တခါက ရွာတရွာမှာရှိတဲ့ အိမ်တအိမ်မှာ မွေးထားတဲ့ ကြက်တူရွေးလေး တကောင် ရှိသတဲ့။ စကားလည်း ပြောတတ်တာမို့ လူတိုင်းက ချစ်ကြတာပေါ့။
အဲဒါကို သူက စိတ်ကြီးဝင်နေသတဲ့။ လှောင်ချိုင့်ထဲကနေ တခြားအိမ်မွေး တိရစ္ဆာန်တွေကို ဝေဖန်နေသတဲ့။ "ကိုနွားကြီး ခင်ဗျားဖြင့် တနေ့ တနေ့ စားမြုံ့ ပြန်နေတာပဲ။ ဘာမှာလည်း မလုပ်ဘူး။
ကိုကြက်ဖ၊ ခင်ဗျားလည်း မနက်တခါ တွန်ပြီးရင် အစာပဲ ကောက်ရှာ စားနေတာပဲ။ ကိုခွေး ခင်ဗျားဖြင့် ခွေချည်း အိပ်နေတာပဲ" စသဖြင့် ပေါ့ကွယ်။ သူတို့တွေကတော့ သူ့ဘာမှ ပြန်ပြောမနေဘူးပေါ့။
တနေ့ကျတော့ သူ့သခင်မလေးက လှောင်ချိုင့်ဖွင့်ပြီး အစာထည့်ကျွေးမလို့ လုပ်နေစဉ်မှာ အရေးကြီးတာတခု ပေါ်လို့ သွားလုပ်နေတာနဲ့ လှောင်ချိုင့် မပိတ်ခဲ့မိဘူးတဲ့။
ကြက်တူရွေးလည်း အပြင်ထွက်ပြီး ဟိုဟိုဒီဒီ သွားကြည့်တာပေါ့။ ဒါပေမယ့် အတောင်ပံတွေကို ညှပ်ထားတာမို့ ပျံလို့တော့ မရဘူးပေါ့။
လယ်ကွင်းတွေနား ရောက်သွားတော့ ကိုနွားကြီးက လယ်ထွန်တဲ့ဆီမှာ ပင်ပင်ပန်းပန်း လုပ်နေရှာတာ တွေ့သတဲ့။
ကြက်မကြီးနဲ့ ကြက်ကလေးတွေ အစာရှာတဲ့နား ကြည့်နေတုန်း မြွေတကောင်က ကြက်တွေကို လာဆွဲသတဲ့။ ကြက်ဖကြီးက လာပြီး ရဲရဲဝင့်ဝင့် ခွပ်လိုက်တော့ မြွေက ထွက်ပြေးသွား တာပေါ့။
ကြက်တူရွေးက "သူတို့လည်း သူတို့အလုပ်နဲ့ သူတို့ပါလား" လို့ သဘောပေါက် စဉ်းစားနေတုန်း ဗြုန်းဆို ကြောင်တကောင်က သူ့ကို လာခုန်အုပ် ပါလေရော။
အဲ့ဒီအချိန်မှာ ကိုခွေးကြီးက အဝေးက ပြေးလာပြီး ကြောင်ကို ကိုက်မယ်လုပ်မှ ထွက်ပြေးသွားလို့ ကြက်တူရွေးလေး အသက်ချမ်းသာရာ ရတာပေါ့ကွယ်။
သူ့သခင်မလေးလည်း ရောက်လာတာနဲ့ သူ့ကို အိမ်ခေါ်သွား၊ ပြုစုပေးသတဲ့။ အဲဒီအချိန်ကစပြီး ကြက်တူရွေးလေးဟာ မာနကြီးမာန်တက်တဲ့ စကားတွေ မပြောတော့ဘူးတဲ့။
တို့တတွေလည်း ကျွမ်းကျင်ရာ လိမ်မာ ဆိုတဲ့ ဆိုရိုးစကားလေး လက်ကိုင်ထားပြီး ကိုယ်တော်တာ တခု အတွက်နဲ့ မာန မထားရဘူးနော်။ တခြားသူတွေကို လေးစားမှု ပေးပြီး သူတို့ ကျွမ်းကျင်တာကို လေ့လာမှတ်သား ရမယ်နော်။ phoomyatchal
0 Comments