ကျနော်ဟာ အသက် ၁၈ နှစ်သား အရွယ်မှာ မိသားစုနဲ့ ခွဲခွာ၍ တနယ်တကျေး ထွက်ခွာရပြီး မိသားစုရဲ့ စားရေး နေရေး ဝတ်ရေးဆိုတဲ့ အရေးသုံးပါးကို ဖြေရှင်းပေးဖို့ နဲ့ မိမိရဲ့ဘဝ ရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကြောင်း ပညာတခုကို သင်ကြားရန် ခရီး စထွက်ဖို့ ပြင်ဆင်နေချိန် ခရီးမထွက်ခင်လေးမှာ အဖေက ခုလို ဆုံးမ စကားလေး တခွန်း ပြောပြပါတယ်။
"ဒီမယ် ငါ့သား သားဟာ အဖေ့ရဲ့ သွန်သင် ဆုံးမစကားတွေ အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတာ ဆိုတော့ ဘဝရဲ့ စိန်ခေါ်မှုတွေ လောကဓံရဲ့ စိန်ခေါ်မှုတွေကို သိပ်ပြီး မခံစားခဲ့ ရဘူး။ သို့သော် သားဟာ ဒီနေ့က စပြီး လူ့ဘဝမှာ လူတွေက ပေးတဲ့ သင်ခန်းစာတွေကို သင်ယူရ တော့မယ်။
ဒီနေ့ ခေတ်မှာ သားတို့လို လူငယ်တွေ အတွက် ဘယ်နေရာ ဘယ်ဒေသကိုပဲ ကြည့်ကြည့် လူတယောက်ရဲ့ ဘဝကို ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်နိုင်တဲ့ လူ့အသုံးဆောင် ဆေးဝါး ပစ္စည်းတွေဟာ လွန်စွာမှ များပြားနေပြီ သား။ ဒါကြောင့် မိမိရဲ့ စိတ်ကို အမြဲတမ်း သတိနဲ့ ထိမ်းချုပ်ထားပါ။
လူရဲ့ စိတ်ဆိုတာ များသောအားဖြင့် မကောင်းတဲ့ နေရာတွေမှာ ပျော်မွေ့ နှစ်ရှိုက် တတ်ကြတယ်။ လူ့ရဲ့ စိတ်ဟာ ဥပမာ ဘာနဲ့တူသလဲ ဆိုရင် သစ်ပင်ထိပ်ဖျားက အလံတိုင်လိုပဲ၊ လေတိုက်တိုင်း လွင့်နေတယ်။ နှာခေါင်းကြိုး မပါတဲ့ နွားတကောင်လိုပဲ၊ ရောက်တတ်ရာရာ လျှောက်သွားနေတယ် သား။
ဒီတော့ သားအနေနဲ့ စကားတခွန်း ပြောမယ် ကြံတိုင်း မပြောမီ ပြောဆဲ ပြောပြီး သတိထားပြီး ပြောဆိုပါ။ အလုပ်တခုကို လုပ်မယ် ကြံတိုင်း မလုပ်မီ လုပ်ဆဲ လုပ်ပြီး သတိထားပြီး လုပ်ပါ။ ဒါဆို အမှားနည်းပြီး နောင်တတွေနဲ့ ဝေးကွာ သွားလိမ့်မယ်"
"ဟုတ်ကဲ့ပါ ဖေဖေ"
"လောကမှာ လူတယောက်ရဲ့ တန်ဖိုးကို တိုင်းတာချင်ရင် ဒီလူဟာ ရာထူး ဘယ်လောက်ရှိလဲ၊ ပစ္စည်းဥစ္စာ ဘယ်လောက် ပေါများလဲ၊ ပညာတွေ ဘယ်လောက် တတ်သလဲ စသဖြင့် ဒါတွေနဲ့ တိုင်းတာလို့ မရဘူး။
လူတယောက်ရဲ့ တန်ဖိုးကို သိချင်ရင် ဒီလူဟာ အမှားအမှန်ကို ဘယ်လောက် ခွဲခြားနိုင်လဲ၊ ကိုယ်ကျင့်တရား ဘယ်လောက် ကောင်းလဲ ဆိုတာနဲ့ တိုင်းတာကြည့်ရင် ဒီလူရဲ့ တန်ဖိုးကို သိနိုင်တယ် သား။
ဒီအရာ ၂ မျိုးက ဥပမာ ဘာနဲ့ တူသလဲ ဆိုရင် လက် ၂ ဖက်နဲ့ တူတယ်။ လူတယောက်ဟာ မှားမှန် ခွဲခြားနိုင်တဲ့ ဉာဏ်ပညာနည်းရင် ကိုယ်ကျင့်တရားနဲ့ တူတဲ့ လက်တဖက်နဲ့ ပွတ်သတ်လိုက်ပါ။
