ရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ဘုရင်တပါး အုပ်ချုပ် နေထိုင်တယ်။ ဘုရင်ကြီးဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ သားသမီး မထွန်းကားခဲ့ဘူး။
အသက်ကြီးလာတော့ ထီးနန်းအရိုက်အရာဆက်ခံဖို့ သူကိုယ်တိုင် ရွေးချယ်မယ် ဆိုပြီး ကျေညာတယ်။ တိုင်းပြည်မှာရှိတဲ့ လူငယ်တွေကို နန်းရင်ပြင်မှာ စုရုံးစေပြီး အမိန့်ရှိတယ်။
"မောင်မင်းတို့ အထဲက တိုင်းပြည်ကို အုပ်ချုပ်မဲ့သူကိုရွေးချယ်မယ်။ လိုအပ်တဲ့ အရည်အချင်းကတော့ အမှန်တရားကို မြတ်နိုးသူ၊ သတ္တိရှိသူ၊ စွန့်လွှတ် အနစ်နာခံသူ ဖြစ်ဖို့ဘဲ။
အဲဒီ အရည်အချင်းကို စမ်းသပ်ဖို့ သစ်စေ့တစေ့နဲ့ ပန်းအိုးတလုံး ပေးလိုက်မယ်။ အိမ်ရောက်ရင် အပင်ပေါက်အောင် လုပ်ကြ။ နောက်တနှစ် ကြာရင် ပြန်လာခဲ့။ အပင်ကို ကြည့်ပြီး ဘယ်သူဟာ ဒီအရည်အချင်း ရှိသလဲ ဆုံးဖြတ်မယ်"
လူငယ်တွေလည်း ဘုရင်ကြီးပေးတဲ့ သစ်စေ့နဲ့ ပန်းအိုးကို ယူပြီး အိမ်ပြန်ခဲ့ ကြတယ်။ အဲဒီအထဲမှာ အမေကို လုပ်ကျွေးနေတဲ့ မောင်ရစ် ဆိုတဲ့ လူငယ်လည်း ပါဝင်ခဲ့တယ်။ မောင်ရစ်လည်း သစ်စေ့ကို ပန်းအိုးထဲထည့်စိုက်ပြီး အချိန်မှန်မှန် ရေလောင်းပေးတယ်။
ပန်းအိုးကို အရိပ်တကြည့်ကြည့် ကြည့်ပြီး ဂရုစိုက်နေပေမဲ့ တပါတ်လဲ အပင်ကမပေါက်၊ နှစ်ပါတ်လဲ အပင်က မပေါက်၊ တလလဲ အပင်က မပေါက် ဖြစ်နေခဲ့တယ်။
သူငယ်ချင်းတွေ ကတော့ သူတို့အပင်တွေ ဘယ်လောက်ကြီးကြောင်း၊ အရွက်တွေ ဘယ်လောက် ထွက်နေကြောင်း ပြောသံကြားနေပေမဲ့ သူ့ရဲ့အပင်ကတော့ ထွက်မလာသေးပါဘူး။ စိတ်ဓာတ်မကျဘဲ ဆက်ပြီး ရေလောင်းနေပေမဲ့ အပင်က ခြောက်နေမြဲပါဘဲ။ အပင်က ထွက်မလာခဲ့ပါဘူး။
ဒီလိုနဲ့ တနှစ်ပြည့်လို့ ဘုရင်ကြီး ချိန်းထားတဲ့ ရက်ကိုသာ ရောက်လာတယ်။ မောင်ရစ်ရဲ့ အပင်က ပေါက်မလာပါဘူး။ မောင်ရစ်က ဘုရင်ကြီးဆီကို ပြန်မသွားချင်တော့ဘူး။
မောင်ရစ်ရဲ့ အမေကတော့ ပြန်သွားဖို့ တိုက်တွန်းတယ်။ ပြိုင်ပွဲမှာ ရှုံးနိမ့်လဲ အရှုံးကို လက်ခံနိုင်ရဲတဲ့ သတ္တိရှိသူဟာ ယောက်ျားကောင်း တယောက်ဘဲလို့ အားပေးစကား ပြောလိုက်တယ်။
မောင်ရစ်လဲ အပင်မပေါက်တဲ့ပန်းအိုးကို ယူဆောင်ပြီး နန်းရင်ပြင်ကို ပြန်သွားတယ်။ မောင်ရစ်ရဲ့ ပန်းအိုးက လွဲလို့ ကျန်တဲ့လူငယ်တွေရဲ့ ပန်းအိုးထဲမှာ အပင်တွေနဲ့ ဝေဆာနေတာကို တွေ့ရတယ်။ လူငယ်တွေလည်း သတ်မှတ်ထားတဲ့ နေရာမှာ ပန်းအိုးကို ထားပြီး ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်။
