အသူရာနှင့် သိကြားမင်းတို့ကား တာဝတိံသာ၌ လက်ပံပွင့်ချိန်တွင် နှစ်တိုင်း စစ်ခင်းကြသည်ဟု ဆို၏။ ကျည်ခွံတွေ ဘယ်ကို ကျသလဲ ဆိုပြီး မေးရင် အဖွားက အဖြေမရသဖြင့် ကျွန်ုပ် ကျောချ ခံရ၏။
မနက်တိုင်း တရားများ ရွတ်ဖတ်သော အဖွားအနား ကပ်၍ သားနားလည်အောင် ဘာသာ ပြန်ပြပါ ပြောတိုင်း ကျွန်ုပ် အအော် ခံရ၏။
ဥပုသ်စောင့်သည်သာ ဆိုသည် အိပ်ယာဝင်ရင် ခြင်ရှာကာ တဖတ်ဖတ် ရိုက်ရင်း အိပ်မပျော် တတ်ပေ။ ထိုအချိန် ပါဏာတိပါတာက ဘာလဲမေးရင် အဖွားက မျက်စောင်း ထိုးလေ၏။
ကုသိုလ်ရအောင်ဟု ဆိုကာ ကျွန်ုပ်ကို ဆွမ်းလောင်းခိုင်း လေသည်။ သို့သော် အသားဟင်း ချက်တိုင်း ဆွမ်းဟင်းခွက်ထဲ ဟင်းမပါသည်က များ၏။ ကျွန်ုပ်က ဝင်ထည့်လျှင် ငရှည်ကောင်ဟု အပြော ခံရသေး၏။
သံဃာတော်များအား ကြည်ညိုသည်ဟုသာ ဆိုသည် တရား နာနေရင်း အမြဲလိုလို အိပ်ငိုက်တတ်သည်။ အိမ်ပြန်လျှင်လည်း တရား မဆုံးသည်က များ၏။ ကျွန်ုပ်မေးလျှင် သိပြီးသားတွေ ဟောနေ၍ ဆို၏။
အဖွားက နှစ်နာရီတိတိ စိတ်ငြိမ်အောင်ဟု ဆိုကာ တရားထိုင်၏။ ပြီးလျှင် ဟင်းခိုးစားသော ကျွန်ုပ်ကို အမြဲ မိတတ်သေး၏။ နောက်စေ့မှာ မြင်ရလေသလား မေးလျှင် အရိုက်ခံရ ပြန်၏။
အလှူအတန်း ရက်ရော၏။ အကြွေး ပြန်မရလျှင်ကား တထောင် နှစ်ထောင်သာ ဖြစ်ပါစေ ကူးတို့ခ ဟု မကျိန်လိုက်ရလျှင် အဖွား မကျေနပ်ပါ။ လှူလိုက်ပေါ့ဟု ပြောလျှင် ကျွန်ုပ် အအော်ခံရ သေး၏။
ကျွန်ုပ်ကို အကုသိုလ် မလုပ်ရန် အမြဲ တား၏။ သို့သော် ငါးရံ့အရှင် ရပါက ကျွန်ုပ်ကို ခေါင်းထု၍ သတ်ခိုင်း လေသည်။ မသေပါက အသုံးမကျဟု အပြော ခံရသေး၏။
စေတနာကောင်းလျှင် ကံကောင်းသည်ဟု အဖွား ပြောပါသည်။ တသက်လုံး စေတနာ ကောင်းခဲ့သည်လည်း ဆို၏။ မုသားမဟုတ်လျှင် ဘယ်တုန်းက ကံကောင်းသလဲ မေးပါက သူ့ တဘဝလုံး တလွဲချည်းသာ ဖြစ်သည်။
ငါ့မြေးက လိမ္မာ၍ အဖွား အသေဖြောင့်ပြီဟု ခဏခဏ ပြောရှာ၏။ အဖွား ဆုံးခါနီးသော အခါ မြေးလေးမြေးလေးဟု ပါးစပ်ဖျားက မချ။ ဒါက အဖွားပြောသည့် အသေဖြောင့်ခြင်းလားဟု အမေ့ကို မေးမိသေးသည်။ အခေါက်ခံရုံမှ လွဲ၍ အခြားမရှိ။
ပေါက်ကရပြောရင် မိုးကြိုးပစ် ခံရမည် ပြော၏။ မိုးကြိုးကား ကျွန်ုပ်ကို မပစ်ပေ။ ကန်ဘောင်ပေါ်မှ ထန်းပင်အိုကြီးအား နှစ်ခါ တိတိ ပစ်လေသည်။ ဖြစ်နိုင်သည် ထိုထန်းပင်ကြီးကား ပေါက်ကရ ပြောလေသလား ကျွန်ုပ် မပြောတတ်တော့။ nnnt ငြိမ်းမောင်
0 Comments