တခါတုန်းက အခန်းလေး တခန်းထဲမှာ ဖယောင်းတိုင်လေးတိုင် ထွန်းလင်းတောက်ပ နေကြပါသတဲ့။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက် နေတာကြောင့် သူတို့လေးတွေ စကားပြောနေကြတာကို အတိုင်းသား ကြားနေရတာပေါ့။
ပထမဖယောင်းတိုင်လေးက ပြောတယ်။
"ငါက ငြိမ်းချမ်းမှု ဖယောင်းတိုင်လေးပါ။ ဘာပဲဖြစ်ဖြစ် ငါ့ကို ဘယ်သူမှ ဂရုမစိုက်ကြတော့ရင် ငါ့မီးတောက်ကလေး ငြိမ်းသွားမှာ သေချာတယ်"
ဒီလိုနဲ့ ပထမဖယောင်းတိုင်လေးရဲ့ မီးတောက်လေးဟာ တဖြည်းဖြည်းမှိန်လာပြီး လုံးဝ ငြိမ်းသွားပါတော့တယ်။
ဒုတိယဖယောင်းတိုင်လေးကလည်း ပြောတယ်။
"ငါကတော့ ယုံကြည်ချက်ဆိုတဲ့ ဖယောင်းတိုင်လေးပါ။ ငါက မရှိမဖြစ် အရာမဟုတ်ပါဘူး။ ငါ့အလင်းရောင် ထွန်းလင်းနေလို့လည်း ဘာမှ ထူးခြားမှု ဖြစ်လာမှာ မဟုတ်ပါဘူး"
လို့ ပြောပြီး မကြာခင် လေပြေလေး တချက်အဝေ့မှာ ဒုတိယဖယောင်းတိုင် မီးစလေးလည်း ငြိမ်းသွားပါတယ်။
တတိယဖယောင်းတိုင်လေးကလည်း သူ့အလှည့် ရောက်လာတော့ ဝမ်းနည်းစွာနဲ့ ပြောတယ်။ "ငါက ချစ်ခြင်းမေတ္တာတရား ပါ။ ငါလည်း ဆက်လက်ထွန်းလင်းနေဖို့ အင်အားမရှိတော့ဘူး။
လူတွေက ငါ့ကို ဥပေက္ခာ ပြုထားကြပြီး ငါ့ရဲ့ အရေးပါမှုကို နားမလည်ကြတော့ဘူး။ သူတို့နဲ့ အနီးဆုံး လူတွေကိုတောင် မေတ္တာထားဖို့ မေ့လျော့နေကြကုန်ပြီ" လို့ ဆိုပြီး ခဏအကြာမှာ ငြိမ်းသွားပြန်သတဲ့။
ရုတ်တရက် အခန်းထဲကို ကလေးလေးတယောက် ဝင်လာတော့ ဖယောင်းတိုင်လေး သုံးတိုင်က မီးငြိမ်းနေတာ တွေ့လိုက်တယ်။ "ဒီဖယောင်းတိုင်လေးတွေက ဘာလို့ ဖယောင်းတိုင် ကုန်တဲ့အထိ မလင်းဘဲ ငြိမ်းသွားတာလဲ" လို့ ဆိုပြီး ကလေးလေးက ငိုပါသတဲ့။
ဒီတော့ စတုတ္ထ ဖယောင်းတိုင်လေးက ပြောတယ်။ "ဘာမှ မပူပါနဲ့ ကလေး၊ ငါ့အလင်းရောင် မငြိမ်းသေးသ၍ ဟိုငြိမ်းသွားတဲ့ ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလို့ ရပါတယ်။ ငါကတော့ မျှော်လင့်ချက် ဖယောင်းတိုင်လေးပါ" လို့ ဆိုသတဲ့။
ကလေးလေးရဲ့ မျက်ဝန်းမှာ အရောင်လေးတွေ တောက်ပလာပြီး မျှော်လင့်ချက် ဖယောင်းတိုင်လေးကို ယူကာ ငြိမ်းနေတဲ့ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလိုက် ပါတော့သတဲ့။
ဒီလိုပါပဲ သူငယ်ချင်းရေ "မျှော်လင့်ချက်" ဆိုတဲ့ မီးတောက်လေးကို တို့ဘဝတွေထဲက ပျောက်ကွယ် မသွားစေသင့်ပါဘူး။ ဒါမှသာ တို့တတွေရဲ့ မျှော်လင့်ချက် ယုံကြည်ချက် ငြိမ်းချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာတရား တွေကို ထာဝရ ထိန်းသိမ်းထားနိုင်မှာပေါ့။
မင်းက မျှော်လင့်ချက်တွေကို ဥပေက္ခာပြုချင် ပြုပါလိမ့်မယ်။ မျှော်လင့်ချက် ကတော့ မင်းကို ဘယ်တော့မှ စွန့်ပစ် မသွားပါဘူး။ မင်းရဲ့ အကြောက်တရားက ပြောတာတွေ နားမထောင်ပါနဲ့။ မင်းရဲ့ မျှော်လင့်ချက်နဲ့ အိမ်မက်တွေက ပြတဲ့လမ်းကိုသာ ဆက်လျှောက်ပါ။
အခက်အခဲ ပြဿနာတွေကို မတွေးပါနဲ့။ ဖြစ်လာနိုင်မယ့် အလားအလာ ကောင်းတွေကိုသာ တွေးပါ။ မင်းရဲ့ ပင်ပန်းမှုတွေ ကျရှုံးမှုတွေကို မကြည့်ပါနဲ့။ ဘာကြောင့် ရှေ့ဆက်သင့်တာလဲ ဆိုတဲ့ အကြောင်းကိုသာ စိတ်ဝင်စားပါ။ phoomyatchal
0 Comments