မပြည့်စုံတာလား လောဘလား

တခါက အမြို့မြို့ အနယ်နယ်ကို လှည့်လည်ပြီး တရားကျင့်ကြံ နေထိုင်တဲ့ သူတော်စင် ရသေ့တပါး ရှိပါသတဲ့။ ရသေ့ကြီးဟာ အနယ်နယ် အရပ်ရပ်ကို လှည့်လည်ပြီး ရောက်လေရာ အရပ်မှာရှိကြတဲ့ သတ္တဝါ မှန်သမျှကို မေတ္တာပို့သ တရားဓမ္မ ဟောပြလေ့ ရှိတယ်။ တနေ့တော့ ရသေ့ကြီးဟာ အင်မတန် ခမ်းနားလွန်းတဲ့ မင်းနေပြည်တော်တခုကို ရောက်ရှိသွားတယ်။

ရသေ့ကြီးဟာ မင်းနေပြည်တော်ရဲ့ ကျယ်ဝန်းလှပပြီး သစ်ပင်၊ ပန်းပင်တွေနဲ့ အလှဆင်ထားပြီး ကျောက်သလင်းတွေ အပြည့် ခင်းထားတဲ့ လမ်းပေါ်မှာ လျှောက်လှမ်းတယ်။ အဲဒီလို လျှောက်လှမ်းတဲ့အခါ ရသေ့ကြီးရဲ့ တောင်ဝှေးနဲ့ ကျောက်သလင်းလမ်းတို့ ထိတွေ့တဲ့အခါ "တောက် တောက်" ဆိုတဲ့ အသံ ထွက်ပေါ် လာတယ်။ အဲဒီလို တတောက်တောက် မြည်သံနဲ့ အတူ ရသေ့ကြီးဟာ စည်းချက်ညီစွာနဲ့ပဲ တလမ်းပြီး တလမ်း လှည့်လည် သွားလာတယ်။ အဲဒီလို လျှောက်လမ်းနေရင်း လမ်းတကွေ့ အရောက်မှာတော့ ရသေ့ကြီးဟာ တုံ့ခနဲ ရပ်လိုက်တယ်။

အဲဒီနောက်မှာတော့ လမ်းပေါ်မှာ ကျနေတဲ့ ဒင်္ဂါးပြား တပြားကို ကုန်းပြီး ကောက်လိုက်တယ်။ ရသေ့ကြီးဟာ ဒင်္ဂါးကို လက်ဖဝါးနဲ့ ပွတ်သတ်လိုက်ပြီး သူ့ရဲ့ ခါးမှာ လိမ်ကျစ်ပြီး သိမ်းထားလိုက်တယ်။ အဲဒီနောက်မှာတော့ ရသေ့ကြီးဟာ ဆက်လက်ပြီး ထွက်ခွာလာတယ်။ အဲဒီလို ဆက်လက် ထွက်ခွာလာရင်းက ရသေ့ကြီးက ဒီလိုတွေးတယ်။ "အင်း ဒီဒင်္ဂါးပြားကို မပြည့်စုံသူကို ငါပြန်ပြီး ပေးကမ်းစွန့်ကြဲ ရမယ်။ ငါလို ရသေ့အတွက်တော့ ငွေကြေးဥစ္စာဟာ အလကားပါပဲ။ လမ်းတလျှောက် မပြည့်စုံသူကို ငါရှာဖွေမယ်"

အဲဒီလိုနဲ့ ရသေ့ကြီးဟာ မင်းနေပြည်တော်ရဲ့ စည်ကားများပြားလှတဲ့ လူတွေကြားထဲကို တိုးဝှေ့ပြီး မပြည့်စုံသူကို လိုက်လံရှာဖွေတယ်။ ဒါပေမယ့်လည်း ချမ်းသာကြွယ်ဝတဲ့ မြို့သူမြို့သားတွေ အဖို့တော့ ရသေ့ကြီးရဲ့ ဒင်္ဂါးဟာ လမ်းဘေးမှာ စွန့်ပစ်ထားရင်တောင် ကောက်မှာ မဟုတ်ဘူးလို့ ရသေ့ကြီး သဘောပေါက် လာတယ်။

လူမှန်သမျှဟာ ခမ်းနားသိုက်မြိုက်စွာ ဝတ်စားပြီး ပြုံးပျော်နေကြတာချည်း ဖြစ်တယ်။ အစားအသောက် အလျှံပယ်နဲ့ ပျော်ရွှင်နေကြတဲ့ မိသားစုတွေချည်း ဖြစ်နေကြ ပြန်တယ်။ အင်မတန်ကို ချမ်းသာကြွယ်ဝတဲ့ မင်းနေပြည်တော်ပဲ ဖြစ်တယ်။ "ဒီလူတွေဟာ သူတို့ရဲ့ဘဝကို သူတို့ ကျေနပ်ပျော်ရွှင်နေကြတာပဲ။ သူတို့ဟာ လိုအပ်နေသူတွေ မဟုတ်ကြဘူး။ ပြည့်စုံပြီးသူတွေဟာဖြစ်တယ်။ မပြည့်စုံသူတော့ ရှိဦးမှာပါလေ"

