မျောက် ၅ ကောင်နှင့် ငှက်ပျောသီး

တခါတုန်းက ဓာတ်ခွဲခန်းထဲမှာ မျောက် ၅ ကောင်ကို ထည့်ပြီး သုတေသီတွေဟာ စမ်းသပ်ချက်တခု လုပ်တယ်။ ဓာတ်ခွဲခန်း အလယ်မှာ လှေခါးတခု ထောင်ထားတယ်။ လှေခါးအပေါ်မှာ ငှက်ပျောသီး တဖီး ရှိတယ်။

ငှက်ပျောသီးကို တွေ့တဲ့ မျောက်တကောင်က ငှက်ပျောသီး ယူဖို့ လှေခါးပေါ် တက်လိုက်တဲ့အခါ ကျန်လေးကောင်ကို သုတေသီတွေက ရေအေးနဲ့ လှမ်းပက်တယ်။

သိပ်မကြာခင်မှာ မျောက်တွေ ဘာဖြစ်လာသလဲ ဆိုတော့ သူတို့ထဲက တကောင်ကောင် လှေခါးပေါ်တက်ဖို့ လုပ်ပြီ ဆိုတာနဲ့ တက်တဲ့ကောင်ကို မဟားဒယား ဝိုင်းဆွဲတော့တာပဲ။

ဘယ်ပြောကောင်းမလဲ။ အကြောက်အကန် ဝိုင်းဆွဲတဲ့ ကောင်ကဆွဲ၊ လိုက်ရိုက်ပုတ်တဲ့ ကောင်က ရိုက်ပုတ်နဲ့ နောက်ဆုံးမှာ မျောက်တကောင်မှ လှေခါးကို မတက်ရဲတော့ဘူး။

သိပ်မကြာခင်မှာ မျောက်တကောင်ကို ဖယ်ထုတ်လိုက်တယ်။ ပြီးတော့ သုတေသီတွေဟာ မျောက်အသစ်တကောင် ပြန်ထည့် ပေးလိုက်တယ်။ မျောက်အသစ်က အခန်းထဲ ရောက်ရောက်ချင်း ငှက်ပျောသီးကို တွေ့ရော။

တွေ့တော့ ကိုရွှေချောက ပွတာပဲဆိုပြီး ငှက်ပျောသီးကို တက်အဆွဲ ဟိုလေးကောင်က စောစောကလိုပဲ ဖုန်းဒိုင်း ဖုန်းဒိုင်းနဲ့ နှိပ်ကွပ်တော့တာပေါ့။

မျောက်သစ်က ခဏ ငြိမ်သွားပြီး မေ့လောက်ရှိတော့ တခါ တက်ဆွဲမယ် လုပ်ပြန်ရော။ ဒီအခါမှာ ဟိုလေးကောင်က ထပ်ဆွမ်းကြီးလောင်း ပြန်တယ်။ ဒီလို နှစ်ခါသုံးခါလောက် ထထဖောက်ပြီးလို့ တော်တော် အီစိမ့်သွားတော့မှ မျောက်သစ် မှတ်သွားတယ်။ လှေခါးနားတောင် မကပ်ရဲတော့ဘူး။

တအောင့်နေတော့ နောက်ထပ် မျောက်တကောင်နဲ့ မျောက်ဟောင်းတကောင်နဲ့ ထပ်လဲပြန်တယ်။ ဒီကောင်လဲ အထဲရောက်တော့ ငှက်ပျောသီးကို ဝမ်းသာအားရ တက်ဆွဲတာပေါ့။ အဲဒီချိန်မှာ ဟို မျောက်အဟောင်း သုံးကောင် အပါအဝင် ပထမဆုံးလဲတဲ့ မျောက်ကပါ ဝိုင်းသမလွှတ်တာ ဒီကောင်လဲ ထပ်ပြီးတော့ အပိုးကျိုးသွားတယ်။

ဒီလိုနဲ့ တတိယမျောက် စတုတ္ထမျောက်နဲ့ လဲလာလိုက်တာ နောက်ဆုံး အခန်းထဲမှာ မျောက်သစ် ၅ ကောင် ကျန်ခဲ့တယ်။ ဒီ မျောက်သစ် ၅ ကောင်ဟာ ဘာကြောင့် လှေခါး မတက်ရမှန်း နားမလည်ကြဘူး။ သို့သော် နောက်ထပ် ဝင်လာတဲ့ ဘယ်သူ့ကိုမှလည်း ဒီအပေါ် မတက်လာအောင် ဝိုင်းရိုက် ဖိနှိပ်သွားတော့သတဲ့။

လုပ်ငန်းခွင် - ဒီကနေ့ခေတ် လုပ်ငန်းခွင်ထဲမှာ တခုခုဆိုရင် အထက်အရာရှိက လက်အောက်ငယ်သားတွေကို ပညာသင်ပေးတဲ့အခါ ဒါကိုလုပ်ရင် ဒါဖြစ်မယ်။ ဒီတော့ ဒီလမ်းအတိုင်း မင်းတို့သွား။ ကျန်တာ မင်းတို့ ဘာမှမထိနဲ့ ဆိုတဲ့ ပုံစံနဲ့ သင်ပေးတာ များကြတယ်။

