တနေ့မှာ လူတယောက်ဟာ တောထဲသွားပြီး ထင်းရှာရင်းနဲ့ လင်းယုန်ငှက်သိုက် တခုမှာ လင်းယုန်ငှက်ဥ တဥကို တွေ့လို့ အိမ်ကို ယူလာတယ်။ အိမ်မှာ ကြက်မကြီး ဝပ်နေတဲ့ ကြက်ဥတွေမှာ လင်းယုန်ငှက်ဥကို ထားပေးလိုက်တယ်။
မကြာခင်မှာ ဥတွေကနေ ကြက်ကလေးတွေ ပေါက်လာကြသလို လင်းယုန်ငှက်လေး တကောင်လည်း ပေါက်လာတယ်။
လင်းယုန်ငှက်လေးဟာ ကြက်ကလေးတွေ လုပ်တာကို လိုက်လုပ်တယ်။ ကြက်ကလေးတွေလိုပဲ မြေပြင်ကို ယက်ပြီး အစာရှာစားတယ်။ သူ့ကိုယ်သူ လင်းယုန်ငှက်မှန်း မသိဘဲ ကြက်ကလေးလို့ပဲ ထင်နေပါတယ်။
ကြက်ကလေးတွေဟာ လေထဲမှာ ခဏလေးနဲ့ နီးနီးလေးပဲ ပျံတတ်သလို လင်းယုန်ငှက်လေးလည်း အဲဒီလောက်ပဲ ပျံတတ်တယ်။
တနေ့မှာ ကြီးလာပြီ ဖြစ်တဲ့ လင်းယုန်ငှက်ဟာ ကောင်းကင်ယံ အမြင့်ကြီးမှာ ငှက်တကောင်ဟာ ဝဲပျံနေတာကို မြင်လိုက်လို့ အရမ်း အားကျမိတယ်။ သူက သူနဲ့ အတူ ကြီးပြင်းလာကြတဲ့ ကြက်တွေကို ခုလို မေးလိုက်တယ်။
"မိုးပေါ်မှာ ပျံနေတာ ဘာကောင်လဲ"
ကြက်တကောင်က ပြန်ဖြေတယ်။ "အဲဒါ လင်းယုန်ငှက်ပါ။ ငှက်တွေရဲ့ ဘုရင်ပေါ့။ သူက ကောင်းကင်ကို ပိုင်စိုးတယ်။ ငါတို့ကတော့ မြေပြင်ကိုပဲ ပိုင်စိုးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ဟာ ကြက်တွေပဲ ဖြစ်နေကြလို့ပါ"
ဒီလိုနဲ့ပဲ လင်းယုန်ငှက်ဟာ ကြက်တွေနဲ့ အတူ အစာရှာစားရင်း အသက်ကြီးလာတော့ သေဆုံးသွား ပါတယ်။
ဒီပုံပြင်လေးဟာ ရိုးရိုးလေးပါ။ စိတ်စားစရာလည်း မပါ ပါဘူး။ ဒါပေမဲ့ ပုံပြင်လေးဟာ ကျွန်တော်တို့ကို စဉ်းစားစရာ အတွေးတွေကို ပေးထားပါတယ်။
တချို့လူတွေဟာ မွေးကတည်းက ထူးချွန်အောင် လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတွေကြားမှာ နေရင်း သူတို့မှာ ရှိတဲ့ အရည်အချင်းတွေကို သူတို့ မသိကြဘူး။
သူတို့ကိုယ် သူတို့ သာမန်လူလို့ပဲ ထင်နေကြပြီး ကြီးကြီးကျယ်ကျယ် အားထုတ်ကြိုးပမ်းမှု မလုပ်တာကြောင့် တသက်လုံး ဆင်းဆင်းရဲရဲနဲ့ နေသွားရတယ်။
သင်ဟာ အရည်အချင်းရှိသူ တယောက်မို့ ကြက်တွေ ကြားမှာ နေနေရပေမယ့် ကြက်မဟုတ်ဘူး၊ လင်းယုန်ငှက်ဆိုတာ သိထားပါ။ ဒါကြောင့် ယနေ့က စပြီး သင် လင်းယုန်ငှက်စိတ် မွေးထားပါ။ ကောင်းကင်ကို ပျံတက်ပြီး ကြယ်ကိုတောင် ဆွတ်နိုင်သူဆိုတာကို သိထားပါ။
သင် အဲဒီလို စိတ်ထား ပြောင်းလိုက်ရင် သင့်ဘဝလည်း ပြောင်းလဲသွားပါလိမ့်မယ်။ တိုးတက် လာပါလိမ့်မယ်။
အဲဒီလို စိတ်မျိုး မပြောင်းနိုင်ရင်တော့ သင်ဟာ မြေပြင်ကို ယက်ပြီး အစာကို ရှာစားရင်း အသက်ရှင်နေရတဲ့ ကြက်လိုပဲ ဘဝ တသက်တာကို ရုန်းကန် လှုပ်ရှားနေရင်းနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ ဗန်းမော်သိန်းဖေ
0 Comments