အဲဒီလိုနဲ့ ရသေ့ကြီးဟာ မပြည့်စုံသူကို ရှာဖွေပြန်တယ်။ အဲဒီအချိန်မှာဘဲ ဘုရင့်တပ်မတော်ကြီးဟာ ဆင်း၊ မြင်း၊ ရထား၊ သူရဲ၊ သူခက် စုံလင်စွာနဲ့ပဲ ရသေ့ကြီးရဲ့ မျက်နှာချင်းဆိုင် အရပ်ကနေ ချီတက်လာတယ်။ ဘုရင်မင်းမြတ် ကိုယ်တော်တိုင်ဟာလည်း တိုက်ဆင် တစီးပေါ်မှာ စီးနင်းလိုက်ပါပြီး ချီတက်လာတယ်။ ဘုရင့်တပ်တော် ချီတက်လာတာကို မြင်တာနဲ့ တပြိုင်နက် လမ်းပေါ်မှာရှိတဲ့ လူသူလေးပါးဟာ လမ်းဘေးကို အသီးသီးကပ်ပြီး ဒူးထောက်လိုက်ကြတယ်။

အဲဒီလိုနဲ့ ဘုရင်ကြီးရဲ့ တပ်တော်ကြီးနဲ့ ရသေ့ကြီးတို့ဟာ မြို့လမ်းတနေရာမှာ မျက်နှာချင်းဆိုင် ဆုံမိကြတယ်။ အဲဒီလို ဘုရင့်တပ်တော်ကို ဂရုမထားဘဲ တရွေ့ရွေ့ လျှောက်လှမ်းလာတဲ့ ရသေ့ကြိးကို မြင်တဲ့အခါ ဘုရင်ကြီးက ဒီလိုပြောတယ်။ "မောင်မင်းတို့ ငါကိုယ်တော် စစ်ထွက်မဲ့ဆဲဆဲမှာ ဒီလို သူတော်စင်တပါးနဲ့ လမ်းမှာတွေ့ဆုံရတာ နိမိတ်ကောင်းပေပဲ။ ဒီသူတော်စင် ရသေ့ကြီးကို ငါကိုယ်တော်နဲ့ တပ်တော်အတွက် ဆုမွန်ကောင်း တောင်းရမယ်"

အဲဒီလိုနဲ့ ဘုရင်ကြီးဟာ ဆင်ပေါ်ကနေ ဆင်းပြီး ရသေ့ကြီးဆီကို လျှောက်လှမ်းလာတယ်။ အဲဒီနောက်မှာတော့ ဘရင်ကြီးဟာ ရသေ့ကြီးကို လျှောက်တင်တယ်။ "ရှင်ရသေ့ ငါကိုယ်တော်နဲ့ တပ်တော်ကြီးဟာ အတိုင်းတိုင်း အပြည်ပြည်ကို သိမ်းပိုက်ဖို့ စစ်ချီလာခြင်း ဖြစ်တယ်။ ငါကိုယ်တော်ရဲ့ ဘုန်းတံခိုးကို ဇမ္ဗူဒိတ်မြေပြင်ပေါ် ဖြန့်ကျက်ဖို့ စစ်ချီလာခြင်း ဖြစ်တယ်။ အဲဒီအတွက် ရသေ့ကြီး ငါကိုယ်တော်နဲ့ တပ်တော်ကို ဆုမွန်ကောင်းများ တောင်းပေးပါလော့"

အဲဒီလို ဘုရင်ကြီးရဲ့ စကားကို ကြားတဲ့အခါ ရသေ့ကြီးဟာ အင်မတန် ဝမ်းမြောက်သွားတယ်။ အဲဒီနောက် သူဟာ ခါးထဲမှာ လိမ်ပြီး သိမ်းဆည်းထားတဲ့ ဒင်္ဂါးပြားကို ထုတ်ယူလိုက်တယ်။ အဲဒီနောက်မှာတော့ ဘုရင်ကြီးရဲ့ လက်ထဲကို ဒင်္ဂါးပြား ထည့်ပေးလိုက်တယ်။ အဲဒီလို ရသေ့ကြီးရဲ့ ဆန်းကြယ်လှတဲ့ အပြုအမူကို တွေ့တဲ့အခါ ဘုရင်က ပြောပြန်တယ်။ "ရှင်ရသေ့ ဒီဒင်္ဂါးဟာ စစ်ထွက်တဲ့အခါ ဆောင်ထားဖို့ အဆောင်ပဲ ဖြစ်ရမယ်။ ဘယ်လို နံသာမျိုးနဲ့ လိမ်းကျံပြီး ဆောင်ကျဉ်းထားရမလဲ ဆိုတာ မိန့်တော်မူပါဘုရား"

