ထောပတ်တပေါင်

တခါက ရွာတရွာမှာ မုန့်ဖုတ်သမားကြီးတယောက် ရှိသတဲ့။ မုန့်ဖုတ်သမားကြီးဆီကို နေ့စဉ်နေ့တိုင်း ထောပတ်ရောင်းတဲ့ လယ်သမား တဦးလည်း ရှိခဲ့ပါတယ်။

တနေ့မှာတော့ မုန့်ဖုတ်သမားဟာ လယ်သမားကြီးဆီကနေ ထောပတ်ကို ဝယ်လာခဲ့တယ်။ မုန့်ဖုတ်သမားဟာ သူဝယ်လာတဲ့ ထောပတ်ကို ချိန်ကြည့်လိုက်တဲ့ အခါမှာ အချိန် လျော့နေတာကို သိလိုက်ရပါတယ်။

သူဟာ စိတ်တိုသွားပြီး လယ်သမားကို တရားစွဲဖို့ တရားခွင်သို့ ခေါ်သွားလိုက်ပါတယ်။ တရားသူကြီးက လယ်သမားကို ဘယ်အချိန်အတွယ် ယူနစ်ကို သုံးသလဲ လို့ မေးမြန်းပါတယ်။

ဒီတော့ လယ်သမားက "တရားသူကြီးမင်းခင်ဗျာ ကျွန်တော်မျိုးဟာ စာမတတ်သူတယောက် ဖြစ်လို့ အချိန်အတွယ် ယူနစ်တွေကို မသိပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုးမှာ ထောပတ်ရောင်းတိုင်း စံထားချိန်တွယ်တဲ့ အလေးတော့ ရှိပါတယ်" လို့ ပြန်ဖြေလိုက်ပါတယ်။

အဲဒါနဲ့ တရားသူကြီးက "ဟုတ်ပြီ ဒါဆို မောင်မင်း ထောပတ်ကို ဘယ်လို ချိန်လဲ" လို့ မေးလိုက်တယ်။ ထိုအခါ လယ်သမားက အခုလို ပြန်ဖြေလိုက်ပါတယ်။

"တရားသူကြီးမင်းခင်ဗျာ၊ ဒီမုန့်ဖုတ်သမား ဦးလေးကြီးက ကျွန်တော့ဆီမှာ ထောပတ် မဝယ်ခင်ကတည်းက ကျွန်တော်ဟာ သူ့ဆီကနေ ပေါင်မုန့်တပေါင် နေ့တိုင်း ဝယ်နေကျပါ။ မနက်တိုင်း သူဟာ ကျွန်တော့ကို ပေါင်မုန့် ယူလာပေးပါတယ်။

ကျွန်တော်ဟာ သူ့ဆီက ပေါင်မုန့်ကို ချိန်ခွင်ပေါ်တင်ပြီး တူညီတဲ့ ထောပတ် ပမာဏအတိုင်း ပြန်ပေးလေ့ ရှိပါတယ်။ ဒီတော့ ထောပတ်က အလေးမပြည့်ဘူး ဆိုရင် မုန့်ဖုတ်သမားကိုပဲ မေးသင့်ပါတယ်"

လယ်သမားကြီးက အဲဒီလို ပြောလိုက်တာနဲ့ မုန့်ဖုတ်သမားကြီးက သူ့ရဲ့ မရိုးသားမှုတွေ ပေါ်သွားလို့ မုန့်ဖုတ်သမားကြီးဟာ အရှက်ရ သွားပါတယ်။

ရိုးသားတဲ့ လယ်သမားကတော့ အမှုက လွတ်မြောက်သွားပြီး မုန့်ဖုတ်သမားကြီးကတော့ သူ့ရဲ့ လိမ်လည်မှုအတွက် ဒဏ်ရိုက်ခံလိုက်ရပါတယ်။

ဘယ်အရာမဆို ကိုယ့်ဘက်က ပေးသလောက်ပဲ ပြန်ရမှာပါ။ အလုပ်တခုလုပ်တိုင်း "ကိုယ်ရတဲ့ အဖိုးအခ (ဒါမှမဟုတ်) ကိုယ်လိုချင်တဲ့ အဖိုးအခနဲ့ တူတဲ့ လုံ့လဝီရိယ စိုက်ထုတ်မှု ရှိနေခဲ့သလား" လို့ ဆိုတဲ့အချက်ကို စဉ်းစားသင့်ပါတယ်။ Crd

Post a Comment

0 Comments