တခါတုန်းက တိုင်းပြည်တပြည်မှာ မင်းကျင့်တရားများနှင့် အညီ တရားမျှတစွာ အုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်ကြီးတပါး ရှိလေသည်။
ဘုရင်ကြီးဟာ တိုင်းရေး ပြည်ရာတွေနဲ့ နစ်မွန်းနေတာကြောင့် တရားဓမ္မအလုပ်ကို မေ့လျော့နေတာကြောင့် တညမှာ ထီးချက် စောင့်နတ်သမီးက ဘုရင်အား အိမ်မက်ပေး၍ သတိပေးစကား ပြောကြားလာပါတယ်။
"အရှင်မင်းကြီး ကျွန်ုပ်ဟာ သင့်ရဲ့ ထီးချက်စောင့် နတ်သမီးဖြစ်ပါတယ်။ သင်ဟာ နောင် ၇ ရက် ကြာလျှင် ကံတော်ကုန်ရပါတော့မည့် အကြောင်း လာရောက် သတိပေးရခြင်း ဖြစ်ပါတယ်"
နတ်သမီးရဲ့ စကားကြောင့်မင်းကြီးဟာ ထိတ်လန့် တုန်လှုပ်သွားပြီး
"အဲဒီလို မဖြစ်အောင် လုပ်၍ ရနိုင်မည့် နည်းလမ်းများ မရှိဘူးလား အသင်နတ်သမီး"
"လုပ်နိုင်ပါတယ် ဒါပေမယ့် ကျွန်ုပ်ပြောတဲ့ စကားလေးခွန်းရဲ့ အဓိပ္ပါယ်ကို အသင်မင်းကြီး ရအောင်တော့ ဖော်ဆောင်ရ ပါလိမ့်မယ်"
"ကြိုးစားကြည့်ပါမယ် မိန့်တော်မူပါ အသင်နတ်သမီး"
(၁) ဘယ်အချိန်မှာ ဘယ်အလုပ်ဟာ သင့်အတွက် အရေးကြီးဆုံးလဲ။ (၂) အဲဒီအချိန်မှာ အဘယ်ပုဂ္ဂိုလ်က သင့်တွက် အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်မလဲ။ (၃) ဘယ်လိုလူမျိုးအပေါ် သင် မေတ္တာ ဂရုဏာ ထားရမလဲ။ (၄) သင်မေ့လျော့နေတဲ့ အရာတွေကို ပြန်ရှာဖွေပါ။ အဲ့ဒီ စကားလေးခွန်းရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ် ဆောင်ရွက်နိုင်ရင် အသင်မင်းကြီး ကံတော်ကုန်မယ့် ဘေးက လွတ်မြောက် ပါလိမ့်မည်"
နတ်သမီး ကွယ်ပျောက်သွားတာနဲ့ ဘုရင်ကြီးလည်း အိပ်ရာမှ လန့်နိုးသွား ပါတော့သည်။ ထိုခဏ၌ ပြန်အိပ်မရတော့ပဲ နတ်သမီးရဲ့ စကားလေးခွန်း အဓိပ္ပါယ်ကို စဉ်းစားနေ မိတော့သည်။ သို့သော်လည်း မိုးလင်းချိန်ထိ စဉ်းစား မရနိုင်ခဲ့ချေ။
နံနက်ညီလာခံတွင် သူ၏ ပညာရှိအမတ်များကို မေးမြန်းခဲ့သော်လည်း ဘယ်အမတ်မှ ရေးရေးရာရာ မဖြေနိုင်ကြဘဲ ထင်ကြေးဖြင့် ရမ်းသန်း ဖြေကြသော အဖြေတွေပဲ ရရှိခဲ့လေသည်။ ဘုရင်ကြီးလည်း စဉ်းစားရခက်နေပြီး နန်းထဲ၌ပင် အချိန်၃ ရက် ကြာသွားလေသည်။
