တောင်ဆိတ်လို စိတ်မျိုးမွေးပါ

ကျနော် သဘောအကျဆုံးတွေထဲမှာ တောင်ဆိတ်တွေ ပါပါတယ်။ တကယ်တော့ သူတို့မှာ မျောက်တွေလို နီးရာကို ဖမ်းယူဆုပ်ကိုင်ဖို့ အမြီးနဲ့ လက်တွေ မပါပါဘူး။

သူတို့မှာ ခွာတွေပဲ ပါပါတယ်။ ဒါပေမဲ့ အဲ့ဒီခွာက အဓိက ပါပဲ။ အဲ့ဒီ ခွာတွေနဲ့ ဟန်ချက်ညီအောင် ထိန်းပြီး မြင့်မား မတ်စောက်လှတဲ့ ကျောက် တောင်ကမ်းပါးယံတွေကို ဖြတ်လျှောက် ကြတယ်။

နေ့စဉ် အခက်အခဲတွေကို ကျော်ဖြတ်နေရတာ ဆိုတော့ အခက်အခဲတွေကိုလဲ သူတို့က မမှုတော့ပါဘူး။ သူတို့ဟာ ဘဝမှာ အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ နေသားကျ နေပါတယ်။

အဲ့ဒီမှာ အခက်အခဲတွေကို သူတို့က အမြဲပဲ ကျော်ဖြတ်နိုင်နေတော့ အခက်အခဲတွေ ဆိုတာက သူတို့ရဲ့ အားသာချက် ပြန်ပြီး ဖြစ်သွားရတယ်။

သူတို့ နယ်မြေမှာ သူတို့လို အခက်အခဲ တွေကို မဖြတ်ကျော်နိုင်တဲ့ မြေခွေးတွေ၊ ကျားသစ်တွေက သူတို့ကို ဖမ်းမစားနိုင်ပဲ နောက်ပြန် လှည့်သွားရတယ်။

ကျားသစ်တွေဟာ ကမ္ဘာပေါ်မှာ အပြေးအမြန်ဆုံးသော သတ္တဝါတွေထဲမှာ ပါတယ် ဆိုပေမယ့် မြေညီကွင်းပြင် ထဲမှာသာ သူတို့က သားကောင်တွေကို လိုက်ဖမ်းတာ မြန်တာပါ။

တောင်ဆိတ်တွေကို ကြည့်လိုက်ရင် တောင်ဘယ်လောက် မြင့်မြင့်၊ ကမ်းပါး ဘယ်လောက်ပဲ မတ်မတ်၊ လမ်းဘယ်လောက် ပဲ ကြမ်းကြမ်း၊ ရှေ့မှာ အခက်အခဲတွေက ဘယ်လိုပင် တားဆီးနေပါစေ မရ ရအောင် တက်မယ် ဖြတ်ကျော်မယ် ဆိုတဲ့ ခိုင်မာတဲ့ စိတ်၊ မိမိကိုယ်မိမိ ယုံကြည်တဲ့စိတ် အပြည့်အဝ ရှိနေတာကို လေးစားစဖွယ် တွေ့ရပါတယ်။

တောင်စောင်းအစွန်းမှာ နေနေတဲ့ တောင်ဆိတ်တွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အပြည့်အဝ ရှိတယ်။ ပြုတ်ကျမှာကို စိုးရိမ်စိတ် တစိမှ ရှိတဲ့ပုံ မရပါဘူး။

ဒီလို အရည်အချင်းတွေဟာ အလကားနေရင်းနဲ့တော့ ရမလာပါဘူး။ သူတို့ နေ့စဉ် ရင်ဆိုင် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေက နောက်ဆုံးမှာ တောင်ဆိတ်ကို မတ်စောက်ပြီး အန္တရာယ်များတဲ့ ကမ်းပါးစွန်း ဆိုတာကို မမှုစေတော့ပါဘူး။

ကျနော့်ဆီမှာ တောင်ဆိတ်ရုပ်တုလေး တခု ရှိပါတယ်။ ဘဝမှာ အခက်အခဲတွေနဲ့ ကြုံတွေ့လာတိုင်း စိတ်ဓါတ် ခိုင်မာတဲ့ တောင်ဆိတ်ရုပ်တုလေးကို ကြည့်ပြီး ခွန်အားတွေ ပြည့်ဝစေလေ့ ရှိပါတယ်။

ကိုယ် မကြုံတွေ့ချင် ပေမဲ့လည်း ဆုံလာရတတ်တဲ့ အခက်အခဲတွေကို တောင်ဆိတ်တွေလို ယုံကြည်စွာနဲ့ ကျော်ဖြတ်သွားဖို့ ကိုယ့်ဟာကိုယ် ပြန်လည် သတိပေးလေ့ ရှိပါတယ်။ တောင်ဆိတ်တွေလို စိတ်မျိုးထားနိုင်ကြပါစေ။ Crd

Post a Comment

0 Comments