တခါက မြစ်ကမ်းဘေးမှာ သစ်ပင်အိုကြီး တပင်ရှိသတဲ့။ မြစ်ရေတွေ တက်လိုက်ကျလိုက်၊ မုန်တိုင်းတွေ ထန်ခဲ့ပေမယ့်လည်း အပင်ကြီးက မလဲသွားဘူးဆိုတော့ မှော်သစ်ပင်ကြီး ထင်ကြသတဲ့။
အဲဒီသစ်ပင်ကြီးရဲ့ အခေါင်းထဲမှာ ဖျံလေးတကောင် နေသတဲ့။ သူက ကုန်းနေ ရေနေသတ္တဝါမို့ ရေထဲက ငါးလေးတွေကို စားသလို ပြောင်းဖူး၊ မြေပဲ၊ ဖရဲသီး ချိုချိုလေးတွေ ကြိုက်တာမို့ အနီးအနား ယာခင်းက သွားသွားခိုးစားသတဲ့။ ယာခင်းပိုင်ရှင် အဘွားနဲ့ သူ့သမီးချောလေးကတော့ စိတ်တွေတိုတာပေါ့။
အဘွားက ဒီဖျံကိုလည်း ဖမ်းလို့ မမိနိုင်တာမို့ စိတ်တိုပြီး "ကဲ ဖျံနေတဲ့ မှော်သစ်ပင်ကြီးကို လှဲပစ်နိုင်တဲ့ ဘယ်သူမဆို သမီးချောလေးနဲ့ ပေးစားမယ်" ဆိုပြီး သတင်းလွှင့် လိုက်သတဲ့။
နောက်တနေ့မနက်မှာတော့ ခွန်အားပြည့်စုံတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေက သစ်ပင်ကြီးနားမှာ လာစုနေကြပြီပေါ့။ (ဟိုးရှေးတုန်းက တိရစ္ဆာန်တွေနဲ့ လူတွေလည်း အိမ်ထောင်ပြုကြတာ ရှိဖူးသတဲ့)
ပထမဆုံးကတော့ သူရဲကောင်း လူချောလေးပေါ့။ သူက သူ့ရဲ့ပုဆိန်ကို တညလုံး သွေးထားခဲ့တာ မိုးကြိုးသွားလို ထက်နေပြီပေါ့။ သစ်ပင်ရှေ့မှာ မာန်ပါပါရပ် ပုဆိန်ကို အားရပါးရ လွှဲပြီး ခုတ်လိုက်တာ အပင်မှာ အရာသေးသေးလေးတောင် မထင်ဘူးတဲ့။ ထပ်ခါထပ်ခါခုတ်လည်း မထူးတာမို့ လက်လျှော့ပြီး ပြန်သွားသတဲ့။
နောက်တဦးက ဆင်ကြီးပေါ့။ အပင်ကို တောင့်တင်းလှတဲ့ အစွယ်ကြီးတွေနဲ့ထောက် နှာမောင်းနဲ့ပါတ် သူရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ လှုပ်ပြီးနှဲ့သတဲ့။ အပင်က လှုပ်တောင် မလှုပ်ဘူးတဲ့။
တောဘုရင် ခြင်္သေ့ကြီးက ငါစမ်းကြည့်မကွာ ဆိုပြီး အသက်ပြင်းပြင်းရှူ ကြောက်စရာ အသံကြီးနဲ့ ဟိန်းဟောက်သတဲ့။ အနားက လူတွေ၊ အကောင်လေးတွေသာ လန့်သွားတာ အပင်ကတော့ ဘယ်လိုမှ မနေဘူးပေါ့။
ရေမြင်းကြီးကလည်း လာလေ့ကွာ ဆိုပြီး အပင်ကြီးကို ပြေးပြေးတိုက်တာ၊ သူသာခေါင်းမူးရော အပင်က နေမြဲပဲပေါ့လေ။
အဲဒါတွေကို အသာကြည့်နေတဲ့ ယုန်လေးက အင်း သူတို့လုပ်တာ တခုခုတော့ လွဲနေပြီလို့ စဉ်းစားရင်း စိတ်ကူးရပြီး အကောင်အထည် ဖော်ဖို့ အိမ်ပြန်သွားသတဲ့။
နောက်နေ့မနက် စောစောမှာတော့ ယုန်လေးဟာ ခွေးရယ် ဆိတ်ရယ်၊ ငုတ်တိုင် ၂ ချောင်းရယ် ၊ မြက်ကောင်းကောင်းပါတဲ့ အိတ်ရယ်၊ အသားတွေ အရိုးတွေပါတဲ့ အိတ်ရယ်၊ နွယ်ကြိုးတွေရယ်နဲ့ လာသတဲ့။
သစ်ပင်နဲ့ မလှမ်းမကမ်း မြေပေါ်မှာ ငုတ်၂ ချောင်းကို စိုက်၊ တချောင်းမှာ ခွေးကို နွယ်ကြိုးနဲ့ ချည်ထား၊ နောက်တချောင်းမှာ ဆိတ်ကို ချည်ထားတာပေါ့။
ခွေးရှေ့မှာ မြက်အိတ်ကိုချ၊ ဆိတ်ရှေ့မှာက အသားအိတ်ကို ချထားသတဲ့။ နေရာနည်းနည်းလှမ်းတော့ ခွေးကလည်း အသားအိတ်နေရာ မရောက်နိုင်၊ ဆိတ်ကလည်း မြက်အိတ်နေရာ မရောက်နိုင်ဘူးတဲ့။ ခဏနေတော့ ဆာလာတဲ့ အခါ ၂ ကောင်သား စိတ်တိုပြီး အော်နေကြတာပေါ့။
သစ်ပင်ရဲ့ အတွင်းပိုင်း အခေါင်းထဲက ကြည့်နေတဲ့ ဖျံက ဒီယုန်တော့ ငတုံးပဲကွာ၊ မြက်ကို ခွေးရှေ့ချ၊ အသားကို ဆိတ်ရှေ့ချ ရူးများနေလားမသိ ဆိုပြီး စဉ်းစားနေရင်း ကြည့်မရတော့တာနဲ့ပဲ အပြင်ထွက်လာ မြက်အိတ်ကို ဆိတ်ရှေ့သွားချ၊ အသားအိတ်ကို ခွေးရှေ့သွားချ လုပ်ပေးသတဲ့။
အဲဒီအချိန်မှာပဲ အသင့်စောင့်နေတဲ့ အဘွားနဲ့ သမီးချောလေးက ဖျံကို ဖမ်းခေါ်သွားတာပေါ့။ ယုန်လေးက အဘွားကို သူတို့ သဘောတူထားတာ သတိရဖို့ ပြန် ပြောတာပေါ့။ အဘွားလည်း ယုန်လေးက ဉာဏ်အထက်ဆုံးမို့ သူ့သမီးလေးနဲ့ သဘောတူ ပေးစားလိုက်သတဲ့။
အပင်ကြီးကတော့ အရင်အတိုင်း ရှိနေပြီး အထဲမှာ ဘာအကောင်မှ မနေတော့ဘူးတဲ့။ တချို့ကိစ္စတွေဟာ ခွန်အားနဲ့ ဖြေရှင်းလို့မရဘဲ ဉာဏ်ပညာဖြင့်သာ ဖြေရှင်းနိုင်ပါတယ်။ Crd
0 Comments