သေချာသည့် အဖြေကို မရရှိခဲ့သည့်နောက် ရွှေမြို့တော် အပြင်ဖက် တောရပ်အနီးတွင်တရား ကျင့်နေသည့် သူတော်စင် အဖိုးအိုတယောက်သည် ဉာဏ်ပညာ အမြော်အမြင် ကြီးကြောင်း သတင်းကြားသိရပြီး ထိုအဖိုးအိုထံ သွားရန် သူဆင်းရဲ အယောင်ဆောင်၍ နန်းတော်ထဲမှ တိတ်တဆိတ် ထွက်ခဲ့ပါတော့သည်။ မေးမြန်းစုံစမ်းရင်း နှစ်ရက်ကြာမှ အဖိုးအိုထံ ရောက်သွားလေသည်။
ထိုအချိန်တွင် နန်းတော်ထဲမှ ဘုရင်ကြီး ပျောက်သွားသဖြင့် စစ်သည်တော်တွေဟာ ဘုရင်ကြီးကို လိုက်ရှာဖွေနေကြသလို ဤသတင်းကို ကြားသဖြင့် ဘုရင်ကြီးအား လုပ်ကြံ သတ်ဖြတ်ရန် လိုက်လံ စုံစမ်းနေသည့် လူဆိုးကြီး တယောက်လည်း ရှိနေလေသည်။
ပညာရှိအဖိုးအိုထံ ဘုရင်ကြီး ရောက်လာချိန်တွင် အဖိုးအိုက ရာသီ သီးပင်စားပင်လေးတွေ စိုက်ပျိုးဖို့ မြေကို တူးဆွနေပါသည်။ ဘုရင်ကြီးအနား ရောက်လာချိန်တွင် တချက်မျှသာ ငဲ့ကြည့်ပြီး သူ့အလုပ်ကိုသာ သူ ဆက်လုပ်နေပါသည်။
ဘုရင်ကြီးက "အဖိုး ခင်ဗျား" လို့ စကား စလိုက်သည်နှင့် အဖိုးအိုက လက်ကာပြလိုက်သဖြင့် အယောင်ဆောင် ဘုရင်ကြီးလည်းအနီးတွင် ရှိနေသော ပေါက်တူးကို ကောက်ကိုင်လိုက်ပြီး အဖိုးအိုနှင့် အတူ ကူညီ မြေတူးဆွနေ လိုက်ပါတော့တယ်။
အလုပ်အကိုင်တွေ ပြီးစီးသွားချိန် မှာတော့ ဘုရင်ကြီးလည်း အတော်မောပန်းနေချေပြီ။ အဖိုးအိုက စားသောက်ဖွယ်ရာတွေ ချ၍ ကျွေးမွေးသောအခါ ဘုရင်ကြီးလည်း မောလည်းမော ဆာလည်း ဆာနေသဖြင့် လွန်စွာပင် စားကောင်းပါတော့သည်။
စားသောက်ပြီးချိန်၌ အဖိုးအိုအား သိလိုသော စကားတို့ကိုမေးရန် ကြံရွယ်စဉ်
"မောင်ရင်လဲ ပင်ပန်းနေပြီ ဟိုထောင့်ကွေးလေးမှာ ခဏမှေးလိုက်ပါဦး။ နောက်မှပဲ စကားပြောကြတာပေါ့။ အခုချိန်က ကျွန်ုပ် တရားထိုင်ဖို့ အချိန်ကျနေပါပြီ"
ဘုရင်ကြီးလည်း အဖိုးအို ပြောတဲ့အတိုင်း တဲထောင့်ကွေးတွင် တရေးအိပ်လိုက်လေသည်။ အတန်ငယ် ကြာသွားပြီးနောက် တဲအပြင်မှ ဆူညံသံတွေကြားလို့ ထွက်ကြည့်သောအခါ ဒဏ်ရာဒဏ်ချက်တွေနှင့် လူတယောက် ရောက်နေသည်ကို တွေ့ရလေသည်။
ဘုရင်ကြီးလည်း ထိုလူကို တဲအတွင်းသို့ ခေါ်လာခဲ့ပြီး သူ၏ ဒဏ်ရာများကို တတ်နိုင်သမျှ ကုသပေးလေသည်။ တရားထိုင်ရာမှ ထလာသော အဖိုးအိုကလည်း လိုအပ်တဲ့ ဆေးဝါးတွေ ထုတ်ပေးလေသည်။
