ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ယသပါဏီမင်းကြီး မင်းပြုစဉ် ဘုရားလောင်းဟာ ဓမ္မဓဇအမည်ရှိတဲ့ ပုရောဟိတ်အမတ် ဖြစ်နေတယ်။
ကာဠက ခေါ်တဲ့ စစ်သူကြီးနဲ့ ဆတ္တပါဏိ ခေါ်တဲ့ ဆတ္တာသည်တို့ကလည်း မင်းဆီမှာ ခစားနေကြတယ်။ ကာဠကဟာ စစ်သူကြီးတာဝန်အပြင် တရားဆုံးဖြတ်မှု တွေကိုပါ ပူးတွဲ တာဝန်ယူထားတယ်။
တနေ့တော့ တရားရှုံးတဲ့ အမှုသည် တယောက်ဟာ တရားရုံးထဲကနေ ငိုယိုထွက်လာပြီး ဓမ္မဓဇအမတ်ရဲ့ ခြေအစုံကို ဖက်ကာ မျှမျှတတ ဆုံးဖြတ်ပေးဖို့ တိုးလျှိုးတောင်းပန်တယ်။
အကျိုးအကြောင်းကို စုံစမ်းကြည့်တဲ့အခါ တရားနိုင်သင့်ရက်နဲ့ ရှုံးနိမ့်ခဲ့ရသူဖြစ်ကြောင်း သိသွားပြီး ဓမ္မဓဇကိုယ်တိုင် တရားရုံးကို ပြန်ခေါ်ကာ ပြန်လည်စစ်ဆေး ကြားနာပေးတယ်။
အမှန်တကယ် တရားအနိုင် ရဖြစ်ကြောင်း သက်သေခိုင်ခိုင်လုံလုံ ပြသကာ အဲဒီလူကို အနိုင်ပေးကြောင်း ကြေညာလိုက်တယ်။ လူအများကလည်း တခဲနက် ကောင်းချီးပေးကြတယ်။
ဒီအကြောင်းကို မင်းကြီး သိတဲ့အခါ လွန်စွာ အားရကျေနပ်သွားပြီး အဲဒီနေ့က စလို့ ဓမ္မဓဇကို တရားသူကြီးရာထူး ပေးအပ်လိုက်တယ်။
တံစိုးလက်ဆောင် စားပေါက်ပိတ်သွားတဲ့ ကာဠကအမတ်က ဓမ္မဓဇကို ရန်ညိုးဖွဲ့ပြီး မင်းထံ ကုန်းချောတယ်။ မင်းကို သိမ်းသွင်းစည်းရုံပြီး ဓမ္မဓဇကို မဖြစ်နိုင်တဲ့ လုပ်ငန်းတွေ စေခိုင်းပြီး အပြစ်ရှာဖို့ အကြံပေးလိုက်တယ်။ မင်းက ဓမ္မဓဇကို ခေါ်ပြီး
"ပညာရှိအမတ်၊ ငါဟာ လက်ရှိဥယျာဉ်ဟောင်းကို မကစားလိုတော့။ မနက်ဖြန်ကျရင် ဥယျာဉ်သစ်မှာ ကစားချင်တယ်။ ဥယျာဉ်သစ်တခု ဖန်ဆင်းလော့၊ မဖန်ဆင်းနိုင်က သင့်ကို သတ်ရလိမ့်မယ်" လို့ အမိန့်ပေးလိုက်တယ်။
ဓမ္မဓဇက ဒါဟာ ကာဠကစစ်သူကြီး ချောက်ချမှန်း သိလိုက်တယ်။ ဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါ ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို စဉ်းစားနေတယ်။ အဲဒီအချိန် ဘုရားလောင်းရဲ့ အခက်အခဲကို သိသွားတဲ့ သိကြားမင်းက ဓမ္မဓဇထံ ရောက်လာပြီး သာယာလှတဲ့ ဥယျာဉ်သစ်ကြီးတခုကို ဖန်ဆင်းပေး လိုက်တယ်။
အဲဒီနောက် မင်းက မဖြစ်နိုင်လောက်ဘူးလို့ ထင်ထားတဲ့ ရတနာခုနစ်ပါးအတိပြီးတဲ့ ရေကန်၊ ဆင်စွယ်ပြသာဒ်နဲ့ ပြသာဒ်ကို အလင်းရောင် ပေးနိုင်တဲ့ ပတ္တမြားတို့ကို ဖန်ဆင်းပေး ပြန်တယ်။
