သိန်းငှက်မတကောင်ဟာ ဥဥဖို့ အတွက် တောင်ပေါ်မှာ ပေါက်တဲ့ သစ်ပင်ရှာတယ်။ အဲ့ဒီသစ်ပင်တွေ ထဲမှာတောင် အမြင့်ဆုံး သစ်ပင် ပေါ်မှာ အသိုက်ကို ဆောက်တယ်။
ပထမတော့ အသိုက်ကို ကြီးတဲ့သစ်ကိုင်း သစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ်။ အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်။
နောက်တော့မှ သူမရဲ့ အမွေးနုတွေကို နှုတ်သီးနဲ့ ဆွဲနှုတ်ပြီး ထည့်တယ်။ နောက်တော့ အဲ့ဒီအပေါ်မှာ ဥကို ဥလိုက်ပါတယ်။ ဥက များများ မဥပါ ဘူး။ တလုံး နှစ်လုံးပါပဲ။ အဲဒီဥပေါ်မှာ သိန်းငှက်မကြီး ဝပ်တယ်။ အချိန်တန်တော့လည်း ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာတယ်။
သိန်းငှက်မကြီးဟာ ငယ်သေးတဲ့ သိန်းငှက် ကလေးတွေအတွက် အစားရှာ ကျွေးပါတယ်။ သိန်းငှက်ကလေးတွေ အမွှေးနုတွေထွက်လာပြီ ဆိုရင် သိန်းငှက်မကြီးက အသိုက်ထဲမှာ ရှိတဲ့ အမွေးနုတွေကို ဖယ်ရှားပစ်တယ်။
နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့ အမွေးတွေ ရှည်လာရင် သိန်းငှက်မကြီးက သစ်ရွက်ခြောက်တွေ ဖယ်ရှားလိုက် တယ်။ သဘောကတော့ ကြမ်းတမ်းတဲ့ သစ်ကိုင်းသစ်ခက်တွေရဲ့ အထိအတွေ့နဲ့ ကြီးပြင်စေချင်လို့ပါ။
နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့ အတောင်ပံတွေက ရှည်သထက် ရှည်လာတယ်။ ပျံသန်းလို့ ရနိုင်တဲ့ အချိန်ကို ရောက်ပြီလို့ သိန်းငှက်မကြီးက ယူဆတဲ့ အချိန်မှာ သိန်းငှက်ကလေးတွေကို အသိုက်ထဲက တွန်းချလိုက်တယ်။
သိန်းငှက်ကလေးတွေက ယက်ကန်ယက်နဲ့ တောင်ပေါ် အသိုက်ထဲက ပြုတ်ကျသွားတယ်။ မပျံနိုင်သေးလို့ ကျောက်ကြိုကျောက်ကြားထဲ ကျလို့ မရသေးဘူး ထင်ရင် သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ်။ သိပ်မကြာခင်မှာပဲ သိန်းငှက်မကြီးက သူရဲ့ သားသမီးတွေကို အသိုက်ထဲက တွန်းချ ပြန်တယ်။
ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ တွန်းချပါတယ်။ သိန်းငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီး ပျံသန်းနိုင်ပြီ ဆိုတာနဲ့ အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့။ သိန်းငှက်မကြီးရဲ့ တာဝန်ပြီးပြီ။
အမေရိကန်နိုင်ငံသားတွေဟာ သိန်းငှက်ပုံပြင်လိုပဲ သူတို့သားသမီးတွေကို လမ်းလျှောက်တတ်ခါစမှာပဲ အမှိုက်ပုံးမှာ ကိုယ့်အမှိုက်ကို ကိုယ်ပစ်တတ်အောင် သင်ပေးတယ်။ အရွယ်နဲ့အမျှ တတ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ်။
အသက် ၁၈ နှစ် ပြည့်ရင်တော့ သိန်းငှက်မက အသိုက်ထဲက တွန်းချလိုက် သလိုမျိုး တွန်းချလိုက်တာပဲ။ ကိုယ့်စရိတ် ကိုယ်ရှာပြီး ကောလိပ် တက္ကသိုလ် တက်ပေတော့။ ဘွဲ့မရခင်မှာဘဲ လုပ်ငန်း အတွေ့အကြုံက အမျိုးမျိုး ရနေပြီ။
ယောက်ျားရော မိန်းမပါ အရွယ်ရောက်တာနဲ့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ။ သေနတ်တိုင်း ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်နေပြီ။ ရေကူးခြင်း အတတ်ပညာ ကိုလည်း ကောင်းကောင်း ကျွမ်းကျင်နေပြီ။ နိုင်ငံပေါင်းမြောက်များစွာ ကိုလည်း ရောက်ဖူးနေပြီ။
သားသမီးတွေကို မိဘများအနေနဲ့ ဘဝမှာ အကောင်းဆုံး လက်ဆောင်ဟာ တသက်လုံး သုံးလို့ မကုန်တဲ့ ငွေ မဟုတ်ပါဘူး။ ရင်ခွင်ထဲမှာ အမြဲတမ်း ထည့်ထားဖို့လည်း မဟုတ်ပါဘူး။ ဘွဲ့လက်မှတ်လည်း မဟုတ်ပါဘူး။ အိမ်ထောင်ဖက် ကောင်းကောင်းကို ရွေးပေးတာလည်း မဟုတ်ပါဘူး။
မိဘများအနေနဲ့ သားသမီးတွေကို ပေးသင့်တဲ့ အကောင်းဆုံး လက်ဆောင်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးတဲ့ စိတ်ဓာတ်ပါ။
ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကို ရနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတခုကတော့ သူတို့ကြောက်နေတဲ့ အလုပ်ကို သူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်တယ်။ မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ်။ သူတို့ကို အကြိမ်ကြိမ်အခါခါ တွန်းချဖို့ လိုပါတယ်။ Crd
0 Comments