ဆေးသုတ်သမားလေး

တခါတုန်းက ဆေးသုတ်သမား တဦးဟာ အိမ်တအိမ်ကို ဆေးသုတ်ဖို့ ရောက်သွားခဲ့တယ်။ အိမ်ထဲ ဝင်လိုက်တာနဲ့ မျက်စိ ကွယ်နေတဲ့ အိမ်ရှင် ယောက်ျားကို တွေ့တော့ ကရုဏာ သက်မိတယ်။

ဒါပေမယ့် သူဟာ မျက်စိ ကွယ်နေပေမယ့် ပျော်ပျော် နေတတ်လို့ ဆေးသုတ်သမားနဲ့ ခဏအတွင်းမှာ ခင်မင် သွားကြတယ်။

ဆေးသုတ်သမား သူတို့ အိမ်မှာ ဆေးသုတ်တဲ့ ရက် အတောအတွင်း သူတို့ဟာ စကားတွေ ဖောင်ဖွဲ့ ပြောဆိုကြပေမယ့် မျက်စိကွယ်နေတဲ့ သူရဲ့ အားနည်းချက်ကို ဆေးသုတ်သမား လုံးဝ မမေးခဲ့ဘူး။

ဆေးသုတ်ပြီးလို့ စာရင်း ရှင်းတဲ့အခါ ဆေးသုတ်သမားက ဆေးသုတ်ခကို သတ်မှတ်ထားတဲ့ ဈေးထက် တဝက် လျှော့ယူခဲ့တယ်။ အိမ်ရှင်မက ဘာဖြစ်လို့ လျှော့ပေးရသလဲ လို့ မေးတော့ ဆေးသုတ်သမားက

"ခင်ဗျားရဲ့ ယောက်ျားနဲ့ စကား အတူပြောရတာ ကျွန်တော် အရမ်းပျော်တယ်။ သူရဲ့ ဘဝအမြင်နဲ့ စိတ်သဘောထား တွေကြောင့် ကျွန်တော့် အဖြစ်က အဲဒီလောက် မဆိုးသေးဘူး ဆိုတာ သိလာရတယ်။

ဒါကြောင့် သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်ဈေးလျှော့ယူလိုက်တာပါ။ သူ့ကြောင့် အလုပ်တွေ လုပ်ရတာကို ပင်ပန်းတယ်လို့ ကျွန်တော် မမြင်တော့ဘူးဗျာ" လို့ ပြန်ပြော လိုက်တယ်။

အဲဒီနောက်မှာတော့ ဆေးသုတ်သမားလေးဟာ အိမ်ရှင်မ ကမ်းပေးတဲ့ ဆေးသုတ်ခကို တဖက်တည်းသာ ရှိတဲ့ သူ့ရဲ့ လက်နဲ့ လှမ်းယူလိုက် ပါတော့တယ်။

ဖြစ်လာတဲ့ ဘဝ၊ ဖြစ်လာတဲ့ ကံကြမ္မာကို ပြောင်းလဲလို့ မရရင် ဘဝကိုကြည့်တဲ့ ကိုယ့်အမြင်ကို ပြောင်းလဲ ကြည့်ပါ။ ပတ်ဝန်းကျင်ကို ပြောင်းလဲလို့ မရရင် ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြောင်းလဲကြည့်ပါ။

ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေအောင် နေလို့ မရရင် ကိုယ့်ရဲ့ ကိုယ်နေ ကိုယ်ဟန်၊ စိတ်သဘောထားကို ပြောင်းလဲ ကြည့်ပါ။

အရာတခု အပေါ် မြင်တဲ့ ကိုယ့်အမြင်တွေက အကောင်းလား၊ အဆိုးလား ဆိုတာ ကိုယ့်ရဲ့ စိတ်သဘောထား ပေါ်မှာပဲ မှုတည်ပါတယ်။

ပုံမှန်အချိန်မှာ အထက်ကို ကြည့်ပြီး ကြိုးစားပါ။ စိတ်ဓာတ် ကျနေချိန် အောက်ကိုကြည့်ပြီး အားတင်းပါ။ ဒီစာလေးကို လက်၂ ဖက်နဲ့ ကိုင်ပြီး စာဖတ်နိုင်၊ မြင်နိုင်သေးရင် မိတ်ဆွေမှာ ကြိုးစားခွင့် အများကြီးရှိပါသေးသည်။

Post a Comment

0 Comments