ဆင်းရဲသားယောင်ဆောင် ဘုရင်ကြီးလည်း ဒဏ်ရာတွေနှင့် လူကို ဂရုဏာ ရှေ့ထားပြီး ကုသပေးနေခဲ့ရာ ထီးချက်စောင့်နတ်သမီး ပြောသည့် ၇ ရက် ပြည့်မြောက်လာ ပါတော့သည်။
ဘုရင်ကြီးလည်း "မဖြစ်ဖူး ဒီနေ့တော့ အဖိုးအိုအား မေးဖြစ်အောင် မေးမှ ဖြစ်တော့မည်" ဟု ဆိုကာ အဖိုးအိုအားလပ်သည့် အချိန်တွင် မေးလိုက်ပါတော့သည်။ အဖိုးအိုက ဘုရင်မေးသော စကား ၄ ခွန်းကို သေချာ နားထောင်လိုက်ပြီး
"အသင့်ကို စရောက်ကတည်းက ဘုရင်မှန်း ကျွန်ုပ် ခန့်မှန်းမိပါတယ်။ အခု အသင်မေးတဲ့ စကား လေးခွန်းကို အသင်ကိုယ်တိုင် အလိုလို အဓိပ္ပါယ် ဖော်ပြီး ဖြစ်နေပါပြီ"
"ခင်ဗျာ ကျွန်ုပ်တော့ နားမလည်ပါလား ရှင်းပြပါအုံး အဖိုးရယ်"
"အသင်မင်းကြီး မေးတဲ့ ပထမစကားတခွန်းက ဘယ်အချိန်မှာ ဘယ်အလုပ်က အရေးကြီးဆုံးလဲလို့ မဟုတ်လား အဲဒါနဲ့ပတ်သက်ပြီး ကျွန်ုပ်ထံ အသင် စရောက်လာချိန်မှာ အပင်စိုက်ရန် မြေတူးဆွပေးရတဲ့ အလုပ်ပါပဲ။ ဒုတိယ စကားက အဲဒီအချိန်မှာ သင့်အတွက် အရေးကြီးဆုံး ပုဂ္ဂိုလ်ဟာ ဘယ်သူဖြစ်မလဲ မဟုတ်လား။
အဲ့ဒီသူဟာ ကျွန်ုပ်ပါပဲ။ တတိယ စကားအရ ဘယ်လိုလူမျိုးကို ဂရုဏာမေတ္တာ ထားသင့်သလဲ မဟုတ်လား။ အဲ့ဒီလူဟာလည်း သင်ဆေးကုပေးခဲ့တဲ့ ဒဏ်ရာရလာတဲ့ သူပါပဲ။ ကိုင်း ကိုယ့်လူက ဘုရင်ကြီးကို အကျိုးအကြောင်း တခုခုတော့ ပြောပြလိုက်ပါအုံးလေ ဒါမှ ဘုရင်ကြီး နားလည်သွားမှာ"
အဖိုးအို၏ စကားကြောင့် ဒဏ်ရာရသော လူနာက အကျိုးအကြောင်း ဝင်ရောက် ရှင်းပြလေသည်။
"ကျွန်တော်မျိုးဟာ အသင်မင်းကြီးကို သတ်ဖြတ်ဖို့ အမြဲ ချောင်းမြောင်းနေတဲ့ လူဆိုးလူမိုက်တဦး ဖြစ်ပါတယ်။ မင်းကြီးကို သတ်ဖို့အလာ အဖိုးရဲ့ ခြံမြေနားအရောက်မှာ အသင်မင်းကြီးရဲ့ စစ်သည် ရဲမက်တွေနဲ့ တွေ့ပြီး တိုက်ခိုက်ခံရပါတယ်။
ဒဏ်ရာတွေ ရပြီး ထွက်ပြေးအလာ ဒီကိုရောက်လာခဲ့ရာက အသင်မင်းကြီး ဂရုဏာရှေ့ထားပြီး ကုသပေးခဲ့လို့ အသက်ချမ်းသာခဲ့ရပါတယ်။ ကျွန်တော်မျိုးမှာ သင်မင်းကြီး ပေးခဲ့တဲ့ အသက်ဘဲ ရှိပါတော့တယ်။ မင်းကြီးရဲ့ ကျေးဇူးကို ကျွန်တော်မျိုးဆပ်လို့ မကုန်တော့ပါဘူးဘုရား။ ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ"
