တခါက ခရီးသွားနေတဲ့ လူတစုကို ဓါးပြအဖွဲ့တွေက ဖမ်းဆီးလိုက်ကြတယ်။အဲ့နောက်မှာ တပည့်တယောက်က ဓါးပြဗိုလ်ဖြစ်သူကို ပြောလိုက်တယ်။
"ဆရာရေ ကျွန်တော်တို့မိတဲ့ အထဲမှာ ရှင်ဘုရင်တဦးလည်း ပါလာတယ်"
ဓါးပြခေါင်းဆောင်က ရှင်ဘုရင်ကို ပြုံးပြီးကြည့်တယ်။
"မင်းကောင်း မင်းမြတ်ကြီးပါလား အရပ်ဝတ်ကြီးနဲ့ ဆိုတော့ ရုပ်ဖျက်ပြီး တိုင်းခန်းလှည့်လည်တယ်ထင်ပါ့"
ဘုရင်ဆိုသူက ပြုံးပြီး ခေါင်းညိတ်ပြသည်။ ဘုရင်နှင့်အတူ မိလာသော သူများကလည်း သူတို့နဲ့အတူ အဖမ်းခံထားရသည်မှာ ဘုရင်ဆိုတော့ အံ့အားသင့်နေပုံ ရသည်။
"ဒီဘုရင်က ကျုပ်တို့ကို ဒုက္ခပေးမယ့် ဘုရင်ပဲ။ သတ်ပစ်လိုက်မလား ဆရာ"
"အေး သတ်တာတော့ သတ်တာပေါ့ကွာ ဒါပေမယ့် မသတ်ခင်လေး ရှင်ဘုရင်က ဦးညွှတ်တာလေးတော့ လိုချင်မိသားကွ။ အဟေးဟေး"
"မောင်မင်းတို့ ကျုပ်ကိုပဲ သတ်လို့ရမယ်။ ဘုရင်ဆိုတဲ့ နေရာကို သတ်လို့မရဘူး။ ကျုပ်သေသွားလည်း ဘုရင်ဆိုတဲ့ နေရာကို တရောက်ရောက်က ဝင်ယူဦးမှာပဲ။ အဲ့ဒီအခါကျမှ ဘုရင်ကိုတောင် သတ်တဲ့ ဓားပြရယ်လို့ မောင်မင်းတို့ကို ပိုငြိုးကြလိမ့်မယ်"
ဓားပြခေါင်းဆောင် တွေဝေသွားသည်။ "ဒါဆိုရင်တော့ ခင်ဗျားကို လွှတ်ပေးမယ်။ ဒါပေမယ့်လွှတ် ပေးစေချင်ရင် ခင်ဗျား ကျုပ်ကို အရိုအသေ ပေးသွားရမယ်"
"ကျုပ်အသေခံမယ်။ အသက်သေမှာ ကြောက်လို့ ဦးညွတ်သွားတဲ့ ဘုရင်ဘဝကို ကျုပ် အရောက်မခံနိုင်ဘူး။ တိုင်းသူပြည်သားတွေရဲ့ လေးစားဂါရဝကို ခံယူပြီးပြီ ဖြစ်တဲ့အတွက် လေးစားခံထိုက်အောင် နေပေးဖို့ကျုပ်တာဝန်ပဲ"
"ခင်ဗျားက တော်တော်ကြီးကျယ်တဲ့ ဘုရင်ပဲ။ ခင်ဗျား ကျုပ်တို့ကို ဦးမညွှတ်ရင် ဒီလူတွေကို ကျုပ်ကသတ်မှာ"
ဘုရင်ဟာ ဝုန်းကနဲ ဒူးထောက် ချလိုက်ပြီး ဓားပြများကို အရိုအသေ ပြုလေတော့သည်။ အရိုအသေ ပြုခံရသော ဓားပြဗိုလ်ဟာကျောထဲစိမ့်ကနဲ ချမ်းသွားသည်။ ဘယ်လို ဘုရင်လဲ။
သူ့ကို သတ်မယ် ဆိုတုန်းက အသက်ကိုတောင် မငဲ့ကွက်ဘဲ ရာဇဂုဏ်အတွက် ဒူးမထောက်လိုသူက အခုတော့ မြေ ပြင်မှာ ပြားပြားမှောက်ဝပ်လို့။ ဒါက ဘုရင်အစစ်။ ဒါမှ ဘုရင်အစစ်။ ဘုရင့်သိက္ခာကို မိမိအသက်ထက် ပိုတန်ဖိုးထားတဲ့ ဘုရင်၊ တိုင်းသူ ပြည်သားတွေရဲ့ အသက်ကို ဘုရင့်သိက္ခာထက် ပိုတန်ဖိုးထားတဲ့ဘုရင်။
