ပိုက်ဆံကို ဘယ်လိုစုကြမလဲ

ပိုက်ဆံ စုတယ်ဆိုတာ ရည်မှန်းချက် တခု ထားပြီး ရေရှည် တည်ဆောက်ထားသင့်တဲ့ အလေ့အကျင့်တခု ဖြစ်ပါတယ်။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံဘယ်လောက် ဝင်တယ်ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီး ပါတယ်။

လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူတတ် ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့ အချိန်မှာ ဘယ်လိုဗျူဟာတွေ သုံးရမလဲ ဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်။

၁။ သုံးပြီးမှ မစုလေနဲ့။

လစာထုတ်တာနဲ့ လိုချင်တဲ့ ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံစုတတ် ကြတယ်။ တကယ်တမ်းတော့ လစဉ် စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်း ပြီးမှသာ လိုအပ်တဲ့ အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံး လုပ်ရမှာက စုဆောင်းမယ့် ပိုက်ဆံကို သီးသန့် ချန်ထားသင့်ပါတယ်။

၂။ တံဆိပ်စွဲ မထားလေနဲ့။

ဆယ်သိန်းလောက် ရှိတဲ့ iPhone ဝယ်မယ့်အစား အတန်အသင့် သုံးလို့ကောင်းတဲ့ နှစ်သိန်းတန် စမတ်ဖုန်းတလုံးကို ဝယ်ပြီး ကျန်တဲ့ ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ် ရှိပါတယ်။

နာမည်ကြီး တံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးသင့်တဲ့ သဘောပါ။ ဆိုင်ထိုင်မယ် ဆိုရင် နာမည်ကြီးဆိုင်မှာ ထိုင်တာထက် အစားအသောက် ကောင်းတဲ့ ဆိုင်မှာ ထိုင်တာက ပိုအရသာ ရှိသလို ငွေကုန်လည်း သက်သာစေ ပါတယ်။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ။

အအေးဘူး ဝယ်သောက်လိုက်လို့ ငါးရာပဲ ကုန်တာ တခါတလေမှာ ဘာမှ မဖြစ်ပေမယ့် ကြိမ်ဖန် များလာရင် "ဆိတ်ဖန်များ အနာဖြစ်" တတ်ပါတယ်။

ဥပမာ စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့အိတ် လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့ သဘောပါ။

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ။

ပစ္စည်းတခု ဝယ်ချင်တယ် ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက် ကြာတော့မှ ကိုယ်ကလည်း တကယ် လိုချင်နေတယ်၊ ပစ္စည်းကလည်း လိုအပ်နေတယ် ဆိုတော့မှ ဝယ်လိုက်ပါ။

စောင့်နေတဲ့ အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာ စိတ်မပူပါနဲ့။ ပိုကောင်းပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာ ရောက်နေပါပြီ။

၅။ အင်တာနက် လျော့သုံးပါ။

ကိုယ့်အလုပ်ဟာ အင်တာနက်နဲ့ မသက်ဆိုင်ဘူး ဆိုရင် တနေ့မှာ တနာရီထက် ပိုမသုံးပါနဲ့။ အင်တာနက်ကို ရိုးရိုးသုံးတာထက်စာရင် ပညာဗဟုသုတ ရစေနိုင်မှာမျိုးတွေကို အဓိကထား ရှာဖတ်ပါ။

၆။ လိုအပ်တာလား လိုချင်တာလား။

လူတွေဟာ ကိုယ့်အတွက် တကယ် မလိုအပ်တဲ့ ပစ္စည်းတွေကိုမှ လိုချင်နေမိ တတ်တယ်။ "မလိုအပ်တဲ့ အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ်" ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့ စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။

နောက်ဆုံး အရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက် ထားပြီး စုတတ်ဖို့ပဲ။ ရည်မှန်းချက် ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ် ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ ဘဝဟာ အနှစ်သာရ ပြည့်ဝနေတာပေါ့။ ကဲ သူငယ်ချင်းတွေ သိရအောင်လည်း ဝေငှပေးလိုက်ဦးနော်။ Crd

Post a Comment

0 Comments