တခါတုန်းက အမျိုးသမီး တယောက်ဟာ ဉာဏ်လည်း ကောင်းတယ်၊ ပညာလည်း တော်တော် တတ်တယ်။ အကျဉ်း ပြောရရင်သူ့မှာ အိမ်ထောင် နှစ်ဆက် ရှိခဲ့တယ်။
အိမ်ထောင်ကို ပိုက်ဆံကြည့်ပြီး ပြုခဲ့တော့ အဲဒီအိမ်ထောင် နှစ်ဆက်လုံးဟာ ကွဲသွားခဲ့တယ်။ သားသမီးတွေလည်း ရှိခဲ့ပေမယ့် တယောက်နဲ့မှ မတည့်ဘူး။ မောင်နှမတွေ ရှိတာလည်း ဘယ်သူနဲ့မှ အဆင်မပြေခဲ့ဘူး။
သူဟာ သူ့လောက် မလည်တဲ့ မောင်တွေ ညီမတွေ အကုန်လုံးကို လိမ်ညာ လှည့်ဖျားပြီး မိဘအမွေတွေကို သူ့လက်ထဲ အကုန်နီးပါး ရအောင် လုပ်ခဲ့တယ်။ သူဟာ ကုမ္မဏီ လုပ်ငန်းတွေ လုပ်တယ်။ ပြီးတော့ ချမ်းသာတယ်။
နောက်တော့ သူအစာအိမ်ရောဂါ ဖြစ်ပြီး ဆေးရုံတက်ရတဲ့ အခါ အစာအိမ် ကင်ဆာတဲ့။ ခွဲလိုက်တယ်။ မပျောက်ဘူး။ အသည်းရောဂါပါ ထပ်ဖြစ်တယ်။ ဘာမှလည်း လုပ်လို့ မရတော့ဘူး။ ရောဂါ ရှိနေတဲ့ကြားက မြင်သမျှကို အော်တယ် ငေါက်တယ် ငွေနဲ့ ဖြေရှင်းစေခိုင်းနေတုန်း။
အဲဒီမှာ ဆွေမျိုးမကင်းတဲ့ ဆရာဝန်မလေးရယ် သူ့အတွက် ငှားပေးတဲ့ စပါယ်ရှယ် နပ်စ်မလေးရယ် ပြုစုကြတယ်။ တခုရှိတာက နှစ်ယောက်စလုံးက တရားဘာဝနာ ကိစ္စမှာ ဝါသနာ ပါကြတာ။ နပ်စ်မလေးကို အမြဲ အော်ငေါက်ပေမယ့် သူ့အပေါ် အရမ်းကို သည်းခံရှာပါတယ်။
သူ့စိတ် နည်းနည်းကြည်ပြီ ထင်ရင် တရားအကြောင်းလေးတွေ ပြောပြောပြတယ်။ တိပ်ခွေ ဖွင့်ပြမယ် လုပ်တော့ " ဘာအခွေလဲ" "တရားခွေပါ အန်တီ" ဆိုရင် "သိပ်ပျင်းစရာ ကောင်းတာပဲ" လို့ ပြောလေ့ ရှိတယ်။ ရံဖန်ရံခါ ကြတော့လည်း ဖွင့်ဖွင့် လို့ ပြန်ပြောတယ်။
တနေ့ ဆရာတော် ဦးဇောတိကရဲ့ "ဘဝဆိုတာ ကျောင်း" ဆိုတဲ့ အခွေနဲ့ တရားကို နာမိပြီး သူတော်တော် စဉ်းစားလာတယ်။ ဘာမှတော့ မပြောဘူး။ နောက်နေ့ နားထောင်တယ်။ တဖြည်းဖြည်း စိတ်ပြောင်းလာတယ်။
ဆရာမလေးဟာ အားတက်ပြီး အခွေတွေ ထပ်ယူလာ ပေးတယ်။ "ခွင့်လွှတ်ပါတယ်" ဆိုတဲ့ တရားခွေ။ အဲဒီအခွေကို သူ သိပ်နားမထောင်ချင်ဘူး။ သူဟာ ဘာကိုမှ ခွင့်မလွှတ်နိုင်ဘူး။ တော်တော်ကြာနေမှ "ဖွင့်ကြည့်လိုက်စမ်း" ဆိုပြီးပြောလာတယ်။
တရားထဲမှာ ပါတာက ခွင့်လွှတ်တယ် ဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်အောင် လုပ်တာ ခွင့်မလွှတ်နိုင်သေးသရွေ့ ကိုယ့်စိတ်က မလွတ်လပ်နိုင်ဘူး ဆိုတာ ပါတယ်။ နားထောင်ရင်း သူနည်းနည်းတော့ သဘောပေါက် လာတယ်။ ရောဂါကြောင့် သူကြာကြာ မနေရတော့ဘူး ဆိုတာကို သူသိလာပုံ ရပါတယ်။ နောက်တော့ "သဘောထားကြီးပါတယ်" ဆိုတဲ့ တရားခွေ သူအများကြီး ပြောင်းလဲသွားပြီ။
