လူတယောက် နေစရာ မရှိတုန်းက သူနဲ့ သိပ်ရင်းနှီးတဲ့ သူငယ်ချင်းက သူ့အိမ်မှာ ပေးနေလိုက်တယ်။ စစချင်း နေခွင့်ရတုန်းကတော့ အရမ်း ကျေးဇူးတင်သွားတာ။ ပြောင်းစေချင်တဲ့အခါ အချိန်မရွေး ပြောပါ ပြောင်းပေးပါ့မယ် ဆိုပြီး အာမတောင် ခံလိုက်သေး။
အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူ လာတော့တယ်။ အချိန်တန်လို့ ပြောင်းပေးဖို့ ပြောတော့ မကျေမနပ်တွေ ဖြစ်လာတယ်။
တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့ မပြောနဲ့ ကျေးဇူးရှင် ကိုတောင် ရန်သူတယောက်လို မြင်သွားတယ်။
သူငယ်ချင်းတစု အတူတူပေါင်းပြီး အဆောင် ငှါးနေကြတယ်။ စေတနာကောင်းတဲ့ သူငယ်ချင်းက ချက်ပြုတ် ကျွေးတယ်။ အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေ တင်နေကြတယ်။
ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေ လုပ်ရမည့် တာဝန်တခုလို မြင်လာကြတယ်။ အကြောင်းကြောင်းကြောင့် ချက်မကျွေး ဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရ ကောင်းလားဆိုပြီး ငြိုငြင်လာ ကြတယ်။
လူတယောက် အပြင်သွားတဲ့ အခါတိုင်း သစ်ပင်တပင် အောက်က ဖြတ်သွားနေကျ။ နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ အမြဲတမ်း အစာခေါ်ခေါ် ကျွေးလိုက်တာ။
အရင်က အဲ့ဒီသစ်ပင်နား တခါတလေ တွေ့ရတုန်းက လူမြင်တိုင်း အမြဲတမ်း ကြောက်ပြီး ရှောင်ပြေးတတ်တဲ့ ခွေးဟာ အပင်အောက်မှာ အစာ လာစားတာ ကြာလာတော့ အဲ့ဒီသစ်ပင်ကို သူပိုင်တယ်လို့ ထင်သွားပုံ ရတယ်။ နောက်ပိုင်းကျတော့ အပင်နား ရောက်လာတဲ့ တွေ့တဲ့သူတိုင်းကို ဟောင်တော့တာပဲ။
ကုမ္ပဏီတခုမှာ အလုပ်သမားတွေ အလုပ် နောက်ကျလို့ မရဘူး ဆိုတဲ့ စည်းကမ်းရှိတယ်။ တခါတလေ နောက်ကျတာကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။
အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ် ဆိုပြီး ကျေးဇူးတင်ကြတာ။ ကြာလာတော့ သူတို့ဟာ နောက်ကျခွင့် ရှိတယ်လို့ မြင်လာပြီး အမြဲလိုလို နောက်ကျမှ အလုပ် တက်ကြတော့တယ်။
နောက်ကျဖန် များလာလို့ နောက်မကျဖို့ ပြောတဲ့အခါကျတော့ အရင်က ပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်း မသိတော့ပဲ သူတို့ရဲ့ ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လို့ မြင်လာကြတယ်။
လူတွေရဲ့ အကျင့်က အမြဲတမ်း ပေါပေါများများ ရနေပြီ ဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလို့ မထင်တော့ဘူး။ တခါတလေ ရခဲတဲ့ အရာမျိုးလောက်ပဲ ကျေးဇူးတင်တတ် ကြတာမျိုး။
မိဘနဲ့သားသမီး ဆရာနဲ့တပည့် အလုပ်ရှင် အလုပ်သမား သူငယ်ချင်းကြား ချစ်သူကြား မိတ်ဆွေကြား အသင်းအဖွဲ့တွေကြား စသည့် ဘယ်ဆက်ဆံရေးမှာ မဆို အခွင့်အရေးဆိုတာ ပေးသင့်သလောက်ပဲ ပေးရတယ်။
အမြဲတမ်း ပေးတော့မယ် ဆိုလည်း ကိုယ်ပေးနိုင်တဲ့ ပမာဏလောက်ပဲ ပေးသင့်တယ်။ လိုတာထက် ပိုတဲ့ အခွင့်အရေးမျိုး ပေးမိလျှင် ကြာလာတဲ့အခါ ရပိုင်ခွင့်လို့ ထင်သွားကြတယ်။
တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေ ဆက်မပေးနိုင် တော့တဲ့အခါ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ကိုယ်လုပ်တာတောင် သူတို့ရဲ့ ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ထင်လာတတ်ကြတယ်။ ကိုယ်ကပဲ မှားနေတယ် လို့လည်း သူတို့က မြင်လာကြတယ်။
တချို့သောသူတွေရဲ့ စရိုက်က များပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက် အနည်းငယ်သော အလိုမကျမှုလေးတွေ ကိုသာ စိတ်ထဲမှာ အမြဲတမ်း မြင်နေတတ်တဲ့ သဘောရှိတယ်။
ဒါကြောင့် ပေးဆပ်ဖို့ စဉ်းစားတိုင်းမှာ တချိန်ချိန်မှာ ဖြစ်လာနိုင်တဲ့ ရလဒ်ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုသေးတယ်။ မဟုတ်ရင် အဲ့ဒီ စေတနာတွေဟာ အဆုံးမှာ စော်ကားစရာ အဖြစ်သာ ကျန်နေလိမ့်မယ်။ စကားတခုရှိတယ်။ "လူသားတွေ ကျေးဇူးကန်းတဲ့အခါ နတ်ဘုရားတွေတောင် ဘုရားပြန်တ နေရတာမျိုး" တဲ့။ Crd
0 Comments