ဒီလိုပါပဲ လူတယောက်ဟာ ကိုယ်ကျင့်တရားဘက်မှာ အားနည်းနေပြီ ဆိုရင် မှားမှန် ခွဲခြားနိုင်တဲ့ လက်တဖက်နဲ့ ပြန်ပြင်လိုက်ပါ။ ဒါဆိုရင် တန်ဖိုးရှိတဲ့ လူတယောက် အဖြစ် ထာဝရ ရှင်သန် ရပ်တည်နိုင်မယ်။
ဒီမယ် ငါ့သား လူ့ဘဝဟာ ဘယ်လောက်ထိ ရခဲ့တယ် ဆိုတာကို ဒို့ဘုရားရှင်က သူ၏ တပည့် သံဃာတွေကို ခုလို ဥပမာလေးနဲ့ ရှင်းပြထားတော် မူတယ်။ ချစ်သားတို့တဲ့။ မဟာ သမုဒ္ဒရာကြီးထဲမှာ လိပ်ကန်းကြီး တကောင်ဟာ အနှစ် ၁ဝဝ ပြည့်မှ ရေပြင်ပေါ်သို့ တကြိမ်သာ ပေါ်လေ့ ရှိတယ်။
ထိုလိပ်ကန်းကြီး ရှိတဲ့ သမုဒ္ဒရာကြီး ထဲကို အပေါက် ၁ ပေါက်သာ ပါတဲ့ ထမ်းပိုးကြီး တချောင်းကို ပစ်ချလိုက်ရင် ထိုအပေါက်ထဲကို ဒီလိပ်ကန်းကြီးရဲ့ ဦးခေါင်း စွပ်မိဖို့ရာ လွယ်ပါမလား" လို့ ဘုရားရှင်က မေးတော့ "ဒီကိစ္စဟာ အလွန် မလွယ်ကူတဲ့ အရာပါဘုရား" လို့ သံဃာအပေါင်းက တညီတညွတ်ထဲ ဖြေကြတယ်။
ဒီတော့ ဘုရားရှင်က "ချစ်သားတို့ ဒီလိပ်ကန်းဟာ အနှစ် ၁ဝဝ မှာ တကြိမ် ပေါ်ပေမဲ့ ဒီထမ်းပိုး အပေါက်ထဲကို စွပ်မိကောင်း စွပ်မိ နိုင်သေးတယ်။ လူ့ဘဝ ဆိုတာက တကြိမ် လူဖြစ်ပြီးလို့ ဆုံးသွားခဲ့ရင် နောက်ထပ် လူပြန်ဖြစ်ဖို့ရာ ဘဝပေါင်းများစွာ စောင့်လို့တောင် မသေချာတော့ဘူး ချစ်သားတို့" လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။
သားကို အဖေ အဓိက ပြောချင်တာကတော့ လူ့ဘဝဟာ တိုလွန်းတယ်၊ ရခဲလှတယ်။ ဒီလူ့ဘဝ ကနေ အဆင့်မြင့်တဲ့ ဘဝတွေကို တွန်းပို့နိုင်သလို အဆင့်နိမ့်ကြတဲ့ မကောင်းတဲ့ ဘဝဆိုးတွေ ကိုလည်း ဆွဲချစေတတ်တယ် ဆိုတာ သားကို သိစေချင်တယ်။
ရခဲလှတဲ့ လူ့ဘဝလေးမှာ မဖြစ်သေးတဲ့ အကုသိုလ်တွေ မပြုမိအောင် ဖြစ်ပြီးသား ကုသိုလ်တွေကို ထပ်ပြီး တိုးပွားအောင် ပြုလုပ်ပါလို့ အဖေ တိုက်တွန်းပါရစေ။
သားလေး ဘဝတခုကို တည်ဆောက်တဲ့ နေရာမှာ ဘယ်နေရာ ဘယ်ဒေသမှာပဲ နေရပါစေ၊ မိမိစိတ်ရဲ့ ကျေးကျွန် မဖြစ်စေပဲ စိတ်ရဲ့ သခင်ဖြစ်အောင် ကြိုးစားပါ။ အမှားနဲ့ အမှန် ခွဲခြားနိုင်ပြီး တန်ဖိုးရှိတဲ့ လူသားတယောက် ဖြစ်ပါစေလို့ အဖေ ဆုတောင်းပေးလိုက်ပါတယ်"
"ဟုတ်ကဲ့ပါ ဖေဖေ၊ သားလေ အဖေ ဖြစ်စေချင်တဲ့ လူသားတယောက် ဖြစ်အောင် ကြိုးစားပါ့မယ်" လို့ ကတိပေးရင်း ကျနော်ခရီး ထွက်လာခဲ့ပါတယ်။ တန်ဖိုးရှိလှတဲ့ လူ့ဘဝမှာ နေထိုင်ကြသည့် လူသား အားလုံး တန်ဖိုးရှိသည့် လူသားများ ဖြစ်နိုင်ကြပါစေ။ လူငယ်များအတွက် Crd
0 Comments