တခါက ရွာလေး တရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေ အဖြစ် နေကြတယ်။ တဦးက လယ်သမားဖြစ်ပြီး နောက်တဦး ကတော့ မုဆိုးတယောက် ဖြစ်ပါတယ်။
လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေ မွေးထားတယ်။ မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေ မွေးမြူထား ခဲ့တယ်။
မကြာခဏ ဆိုသလိုပါပဲ အမဲလိုက်ခွေးတွေဟာ လယ်သမားရဲ့ ခြံထဲကို ဝင်ရောက်ပြီး လယ်သမား မွေးထားတဲ့ ဘဲတွေကို သတ်ဖြတ် စားသောက်လေ့ ရှိတယ်။ လယ်သမားက မုဆိုးဆီသွားပြီး အမဲလိုက်ခွေးတွေကို ထိမ်းသိမ်းထားဖို့နဲ့ လွှတ်မထားဖို့ အကြိမ်ကြိမ်တောင်းဆို ခဲ့တယ်။
ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်း နေပြီး ခွေးတွေကို ဒီအတိုင်း လွှတ်ထား ခဲ့တယ်။ နောက်ဆုံးတော့ လယ်သမားဟာ လုံးဝကို သည်းမခံနိုင်တော့ပဲ ရွာမှာရှိတဲ့ အကြီးအကဲဆီ သွားပြီး မုဆိုးရဲ့ ခွေးတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့တယ်။
လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ ပြည့်စုံတဲ့ အကြီးအကဲက အောက်ပါအတိုင်း ပြောတယ်။ "အဲဒီ မုဆိုးကို ကျုပ်က အရေးယူပေးလို့ ရပါတယ်။ ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့ အမိန့်ပေးလို့ ရပါတယ်။
အဲဒီလို လုပ်လိုက်မယ်ဆိုရင် ခင်များမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်း တယောက် ဆုံးရှုံးသွားနိုင် ပါတယ်။ ခင်ဗျားနဲ့ အတူနေရတယ့် အိမ်နီးနားချင်းကို ရန်သူ ဖြစ်စေချင်သလား မိတ်ဆွေ ဖြစ်စေချင်ပါသလား"
လယ်သမားက တချက် စဉ်းစား လိုက်ပြီး "မိတ်ဆွေပဲဖြစ် စေချင်ပါတယ်" ဖြေလိုက်တယ်။ အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ်။ "ကောင်းပါပြီ ဒါဆို ကျုပ်အကြံ တခုပေးပါ့မယ်။ ဘဲတွေ မဆုံးရှုံးစေရသလို မိတ်ဆွေတယောက် တိုးလာပါလိမ့်မယ်"
လယ်သမားက အကြီးအကဲ ပြောတဲ့အတိုင်း အိမ်ကို ပြန်သွားတယ်။ ပြီးတော့ အိမ်မှာ မွေးထားတဲ့ ဘဲတွေထဲက အလှဆုံးဘဲ လေးကောင်ကို ရွေးပြီး မုဆိုးရဲ့ သားလေးယောက်ကို လက်ဆောင်အဖြစ် ပေးလိုက်တယ်။
လက်ဆောင် ဘဲလေးတွေနဲ့ နေ့တိုင်း ပျော်ရွှင်စွာ ကစားနေတဲ့ သားလေးယောက်ကို တွေ့တဲ့အခါ မုဆိုးဟာ နေ့တိုင်း ဝမ်းသာ ကြည်နူးနေရတယ်။
ပြီးတော့ သားလေးတွေ လက်ဆောင် ရထားတဲ့ ဘဲတွေကို ကိုက်စားမှာ စိုးလို့ အမဲလိုက်ခွေးတွေကို သေချာ လှောင်ထားလိုက် ပါတော့တယ်။ လယ်သမားကိုလည်း ကျေးဇူးတွေ တင်ပြီး အမဲလိုက်လို့ ပြန်လာတဲ့ အခါ အသားတွေကို ဝေငှပေးတတ်လာပါတယ်။
လယ်သမားကလည်း ခြံထွက်သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင်အဖြစ် မုဆိုးကို ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ အိမ်နီးချင်းကောင်းတွေ ဖြစ်လာကြတယ်။ Crd
0 Comments