ဓားပြဗိုလ်ဖြစ်သူ မျက်ရည်များ ဝဲတက်လာသည်။ ဓားစာခံ ပြည်သူများကို ကြည့်တော့လည်း ဒူးထောက်နေသော ပြည့်ရှင်မင်းကိုကြည့်ကာ လေးစားချစ်ခင်မှု၊ ဝမ်းနည်းကြေကွဲမှုများ ယှက်ထွေးလျက် မျက်ရည်များ ဝေနေလေတော့သည်။ ဓားပြဗိုလ်ဖြစ်သူသည် ဘုရင့်ရှေ့ ဒူးထောက်ချလိုက်ပြီး
"ထပါ မြတ်သောမင်းကြီး၊ ကျနော့် ကို ခွင့်လွှတ်ပါ။ မင်းကောင်းမင်းမြတ်ကို အသက်ရှင်လျက် မြင်ခွင့်ရခဲ့ခြင်းဟာ သေရင် တောင်ထိုက်တန်ပါတယ်။
လက်နက်နဲ့ ဓားပြများကို မေတ္တာဖြင့် ဆုံးမတတ်သော မင်းကြီး၊ ခန္တီတရားဖြင့် ဆုံးမတတ်သော မင်းကြီး၊ ခေါင်းဆောင်ကောင်းတယောက်၏ စွန့်လွှတ်အနစ်နာခံမှု၊ တာဝန်ခံမှုများကို လမ်းပြသော မင်းကြီးကို ကျွန်တော် အတိုင်းအဆမဲ့ ကြည်ညိုပါတယ်။
ကျနော်လည်း ခေါင်းဆောင်တယောက်မို့ ကျနော့် အပြစ်အတွက် တာဝန်ခံပါရစေ။ ကျနော့် နောက်လိုက်များကို အပြစ်မှလွှတ်ပေးပါ။ ကျနော့်ကို အပြစ်သားအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပါ။ ချမှတ်လိုသော ပြစ်ဒဏ်ကို ချမှတ်ပါ"
ခေါင်းဆောင်ကောင်း ပီသခဲ့သော ဓားပြဗိုလ်ကို လေးစားရင်း အခံရှိသော နောက်လိုက်ဓားပြများကလည်း သူတို့ခေါင်းဆောင်နည်းတူ ဒူးထောက်၍ ရှင်ဘုရင်ကို အရိုအသေ ပြုကြလေသည်။ ရပ်နေသော ပြည်သူများလည်း သူတို့အတွက် ရပ်တည်ပေးခဲ့သော ရှင်ဘုရင်ကို ဒူးထောက် ခစားလေတော့သည်။
မင်းကြီးက ဒူးထောက်နေရာမှ ထ၍ ဓားပြဗိုလ်ကို ထူကာ "မောင်မင်းက ဓားပြအဖြစ် ဆိုးသွမ်းပေမယ့် ခေါင်းဆောင်အဖြစ် လေးစားစရာ ကောင်းတယ်။ ဒီလက်စွပ်ကို ယူပါ။ ဒါအဖိုးနည်းလက်စွပ် ဆိုပေမယ့် ကျုပ်ရဲ့အမှတ် အသားပါ။ ကျုပ်ကို ယုံရင် ဒီလက်စွပ်ကို ယူပြီး နန်းတော်ကိုလာပါ။
ဒီနေ့ ရသင့်တဲ့ ငွေပမာဏရဲ့ သုံးဆကို ဆုအဖြစ် လာထုတ်ယူလှည့်ပါ။ ပြည်သူများရဲ့ ငွေကို ပြန်ပေး ပေးပါ။ တိုင်းပြည်အတွက် စစ်မှုထမ်းလိုပါက သားမယားများနဲ့ တိုင်ပင်ပြီး နန်းတော်ကို လာခဲ့ပါ"
ရာဇအိန္ဒြေ အပြည့်ဖြင့် ထွက်ခွာသွားသော မင်းကြီး၏ ကျောပြင်ကို ဓားပြများနှင့် ပြည်သူများက ငေးမော၍ ကြည့်နေလေတော့သည်။ Si Thu
0 Comments