အရင်လောက် မအော်မငေါက်တော့ ပြုံးရွှင်လာတယ်။ ကောင်းမွန်လာတယ် မေတ္တာလည်း ထားနိုင်လာတယ်။ မောင်တွေ ညီမတွေကို ပြန်တွေ့ချင်လာတယ်။ အခေါ်ခိုင်းတယ်။ ဒါပေမယ့် ဟိုဘက်က ခံထားရသူတွေက သေခန်း ဖြတ်ထားကြပြီ။ အတွေ့ မခံကြတော့ဘူး။
အမျိုးမကင်းတဲ့ ဆရာဝန်မလေးက စေ့စပ်ပေးရှာတယ်။ တောင်းတောင်းပန်ပန် အကြိမ်ကြိမ် ပြောမှ မလာချင်လာချင် လာကြတော့တယ်။ လာကြတော့ သူပြေပြေလည်လည် ပြောပါတယ်။ သူမှားခဲ့တာတွေ ရှိရင် သူ့ကို ခွင့်လွှတ်ပါတဲ့။
သူနာထားတဲ့ တရားခွေထဲမှာ ဆရာတော်က "သေခါနီးမှာ ကိုယ်ကိုယ်တိုင်က မကျေမနပ် ဖြစ်နေရတဲ့သူ မရှိချင်ဘူး။ ခွင့်လွှတ် ပါတယ်။ ကိုယ်မှားခဲ့ရင်လည် ခွင့်လွှတ်လိုက်ပါ။ သူတို့ မှားခဲ့လို့ မကျေနပ်တာ ရှိရင်လည်း အားလုံးကို ခွင့်လွှတ်တဲ့ စိတ်နဲ့ပဲ သေချင်ပါတယ်" လို့ ပါတယ်။ အဲဒါလေးကို သူ့စိတ်ထဲမှာ သိပ်ခံစားရတယ်။ သူလည်း ခွင့်လွှတ်တယ်။ သူ့ကိုလည်း ခွင့်လွှတ်ပါတယ် ဆိုတာကို သူ သိပ်လိုချင်နေတယ်။
တဖြည်းဖြည်း တယောက်ချင်းလာ တလှည့်စီလာ၊ စုလာ၊ လာရင်းကနေ မောင်နှမတွေ ပြန်တည့်ကြတယ်။ ဒီမှာတင် ဘယ်သူမှ မသိအောင် တိတ်တိတ် ရှေ့နေတွေ ခေါ်ပြီး သေတမ်းစာ ရေးတော့တယ်။
အဝေးနိုင်ငံက သားသမီးတွေကို ခေါ်တယ်။ ပေးသင့် ပေးထိုက်တဲ့ အမွေတွေ ပေးလိုက်တယ်။ အရင်က မတရား ယူထားတဲ့ မိဘအမွေတွေကို မောင်နှမတွေကို အကုန်ပြန်ပေးတယ်။ ပေးမယ် ပြောပြီးမှ ပြေလည်တာ မဟုတ်ဘူး။ ပြန်ပြေလည်ပြီးမှ ပေးတာ။
သူ့နောက်ဆုံး အချိန်တွေဟာ တော်တော် အေးချမ်းလာတယ်။ တနှစ်ကျော်ကျော်လေး အတွင်းမှာ တရားလေးနာ တရားလေး အားထုတ်ရင်း စိတ်ထားတွေ တဖြည်းဖြည်း ပြောင်းလဲသွားပြီး ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ပဲ သူသေသွားခဲ့တယ်။
မောင်နှမတွေဆို သူ့သေတမ်းစာနဲ့ အမွေတွေ ပေးထားတာတွေ တွေ့ရတော့ အကြီးအကျယ် ဝမ်းနည်းတော့တာ အရင်တုန်းက စိတ်ဆိုးခဲ့တာ ကိုတောင် ပြန်ပြီး စိတ်မကောင်း ဖြစ်ကြတယ်။
အဲဒါ ဘာကြောင့်လဲ။ တရားကြောင့်။ ဘုရားဟောတဲ့ တရားတော်တွေကို ဆရာတော်က နားလည်လွယ်အောင် စကားရိုးရိုးနဲ့ တဆင့် ပြန်ဟောပေး သွားတာ။ သူ မသေခင်လေးမှာ ခဏခဏ ပြောသွားတယ်။
"ငါ ခုလို စိတ်မျိုးနဲ့ သေရတာ ကျေနပ်ပါတယ်။ တသက်လုံးရခဲ့တဲ့ ပစ္စည်းဥစ္စာတွေဟာ အခုအချိန်မှာ ငါ့ကို ဘာကျေနပ်မှုမှ မပေးနိုင်ဘူး။ ဒီလို စိတ်ထားမျိုးနဲ့ ဒီလို အသိဉာဏ်မျိုး စောစောစီးစီးကတည်းက နေနိုင်ခဲ့ရင် ဘဝဟာ ပိုပြီး ကျေနပ်စရာ ကောင်းမှာပါ" တဲ့။
ဘဝကို အကောင်းဆုံး ဘယ်လိုနေကြမလဲ (ဆရာတော် ဦးဇောတိက၏ အသက်ရှင်နေလျက် ဘဝသေနေသူ တရားတော်အား မှီငြမ်းပါသည်) စာတိုငညို
0 Comments