ထိုလူက ဘုရင်ကြီးကို ထိုင်ကန်တော့လေ၏။ ထိုအခါ ဘုရင်ကြီးက "အဖိုးပြောတော့ဖြင့် ဟုတ်နေတာဘဲ။ ဒါပေမယ့် ဘယ်လိုအကျိုးကြောင်းတွေ ဆက်စပ်နေသလဲ ကျွန်ုပ် မရှင်းသေးလို့ တဆိတ်လောက် ရှင်းပြပါအုံး အဖိုးရယ်"
အဖိုးအိုက "အသင်မင်းကြီး သင် ဒီကို အချိန်မီရောက်လာပြီး ကျွန်ုပ်၏ အလုပ်များကို ကူလုပ်နေရခြင်း ကျွန်ုပ်ကို အကြောင်းပြု၍ လာရသည် ဖြစ်ခြင်းတို့ကြောင့် သင်၏ရန်သူ လုပ်ကြံမည့် အန္တရာယ်က ကင်းလွတ်ခဲ့ရသည်။ တဖန် သင်ဂရုဏာထား ကုသပေးခဲ့လို့ သင့်ရန်သူက သင့်ကို ကျေးဇူးတင်ပြီး ထိုသူက နောက်ဆိုရင် သင့်အတွက် မိတ်ဆွေကောင်း ဖြစ်ပေတော့မည်။
ဒါကြောင့် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းတဲ့အလုပ်တခု တွေ့ရင် ဒါဟာ လုပ်သင့်တဲ့အလုပ်ပဲ ဖြစ်တယ်။ အဲဒီအလုပ်နဲ့ ပတ်သက်နေတဲ့ သူဟာလည်း အရေးပါတဲ့သူပဲပေါ့။
ပြီးတော့ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကိုယ့်ဖက်က မေတ္တာထားပြီး ပြုသင့်ပြုထိုက်တာကို ပြုပေးလိုက်ပါ။ တန်ပြန်မေတ္တာ အကျိုးပြုပါလိမ့်မယ်။ ဒါက စကား ၃ ခွန်းရဲ့ အဓိပ္ပါယ် သက်ရောက်မှုရှိတဲ့ အကျိုးကျေးဇူးတွေပါပဲ။
နောက်ဆုံး ၄ ခွန်းမြောက်စကား မေ့လျော့နေတာတွေကို ပြန်ရှာဖွေပါဆိုတဲ့ အဓိပ္ပါယ်ကတော့ အသင်မင်းကြီးဟာ တိုင်းရေးပြည်ရာတွေထဲမှာ နစ်မွန်းနေလို့ တရားဓမ္မတွေကို အားထုတ်ဖို့ မေ့လျော့နေပါတယ်။ ဒါကြောင့် တရားဓမ္မများ ကိုလည်း မမေ့လျော့ဖို့ သတိပေးတာဘဲ ဖြစ်ပါတယ်"
သူတော်စင်အဖိုးအို၏ ရှည်လျားစွာသော ရှင်းပြမှုအဆုံး၌ ဘုရင်ကြီးလည်း ဝမ်းမြောက်ဝမ်းသာ၍ ဦးသုံးကြိမ်ချ ရှိခိုးကန်တော့လိုက်လေသည်။
"ကျေးဇူးကြီးလှပါတယ် အဖိုး ခင်ဗျာ"
ဤတွင် ဘုရင်ကြီးလည်း သူသိချင်သော စကား ၄ ခွန်း၏ အဓိပ္ပါယ်ကိုသိရှိသွားရသည့် အပြင် ၇ ရက် အတွင်း သေရမည့်ဘေးမှ လွန်မြောက်ပြီး သူ၏ ရန်သူဖြစ်သည့် လူဆိုးကြီးသည်လည်း သူ့အပေါ်တွင် သစ္စာစောင့်သိသော သက်တော်စောင့် လူယုံတော်တဦး ဖြစ်သွားပါလေတော့တယ်။ Crd
0 Comments