ဓမ္မဓဇလည်း သိကြားမင်းရဲ့ အကူအညီနဲ့ မင်းကြီး စေခိုင်းထားသမျှကို အချိန်မီ ဖြည့်ဆည်း ဆောင်ရွက်နိုင်ခဲ့တယ်။
တဖန် ကာဠကစစ်သူကြီးက "အရှင်မင်းကြီး၊ ဓမ္မဓဇကို နတ်တွေ ကူညီပေးနေပုံ ရပါတယ်။ ဒီတခါတော့ နတ်တွေ ကူညီမပေးနိုင်အောင် အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့ ဥယျာဉ်စောင့်ကို ဖန်ဆင်းခိုင်းတော်မူပါ" လို့ လျှောက်တင်တယ်။ မင်းလည်း ကာဠကစစ်သူကြီး လျှောက်တင်တဲ့အတိုင်း ဓမ္မဓဇကို စေခိုင်းပြန်တယ်။
ဒီတခါတော့ ဓမ္မဓဇလည်း မကြံတတ်တော့ဘူး။ သိကြားမင်းဟာ တခြားအရာတွေ ကူညီနိုင်ပေမဲ့ ဒီတခုကို မဖန်ဆင်းပေးနိုင်ကြောင်း သိတယ်။ ဒါကြောင့် တပါးသူ လက်ချက်နဲ့ သေရတာထက် တောထဲမှာ သေရခြင်းက ပိုမြတ်တယ်လို့ ဆင်ခြင်ပြီး တောထဲကို ဝင်သွားတယ်။
သစ်ပင်ခြေရင်းမှာ ထိုင်းပြီး လောကဓံတရားတို့ နှိပ်စက်ပုံကို စဉ်းစားဆင်ခြင် နေတယ်။ အဲဒီအချိန်မှာ သိကြားမင်းက တောလိုက်မုဆိုးအသွင်းနဲ့ ဘုရားလောင်းရှိရာကို ရောက်လာတယ်။
အကျိုးအကြောင်းကို မေးမြန်းပြီးတော့မှ "အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့ ဥယျာဉ်စောင့်ကို အလိုရှိရင် ဆတ္တာသည် ဆတ္တပါဏိကို ပြပါလေ" လို့ ဆိုပြီး ပြန်သွားတယ်။
ဓမ္မဓဇဟာ အိမ်ကို ပြန်လာခဲ့ပြီး ဆတ္တပါဏိကို လက်က ဆွဲကိုင်ကာ မင်းကြီးရှေ့မှောက်ကို ဝင်လာခဲ့တယ်။ "အရှင်မင်းကြီး၊ အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့ ဥယျာဉ်စောင့်ကို အလိုရှိပါက ဆတ္တပါဏိကို ဥယျာဉ်စောင့် ခန့်တော်မူပါ" လို့ လျှောက်တင်လိုက်တယ်။
ဒီတော့မှ မင်းက ဆတ္တပါဏိကို အင်္ဂါလေးပါးနဲ့ ပြည့်စုံသူ ဟုတ်မဟုတ် မေးမြန်းရာ ဆတ္တပါဏိက "အရှင်မင်းကြီး၊ အကျွန်ုပ်သည် ငြူစူခြင်းလည်းမရှိ၊ သေရည် သေရက်ကိုလည်း မသောက်၊ ချစ်ခြင်းလည်း ကင်းတယ်၊ အမျက်လည်း မထွက်တတ်ပါ။ ဒါကြောင့် အင်္ဂါလေးပါးနဲ့ ပြည့်စုံပါသူ ဟုတ်ပါတယ်" လို့ လျှောက်တယ်။
အဲဒီအခါ မင်းက ပရိသတ်ကို မျက်ရိပ်မျက်ခြည် ပြလိုက်ရာ အမတ်၊ ပုဏ္ဏား၊ သူကြွယ် စသူတို့ကို ကာဠကစစ်သူကြီးကို ဖမ်းပြီး ဝိုင်းဝန်း ရိုက်နှက်ကြလို့ အဲဒီနေရာမှာပင် ကာဠကစစ်သူကြီး သေဆုံးသွား လေတော့တယ်။ သူတပါးကို မကောင်းကြံလျှင် ကိုယ်သာဘေးဒဏ် ထိတတ်သည်။ Crd
0 Comments