နဖူးစာ ရွာလည်

တခါတုန်းက လူပျိုပေါက်လေး တယောက်ဟာ သူ့ချစ်သူ ဘယ်လိုလူမျိုးလဲ ဆိုတာ သိချင်တာနဲ့ ဗေဒင်ဆရာကို မေးပါသတဲ့။ဗေဒင်ဆရာက သူ့ကို အိုးချမ်းကွဲတခု အပေါ်မှာ အင်းကွက်ကလေး ရေးပေးလိုက်တယ်။

"ဒီအင်းကွက်ကလေးကို လက်က ကိုင်ပြီး ဖူးစာရေ၊ ဖူးစာရေ လို့ အော်ခေါ်၊ အဲ့ဒီအခါ မင်းရဲ့ ဖူးစာဖက်က ရှင် လို့ ထူး လိမ့်မယ်" လို့ မှာလိုက်သတဲ့။ လူငယ်လေးလည်း တရွာဝင် တရွာထွက် ဖူးစာရေ၊ ဖူးစာရေ လို့ ခေါ်ပေမဲ့ ထူးမဲ့သူ မရှိတာကြောင့် စိတ်ညစ်လာ ပါသတဲ့။

လက်လျော့မယ် လုပ်ပြီးမှ အားပြန်တင်းပြီး ဆက်ကြိုးစား ခေါ်ကြည့်ပါတယ်။ ရွာတရွာရဲ့ တနေရာ အရောက် ဖူးစာရေလို့ ခေါ်လိုက်ချိန်မှာ အိမ်တအိမ်ရဲ့ အောက်မှာ ဇယ်ခုပ်ကစားနေတဲ့ အဖွဲ့ထဲက ကောင်မလေး တယောက်က "ဝူး" လို့ ပြန်ထူးသတဲ့။

အဲဒါနဲ့ ကောင်လေးလည်း သူ့ကို ပြောင်ရမလား ဆိုပြီး စိတ်တိုနေတာနဲ့ ဝူး လို့ထူးတဲ့ ကောင်မလေးကို အိုးခြမ်းပဲ့နဲ့ ပစ်ပြီး သူ့ရဲ့ ဖူးစာရှင် ရှာတဲ့ခရီးကို စွန့်လွတ်လိုက်သတဲ့။

နောက်တော့ လူငယ်လေးလည်း အိမ်ထောင်ကျပါလေရော။ အိမ်ထောင် ကျတော့မှ ချစ်သူဘဝက သတိမထားမိတဲ့ သူ့မိန်းမရဲ့ နဖူးက အမာရွတ် သေးသေးလေးကို မြင်တော့ ဘာဖြစ်တာလဲလို့ မေးလိုက်တယ်။

ကောင်မလေးကလည်း ငယ်ငယ်က ဇယ်ခုပ် ကစားနေတုန်း လူတယောက်က ဖူးစာရေ လို့ ခေါ်တာကို ဝူးလို့ ထူးမိလို့ အိုးခြမ်းပဲနဲ့ အပေါက်ခံရပြီး အမာရွတ်ဖြစ် ကျန်နေခဲ့တာလို့ ပြောသတဲ့။

ဖူးစာဆိုတာ အလွန်ထူးဆန်းကြောင်း ရှေးလူတွေက သူ့ခေတ် သူ့အခါနဲ့ ကိုက်ညီမဲ့ ဇာတ်လမ်းလေးကို ပြောခဲ့ကြတာ ဖြစ်ပါတယ်။ နဖူးစာဆိုတဲ့ စကားက ဘယ်ကလာသလဲ ဆိုတော့ အိန္ဒိယက လာပါသတဲ့။

အိန္ဒိယ ရှေးခေတ်လူတွေဟာ သူတို့ရဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းကပဲ အိမ်ထောင်ဘက် ရွေးချယ်ပေးကြ ပါသတဲ့။

ပြဿနာက ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတဲ့ ပြဿနာပါ။ ဇာတ်မြင့်လို့ သူတို့ကိုယ် သူတို့ သတ်မှတ်သူတွေဟာ သူတို့ သားသမီးတွေ ကြီးလာရင်၊ ဇာတ်နိမ့်မျိုးရိုးတွေနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ကျသွားမှာကို မလိုလားတာကြောင့် ငယ်စဉ်ကတည်းက စေ့စပ်ကြောင်းလမ်း ကြပါသတဲ့။

ဒီလို စေ့စပ်ပြီးတာနဲ့ ကလေးတွေရဲ့ နဖူးမှာ သူတို့ ကြင်ဖက်ရဲ့ နာမည်ကို ဆေးမင်နဲ့ ရေးထိုးလိုက်ပါတယ်။ သဘောက ပိုင်ရှင်ရှိပြီးသား ဆိုတဲ့ သဘောပါ။ ဒီလို နဖူးမှာ နာမည်ပါသူတွေ ဆိုရင်လည်း အခြားသူတွေက မချစ်မကြိုက်ကြ တော့ဘူးတဲ့။

အသက်အရွယ် ရလာတဲ့အခါ ငယ်စဉ်က မိဘတွေ စေ့စပ်ပေးခဲ့တဲ့ သူတွေနဲ့ပဲ လက်ထပ်လေ့ ရှိကြပါသတဲ့။ ဒီကနေ နဖူးစာ ဆိုတဲ့ စကား ထွန်းကားလာပါသတဲ့။

တချို့ကြတော့လည်း အရွယ်မရောက်ခင် တရပ်တကျေး ပြောင်းရွေ့ကြတဲ့အခါ၊ ကြီးလာတော့ သူတို့ နာမည်ရေးထားတဲ့ ဖူးစာရှင်ကို လိုက်ရှာကြရပါသတဲ့။ ဒါကြောင့် နဖူးစာ ရွာလည်တယ် ဆိုတဲ့ စကားလည်း ပေါ်လာတယ်လို့ ဆိုပါတယ်။

ချစ်သူတွေဟာလည်း သူတို့ ချစ်သူတွေကို နမ်းတဲ့အခါ သူတို့ နာမည်ပါတဲ့ နဖူးလေးကိုပဲ မြတ်မြတ်နိုးနိုး နမ်းတတ်ကြတဲ့ ဓလေ့လည်း ထိုခေတ်ကတည်းက ထွန်းကားခဲ့ပါသတဲ့။

ယနေ့ခေတ် အယူအဆတွေကတော့ နဖူးကိုနမ်းတဲ့ အနမ်းဟာ အနူးညံ့ အချိုမြိန်ဆုံး အနမ်းဖြစ်တယ်လို့ ပြောကြပါတယ်။

နဖူးကို နမ်းခြင်းဟာ နှုတ်ခမ်းကို အကြိမ်တထောင် နမ်းခြင်းထက်ကို ပိုပြီး မြတ်နိုးကြတယ်လို့ ချစ်သူတွေက ယူဆကြပါတယ်။နဖူးကို တခါ အနမ်းခံဘူးရင်လည်း အဲ့ဒီ အနမ်းကို မေ့ပစ်ဖို့ မလွယ်ဘူး လို့လည်း ဆိုပါတယ်။ Crd

Post a Comment

0 Comments