အဲဒီလို ဘုရင်ကြီးရဲ့ အမေးစကားကို ကြားတဲ့အခါ ရသေ့ကြီးက ပြောတယ်။ "မင်းမြတ် ဒီဒင်္ဂါးဟာ အဆောင်လက်ဖွဲ့ မဟုတ်ပေဘူး။ လမ်းဘေးက ကောက်ရတဲ့ ဒင်္ဂါးပြားသာလျင် ဖြစ်တယ်။ အဲဒီဒင်္ဂါးပြားကို မပြည့်စုံသူ တစုံတယောက်ကို စွန့်ကြဲဖို့အတွက် မင်းကြီးရဲ့ မြို့တော်ကြီး လမ်းတလျှောက်မှာ ကိုယ်တော် ရှာဖွေခဲ့တယ်။ ဒါပေမယ့်လည်း မင်းကြီးရဲ့ တိုင်းသူပြည်သားတွေဟာ ပြည့်စုံပြီးသူတွေချည်း ဖြစ်နေကြတယ်။ သူတို့ ထပ်ပြီးမလိုချင် ကြတော့ဘူး။ သူတို့ ပိုင်ဆိုင်ထားသမျှနဲ့ ပျော်ရွှင်နေကြသူချည်းဖြစ်တယ်။

အခု မင်းကြီးကျတော့ ပိုင်ဆိုင်ထားတဲ့ တိုင်းနိုင်ငံ၊ စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံမှု မရှိသေးဘူး။ နောက်ထပ်သော တိုင်းနိုင်ငံတွေ၊ ဥစ္စာဓနတွေ အတွက် စစ်ခင်းဦးမယ်။ အဲဒီတော့ မင်းကြီးဟာ မပြည့်စုံသူ ဖြစ်တယ်။ လိုအပ်နေသူ ဖြစ်တယ်။ ဒါကြောင့် ကိုယ် တော်ဟာ ဒီဒင်္ဂါးကို မင်းကြီးကို ပေးလိုက်တာပဲ" အဲဒီလို ရသေ့ကြီးရဲ့ စကားကို ကြားတဲ့အခါ ဘုရင်မင်းကြီးဟာ တွေဝေငေးမှိုင်သွားတယ်။ သူ့လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ ဒင်္ဂါးကို သေချာစွာ ကြည့်ရှုတယ်။ သူဟာ အတန်ကြာအောင် ဆွံ့အ နှုတ်ဆိတ်နေပြန်တယ်။ "မပြည့်စုံခြင်းလား၊ အလိုလောဘလား" ဆိုတဲ့ အတွေးတွေဟာ ဘုရင်ကြီးရဲ့ ဦးနှောက်ထဲမှာ ပြည့်လျှံလာတယ်။

အဲဒီနောက်မှာတော့ ဘုရင်ကြီးရဲ့ မျက်နှာဟာ တစုံတရာသော အေးချမ်းခြင်းနဲ့အတူ ဝင်းလက်လာတယ်။ အဲဒီနောက်မှာတော့ သူဟာ ရသေ့ကြီးရဲ့ ခြေအစုံကို ဦးခိုက်ရင်း ပြောလိုက်တယ်။ "ရှင်ရသေ့ အရှင်ရသေ့ဟာ များစွာသော ပြည်ထောင်တွေထက် ပိုပြီး အဖိုးထိုက်တန်တဲ့ ဒင်္ဂါးတပြားကို တပည့်တော်ကို စွန့်ကြဲလိုက်တာပါပဲ ဘုရား။ အရှင်ဘုရားရဲ့ ဒင်္ဂါးပြားဟာ တပည့်တော်ကို ပြည့်စုံတဲ့ ဘဝတခုကို ပေးလိုက်ပါပြီ ဘုရား။ တပည့်တော်ရဲ့ မပြည့်စုံခြင်းရဲ့ အကြောင်းတရားကို ကောင်းကောင်းကြီး နားလည်ခဲ့ပါပြီဘုရား"

အဲဒီနောက်မှာတော့ ဘုရင်ကြီးနဲ့ သူ့ရဲ့ စစ်တပ်ကြီးဟာ လာရာလမ်းအတိုင်း တရွေ့ရွေ့နဲ့ ပြန်လည် ထွက်ခွာသွားကြတယ်။ ဘုရင်ကြီးထွက်ခွာသွားပြီး မကြာခင်မှာပဲ ရသေ့ကြီးရဲ့ တောင်ဝှေးသံ တတောက်တောက် ဟာလည်း ပြန်လည် ထွက်ပေါ်လာခဲ့တော့တယ်။ ရသေ့ရဲ့ ဒင်္ဂါးစေ့နဲ့ တူတဲ့ မိမိကိုယ်ကို ဆင်ခြင်ခြင်းကို ဆုတ်ကိုင်လို့ အေးချမ်းပျော်ရွှင်ခြင်းကို ရှာဖွေနိုင်ကြပါစေ။ Crd

Post a Comment

0 Comments