ဘာ့ကြောင့်လဲ ဆိုတာကို ပြန်ရှင်းပြလေ့ မရှိတဲ့အပြင် ပြန်မေးတဲ့ ဝန်ထမ်းကိုပါ အချို့ အရာရှိတွေက အငြှိုးထား လာနိုင်တဲ့ အတွက်ကြောင့် ဝန်ထမ်းတွေ ဘက်ကလဲ ခိုင်းတဲ့အတိုင်း လုပ်မယ် အချိန်တန်လို့ လခ ရနေရင် ပြီးရောဆိုတဲ့ ပုံစံနဲ့ ပညာကို လက်ဆင့်ကမ်း လာကြတယ်။

ဒီအောက်က ဝန်ထမ်းတွေဟာ တဖြည်းဖြည်းနဲ့ ရာထူးတက်လာတဲ့အခါ ဘာတွေ ဖြစ်ကုန်သလဲ။ စမ်းသပ်ချက်ထဲက မျောက်တွေလို ဖြစ်ကုန်တော့တာပဲ။ သူတို့ကိုယ်တိုင်ကလည်း အာဏာနဲ့သာ အရာရာကို ရှေ့ဆက်တော့တယ်။ ပြီးတော့ ဒီလမ်းအတိုင်းသွားမှသာ မှန်တယ်ဆိုတဲ့ အမြင်တွေ ဖြစ်လာတယ်။

လမ်းကြောင်းကနေ ဖောက်ထွက်ချင်တဲ့ ဝန်ထမ်းတွေဆိုရင် နေရာ မပေးတော့ဘူး။ ဒီလိုနဲ့ စည်းတွေ ဆက်ခါဆက်ခါ ခြားလာတဲ့အခါမှာ ကုမ္ပဏီကြီးတွေရဲ့ ပွင့်လင်းမြင်သာမှုဟာ ပျောက်ဆုံး လာကြတယ်။ ဘယ်က တွန်းနေမှန်းမသိတဲ့ တွန်းအားကြီးနဲ့ သူတို့ဟာ ရှေ့ဆက်နေတဲ့ပုံစံ ဖြစ်လာတယ်။

ဘယ်လို ဖောက်ထွက်နိုင်မလဲ - ဝန်ထမ်းတွေ အနေနဲ့ သိချင်တဲ့ ကိစ္စကြီးကို မေးချင်တဲ့စိတ် စူးစမ်းချင်တဲ့ စိတ်ကလေးတော့ ဦးစွာရှိဖို့ လိုအပ်ပါတယ်။ အကြောင်းက ဘာလဲ။ ဘာ့ကြောင့် ဒါတွေ ဒါတွေဟာ လိုအပ်တာလဲ။ ကျွန်တော်တို့ သိချင်ပါတယ် ဆိုတဲ့စကား ပြောရဲဖို့ လိုအပ်ပါတယ်။

မျောက်ငါးကောင်ပုံပြင် ပြောပြပါ – အခါသင့်ရင် သင့်သလို မျောက် ငါးကောင်ပုံပြင်လေးကို အပေါင်းအသင်းတွေ ကြားမှာ လက်ဆင့်ကမ်း ပေးကြပါ။ ဒီပုံပြင်နဲ့ လုပ်ငန်းခွင် ဆက်စပ်ပုံကို ပြောဆိုရှင်းလင်း ပြပါ။

တကယ်တော့ လုပ်ငန်းခွင်မှာ ရလဒ်ကောင်းတွေ ဖြစ်တည်လာဖို့ ဆိုရင် ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင် တခု ဖြစ်နေသင့်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့အခါ လျှောက်နေရတဲ့ ဘောင် ကျဉ်းသလို လုပ်ကိုင်ရတာ ခက်ခဲလေ့ ရှိတတ်ကြပါတယ်။

လွှတ်ပေးပါ – အရာရှိတွေ အနေနဲ့လည်း လက်အောက်ငယ်သားတွေကို ယုံကြည်ပေးဖို့ လိုအပ်ပါတယ်။ များသော အားဖြင့် ဒီအတိုင်းပဲ သွားကြလို့ ခိုင်းတဲ့စနစ်ဟာ သူတို့ မစွမ်းဆောင်နိုင်လို့ ဆိုတဲ့ အမြင်ကို ဆုပ်ကိုင်ထားလေ့ ရှိတတ်ကြပါတယ်။ ဒါကို တချက် စဉ်းစားကြပါ။ သူတို့အနေနဲ့ တကယ်ပဲ မစဉ်းစားနိုင် တော့ဘူးလား။

ကိုယ့်တုန်းကရော ဘယ်လို ကိုင်တွယ် ခဲ့သလဲ စသဖြင့် မျှတွေးပေးပါ။ လွှတ်ပေးသင့်တာကို လွှတ်ပေးကြည့်ပါ။ ဒီလိုမျိုး ပြုပြင်ပြောင်းလဲ ယူနိုင်ခဲ့ရင်တော့ အဆင်ပြေ ချောမွေ့လာတဲ့ လုပ်ငန်းခွင်တခု တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments