မေတ္တာပေးမှ မေတ္တာရတယ်

တခါက ဗြဟ္မဒတ်မင်းကြီးဟာ ရုပ်ဖျက်ပြီး တိုင်းခန်း လှည့်လည်တယ်။ သူ့ကို ပြည်သူတွေက ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာ သိချင်လို့ပါ။ ဈေး တနေရာမှာ သူတောင်းစား တယောက်ကို ရုပ်ဖျက်လာတဲ့ ဘုရင်က

"ဟယ် သင်တို့ တိုင်းပြည် မင်းလုပ်ပြီး အုပ်ချုပ်တဲ့ ဘုရင် ညံ့ဖျင်းလှပါလား။ တောင်းစားသူများ ရှိရသလားကွဲ့" လို့ ပြောလိုက်တယ်။

ဒီတော့ သူတောင်းစားက "အလို သင်ဘယ်တိုင်းဌာနီက ပါလိမ့်။ ငါတို့နိုင်ငံမှာ မျိုးရိုးအရ တောင်းစားသူသာ ရှိသကွဲ့။ မရှိလို့ တောင်းစားသူ မရှိပါဘူး။

ဒါကို သင်မသိရော့ သလား။ ငါတို့ဘုရင် သိက္ခာကျအောင် ပြောတဲ့ကောင် သေပေတော့" ဆိုပြီး တောင်ဝှေးနဲ့ လိုက်ရိုက်လို့ ဘုရင် ထွက်ပြေးရတယ်။ ဗြဟ္မဒတ်မင်းလည်း ကျေနပ်တာပေါ့။

ဒီလိုနဲ့ တနေ့တော့ ကျေးလက်ဘက်ကို စနည်းနာ ထွက်မယ် ဆိုပြီး ရထားထိန်းနဲ့ နှစ်ယောက်တည်း ထွက်ခဲ့တယ်။ ကျေးလက်က ပြည်သူတွေကလည်း "ငါတို့ မင်းကြီး သီလပြည့်စုံ စပါးတွေ တောင်လိုပုံ" ဆိုပြီး သီချင်းတွေ သီဆိုကာ ပျော်ရွှင်နေကြတာကို ကြည့်ပြီး ပီတိဖြစ်ကာ ပြန်ခဲ့ကြတယ်။

သူတို့ အပြန်လမ်းမှာ တောင်ကြားလမ်းလေး တခုရောက်တော့ ရှေ့က လာတဲ့ လှည်းတစီးနဲ့ မျက်နှာချင်းဆိုင် တိုးမိတယ်။ အဲဒီမှာ ရထားထိန်း နှစ်ယောက် စကားပြိုင် ကြတယ်။

"ဟယ် ကောသလမင်းကြီး ကြွချီလာတာ မသိသလော" လို့ တဘက်က ပြောလိုက်တော့ တဘက်ကလည်း "ဟဲ့ ငါတို့ ဘုရင် ဗြဟ္မဒတ် ကြွချီလာတာ မသိသလော" လို့ ပြန်ပြောတယ်။ ဘယ်သူမှ လမ်းဘေးမဆင်းပေးကြဘူး။ ဘုရင်အချင်းချင်းဖြစ်နေကြတာကိုး။

ဒီလိုနဲ့ ကောသလ ရထားထိန်းက "အသက်ကြီးသူ ဖယ်ပေးရမယ်" လို့ ပြောပြီး အသက်ပြိုင်တော့ အသက်ချင်း တူနေတယ်။ နယ်မြေ ပိုင်ဆိုင်မှု ပြိုင်တော့လည်း အတူတူပဲ။ တန်ခိုးအာဏာ ပြိုင်တော့လည်း တူ၊ စည်းစိမ်ဥစ္စာပြိုင်တော့လည်း တူ၊ ဆွေမျိုး အသိုင်းအဝိုင်း ပြိုင်တော့လည်း တူနေကြတယ်။

နောက်ဆုံး စိတ်ထားပြိုင်ဖို့ ဆုံးဖြတ်ကြတယ်။ ကောသလမင်းရဲ့ ရထားထိန်းက စပြောတယ်။ "ငါတို့ဘုရင် ကောသလဟာ အင်အားကို အင်အားနဲ့ နှိမ်တယ်။ သူကောင်းရင် ငါမဆိုး ဆိုတဲ့မူကို လက်ကိုင်ထားတယ်။

အကြမ်းကို အကြမ်းနဲ့သာ တုံ့ပြန်တယ်။ တရားရှင်ဖြစ်လို့ ဘာလုပ်လုပ် တရားမျှတစွာ လုပ်တယ်။ အဆိုးကို အဆိုးနဲ့ပဲ ရင်ဆိုင်တယ်" လို့ ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာ ဗြဟ္မဒတ်မင်းကြီးရဲ့ ရထားထိန်းက "ငါတို့ မင်းကြီးသည် တဘက်က အင်အားသုံးလာလျှင် မေတ္တာဖြင့် အနိုင်ယူတယ်။ သူကောင်းကောင်း၊ မကောင်းကောင်း ကိုယ်တော်တိုင်က အမြဲကောင်းနေအောင် ကြိုးစားတယ်။

အကြမ်းကို အနုဖြင့်သာ တုံ့ပြန်တယ်။ တရားရှင်ပေမယ့် မတရားရင် ဝေဖန်လို့ ရတယ်။ အဆိုးကို အကောင်းနဲ့ ရင်ဆိုင်တယ်။ ပြည်သူတွေကို မေတ္တာပေးပြီး မေတ္တာ ပြန်ယူနိုင်အောင် အမြဲကြိုး စားတယ်" လို့ ပြောလိုက်တယ်။

အဲဒီအချိန်မှာ ကောသလမင်းက ရထားပေါ်က ဆင်းလာပြီး ဗြဟ္မဒတ်မင်းကြီးကို လက်အုပ်ချီတယ်။ ကောသလရဲ့ ရထားထိန်းလည်း လမ်းဘေးကို ချပေးလိုက်တယ်။ ဗြဟ္မဒတ်မင်းရဲ့ ရထားထိန်းက ဆက်မောင်း သွားတယ်။

ဗြဟ္မဒတ်မင်းကြီးက ကောသလကို "မင်းကြီး ပြည်သူတွေကို မေတ္တာပေးပြီး မေတ္တာပြန်ရအောင် ကြိုးစားပါ" လို့ ပြောလိုက်တယ်။ ကောသလက "အသင်မင်း ကြီး ကျွန်ုပ်၏ မေတ္တာကိုပါ ရသွားပါပြီ" လို့ ပြောလိုက်တယ်။ တင်ညွန့်

Post a Comment

0 Comments