အကြီးလေးကို စာနာပေးပါ

အငယ်လေး ရောက်လာပြီ ဆိုကတည်းက အမေ့ရင်ခွင်ထဲ အရင်လို အကြာကြီး နေခွင့် မရရှာဘူး။ အမေနဲ့ ဖက်အိပ် ကပ်အိပ်ရတဲ့ သူ့အခွင့်အရေးလေးကို လက်မလွှတ်ချင်ဘဲ လက်လွှတ်ခဲ့ ရတယ်။

အမေနဲ့ အရင်လို တီတီတာလေးတွေ ချွဲနွဲ့တာလေးတွေ ကြာကြာလုပ်လို့ မရတော့ဘူး။ အငယ်လေးကို ချိုတိုက်ရမှာမို့တဲ့။ သူ့ကျ ဘာလို့ ချိုချိူစို့လို့ မရတော့တာလဲ တွေးရင်း အမေ့ရင်ခွင်ထဲက အငယ်လေးက အကြီးလေးအတွက် အမေလုသူ ဖြစ်လာခဲ့တယ်။

အငယ်လေးက ချစ်စရာ၊ အူယားစရာလေးပါ။ ဒါပေမယ့် "အငယ်လေးကို ချစ်ရမယ်နော်" လို့ အမေက ပြောလို့၊ အငယ်လေးကို ညှာရမယ်လို့ အဖေက ပြောလို့ အငယ်လေးကို အားကျလာမိတယ်။ ငါက ဘာလို့ အငယ်လေး မဖြစ်ရတာလဲ လို့ပေါ့။

ကလေးပီပီ လွတ်လွတ်လပ်လပ် အော်ဟစ် ဆော့ကစားလို့လည်း မရပြန်ဘူး။ အငယ်လေး အိပ်နေလို့တဲ့။ တိုးတိုးလေး၊ တိတ်တိတ်လေး နေရရှာတယ်။

အငယ်လေး အိပ်နေတုန်း အမေနား ကပ်ရတုန်း အမေ့ကို လွမ်းရသမျှ အတိုးချ ရစ်တုန်း ဂျစ်တုန်းလေး အငယ်လေး နိုးသွားရင် အငယ်လေးနား အပြေးကပ်သွားတဲ့ အမေ့ကို နားမလည်တတ် သေးဘူးလေ။

အကြီးနဲ့ အငယ်ကြား အချိန်မျှပေးချင်တဲ့ အမေလည်း ပင်ပန်းလွန်းမက ပင်ပန်းပြီး အငယ်လေးကို အကြီးလေးက မနာလိုရင် အရင်လို ရင်ခွင်ထဲ ထွေးပိုက်ရမယ့် အစား မျက်လုံးပြူးပြီး အကြီးလေးကို ကြည့်ပြီ။ အမေ့ရဲ့ ခဏတာ ခပ်စိမ်းစိမ်း အကြည့်က အကြီးလေး အတွက်တော့ ရင်ထဲ မြားစူးတာပါပဲ။

အကြီးဖြစ်ပြီး အငယ်လေးကို မသိတတ်ဘူး၊ အမေကို ပင်ပန်းအောင်လုပ်တယ် ဆိုတဲ့ အတွေးနဲ့ အဘိုးအဘွား လူကြီးတွေက အကြီးလေးကို သိပ်မကြည်ချင် ကြတော့ဘူး။ သူတို့တွေက အကြီးလေးဟာလည်း ကလေးငယ်ငယ်လေးပဲ ဆိုတာ မေ့မေ့သွားကြတယ်။

ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ အငယ်လေး အိပ်နေတယ်၊ အငယ်လေးနား မကပ်နဲ့ စတဲ့ စကားတွေနဲ့ အငယ်လေးနဲ့ အကြီးလေးကြား ဝေးဝေးလာရတယ်။ သူရခဲ့သမျှ အခွင့်အရေးတွေ ဝုန်းကနဲ အငယ်လေး ရသွားတာ ဘာ့ကြောင့်လဲ မစဉ်းစားတတ်သေးဘူး။

အငယ်လေးကို ညှာရမယ်လို့ ခဏခဏ ရိုက်သွင်းခံရတဲ့ အတွေးအခေါ်နဲ့ တချို့အကြီးလေးတွေက အငယ်လေးတွေ အပေါ် ရန်လိုလာတယ်။ နိုင်ထက်စီးနင်း လုပ်တတ်လာတယ်။

တချို့က ခံစားချက်ကို သိုဝှက်ရင်း အငယ်လေး အပေါ် အားကျရင်း အနေအေးတတ်တဲ့ အငြိမ်ကလေးလေးတွေ ဖြစ်လာကြတယ်။

ကလေးဟာ ကလေးပါပဲ။ ကလေးကို လူကြီးလို တွေးတတ်ဖို့၊ အမြဲကြင်နာ တတ်ဖို့၊ အမြဲခွင့်လွှတ်တတ်ဖို့၊ အမြဲ တိတ်ဆိတ်စွာ နေတတ်ဖို့ မျှော်လင့်ထားရင် ကလေးပင်ပန်းရုံပဲ ရှိပါတယ်။ ဒီလိုအပြုအမူမျိုး လူကြီးတွေတောင် အမြဲ မလုပ်နိုင်ပါဘူး။

ဒါ့ကြောင့် အကြီးလေးကို ညှာတာပါ။ အကြီးလေးကို စာနာပါ။ အငယ်လေးကို လက်ခံနိုင်ဖို့ သူ့ကို အချိန်ပေးလိုက်ပါဦး။ သူလည်း အငယ်လေးလို ကလေးလေး တယောက်ပါပဲ။ Crd

Post a Comment

0 Comments