဆင်ပြီး ရလဒ်ကောင်းတွေ ဖန်တီးပါ။ Crd

Post a Comment

0 Comments