ဘုရင်ကြီးက ပန်းအိုးတွေကို ခေါင်းတညိတ်ညိတ်နဲ့ လိုက်ပြီး ကြည့်နေတယ်။ တတန်းပြီးတတန်း ကျော်သွားတယ်။ ဘုရင်ကြီးစိတ်တိုင်းကျ မတွေ့ဘူး ဖြစ်နေတယ်။ နောက်ဆုံးတန်းကို ရောက်တဲ့အခါ အပင်မပေါက်တဲ့ မောင်ရစ်ရဲ့ ပန်းအိုးကို တွေ့သွားပြီး ဘုရင်ကြီးမျက်နှာ ဝင်းလက်သွားတယ်။
မောင်ရစ်ကို လူကြားထဲက ဆွဲထုတ်ပြီး မောင်ရစ်ရဲ့ လက်ကို ဆွဲမြှောက်ပြီး မင်းလောင်းအဖြစ် ရွေးချယ်လိုက်ကြောင်း ကျေညာလိုက်တယ်။ ပရိတ်သတ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ပြီး နားမလယ်စွာနဲ့ ဘုရင်ကြီးကို ဝိုင်းကြည့်နေကြတဲ့ အခါမှာ ဘုရင်ကြီးက အကြောင်းစုံကို ရှင်းပြတယ်။
"မောင်မင်းတို့ကို ပေးလိုက်တဲ့ မျိုးစေ့တွေ အားလုံးကို ရေနွေးထဲမှာ ထည့်ပြုတ်ပြီးမှ ပေးလိုက်တာ၊ ဘယ်လိုမှ အပင်ပေါက်စရာအကြောင်း မရှိဘူး။ မောင်ရစ်တယောက်သာ ရိုးရိုးသားသားနဲ့ အပင်မပေါက်တဲ့ ပန်းအိုးကို ပြန်ပြီး ယူလာခဲ့တယ်။ ကျန်တဲ့ သူတွေက မျိုးစေ့ကို အစားထိုးပြီး စိုက်ခဲ့လို့သာ အပင်ပေါက်ခဲ့ခြင်း ဖြစ်တယ်။
ကိုယ်တိုင်မှ မရိုးသားသူ တယောက်ဟာ တိုင်းရေးပြည်ရေးကို ဘယ်လိုလုပ် ဖြောင့်ဖြောင့်မှန်မှန် ဆောင်ရွက်နိုင်မှာလဲ။ ရိုးသားသူတယောက်ဖြစ်ဖို့ ဆိုတာ မလွယ်လှဘူး။ အမှန်တရားကို မြတ်နိုးရုံသာမက ဒီအမှန်တရားကို လက်ခံနိုင်ရဲတဲ့ သတ္တိနဲ့ အနစ်နာခံနိုင်တဲ့ စိတ်ဓာတ်လဲ ရှိဖို့လိုတယ်။"
အကြောင်းစုံကိုသိသွားတော့ ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ကို အားလုံးက လက်ခံ သဘောတူလိုက်ကြတယ်။ ရိုးသားပါ။ အမှန်ကိုလက်ခံပါ။ စွန့်လွှတ် အနစ်နာခံပါ။ ကိုယ်ပြုသည့်ဒါဏ် ကိုယ်၏ကံ ကိုယ့်ထံ ပြန်လာမည်။ ရိုးသားခြင်းသည် အကောင်းဆုံးသော ဝါဒပါ။ Crd
1 Comments
ရိုးသားသော မောင်ရစ်
ReplyDeleteရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ဘုရင်တပါး အုပ်ချုပ် နေထိုင်တယ်။ ဘုရင်ကြီးဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ သားသမီး မထွန်းကားခဲ့ဘူး။
စာလုံးပေါင်း သတ်ပုံ မှန်အောင်ရေးတဲ့စာတွေ တိုးများလာနေတယ်။ ကွန်ဂရက်ကျူလေးရှင်း။
သတိတော့ထားရမယ်။ ခေတ်ကြီးက ရိုးသားတာတို့ မှန်ကန်တာတို့ဆိုရင် ရန်သူများတယ်။
တစ်သမားတွေက အားသွန်ခွန်စိုက် တိုက်ခိုက်ကြလိမ့်မယ်။
ဒေါက်တာတင့်ဆွေ