အိမ်မွေးတိရစ္ဆာန်လေးတွေက လူသားတွေအပေါ်မှာ သစ္စာရှိပြီး ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့ကလေးလေးတွေပါပဲ။ သူတို့နဲ့ နေ့စဉ်ထိတွေ့ရတဲ့အခါမှာ စိတ်ဖိစီးမှုတွေ လျော့ကျလာပါတယ်။
လေ့လာချက်တစ်ခုအရ ရုံးမှာ ခွေးလေးတွေ၊ ကြောင်လေးတွေရှိတဲ့အခါ ဝန်ထမ်းတွေက အလုပ်ခွင်မှာ ပျော်ပြီး အလုပ်တွေ ပိုမိုပြီးမြောက်လာတယ်လို့ဆိုပါတယ်။
၁။ ခွေးလေးတွေ၊ ကြောင်လေးတွေက စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
စိတ်ဖိစီးမှုများတဲ့ပတ်ဝန်းကျင်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေ ရှိတဲ့အခါ စိတ်ဖိစီးမှုတွေက သိသိသာသာ လျော့ပါးလာပါတယ်။
အချို့သောရုံးတွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို မွေးခွင့်ပြုသလို အိမ်ကနေ ခေါ်လာခွင့်လည်း ပြုပါတယ်။ ဝန်ထမ်းတွေမှာ စိတ်ဖိစီးမှုနည်းတဲ့အခါ အလုပ်အတွက်လည်း ပိုပြီး အကျိုးရှိလာစေပါတယ်။
ရုံးမှာ နားတဲ့အချိန် ခွေးလေးတွေနဲ့ လမ်းလျှောက်တာ၊ ဆော့ကစားတာ၊ အစာကျွေးတာ စတဲ့နည်းလမ်းတွေ ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်မှာ အချစ်ဟော်မုန်းလို့ခေါ်တဲ့ အောက်ဆီတိုစင်ဟော်မုန်းထွက်လာပါတယ်။ အဲဒီဟော်မုန်းက လူကို ပိုမိုပျော်ရွှင်လာစေပါတယ်။
၂။ အလုပ်ကို ပိုမိုပြီးမြောက်စေခြင်း
သေးငယ်တယ်လို့ ထင်ရတဲ့အပြုအမူတချို့က လူရဲ့စိတ်ကို ပြောင်းလဲစေနိုင်ပါတယ်။ ရုံးမှာ အလုပ်လုပ်ပြီး ပျင်းရိငြီးငွေ့လာတဲ့အခါမှာ ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ ကစားပြီး အနားယူလိုက်ပါ။
ကစားပြီး အလုပ်ပြန်လုပ်တဲ့အခါ စိတ်ကြည်ပြီး တီထွင်ဖန်တီးနိုင်မှုတွေ မြင့်တက်လာပါတယ်။
၃။ ရုံးက ဝန်ထမ်းအချင်းချင်းရဲ့ ဆက်ဆံရေးကို ကောင်းမွန်စေခြင်း
ရုံးမှာ ခွေးလေးကို အစာအတူတူကျွေးရင်းနဲ့ ဝန်ထမ်းအချင်းချင်း ပိုမိုရင်းနှီးမှုရစေပါတယ်။ အနီးအနားမှာ ခွေးရှိနေတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံရတာခက်ခဲတယ်လို့ မထင်ရစေတော့ပါဘူး။
ဒါ့အပြင် ရုံးကို လာတဲ့ဖောက်သည်တွေဟာ ခွေးချစ်တတ်သူ၊ ကြောင်ချစ်တတ်သူတွေဖြစ်နေတဲ့အခါ ဖောက်သည်တွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာပါ။
၄။ နေမကောင်းပြီး ခွင့်ယူတာတွေနည်းလာခြင်း
ရုံးမှာ အိမ်မွေးတိရစ္ဆာန်တွေ မွေးထားတာက ကိုလက်စထရောကို နည်းပါးစေပြီးတော့ စိတ်ဓာတ်ကျတာလည်း လျော့နည်းစေပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေတာကြောင့် အမြဲတမ်းမထိုင်နေဖြစ်တော့ဘဲ လှုပ်လှုပ်ရှားရှား နေမိသွားပါတယ်။
အချိန်အကြာကြီး အထိုင်များတဲ့သူတွေအတွက် ရုံးမှာ ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ ဆော့ခြင်းက ပိုမိုကျန်းမာလာစေပါတယ်။
၅။ ငွေတွေ ပိုစုမိလာခြင်း
ခွေးတွေ၊ ကြောင်တွေ၊ အနားမှာရှိနေတဲ့အခါမှာ အိမ်မှာရှိနေသလို ခံစားမိစေရုံက အပိုသုံးမိမယ့်အရာတွေကိုလည်း စုမိလာပါတယ်။ ကျန်းမာရေးလည်း ကောင်းလာတာကြောင့် ကျန်းမာရေးအတွက် ကုန်မယ့်ငွေတွေလည်း သက်သာသွားပါတယ်။
၆။ အလုပ်ခွင်မှာ ပိုမိုပျော်ရွှင်လာခြင်း
အလုပ်လုပ်တဲ့နေရာမှာ ခွေး၊ ကြောင်၊ ဟမ်းစတားလေးတွေ ရှိနေရင် သူတို့ရဲ့ချစ်စရာအပြုအမူတွေကြောင့် ပျော်ရွှင်မှုတွေ တိုးလာပါတယ်။
ရုံးကို ကြောင်လေးတွေ ခေါ်လာလို့ ရတာကြောင့် သူတို့ကို လွမ်းနေစရာလည်း မလိုအပ်တော့ပါဘူး။ ခွေးလေးတွေ၊ ကြောင်လေးတွေကလည်း သခင်နဲ့ အမြဲတမ်းတွေ့နေရတာကြောင့် သူတို့အတွက်လည်း စိတ်ဖိစီးမှုနည်းလာပါတယ်။
ရုံးကို ခွေးလေးတွေ၊ ကြောင်လေးတွေ ခေါ်လာတော့မယ်ဆိုရင် အဓိကအရေးအကြီးဆုံးကတော့ သန့်ရှင်းမှုနဲ့ ကောင်းမွန်တဲ့နေထိုင်မှုပုံစံပါ။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်လေးတွေကို မချစ်တတ်တဲ့ အခြားသောဝန်ထမ်းတွေအတွက်လည်း အနှောင့်အယှက်မဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။
Zombie (lovemedia)
0 Comments