တခါက ဈေးသည်ကြီးတယောက်ဟာ သူ့ရဲ့သားကို ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဆီကို စေလွှတ်ခဲ့တယ်။ ဘာအတွက်လဲ ဆိုတော့ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို သင်ယူဖို့တဲ့။
အဖေရဲ့ စကားကို နားထောင်တဲ့ ကောင်လေးဟာ သဲကန္တာရကြီးကို ဖြတ်ပြီး ရက်ပေါင်း ၄ဝ ကြာတဲ့ထိ ခရီးသွားခဲ့ ရပါတယ်။ နောက်ဆုံးမှာ ကောင်လေးဟာ မြင့်မားတဲ့ တောင်ထိပ်ပေါ်က ရဲတိုက်ကြီး တခုဆီကို ရောက်သွားပါတော့တယ်။ အဲ့ဒီ အရမ်းလှပတဲ့ ရဲတိုက်ကြီးက သူရှာနေတဲ့ သူဌေးကြီးရဲ့ အိမ်ပေါ့။
ကောင်လေး ရဲတိုက်ကြီးထဲကို ဝင်လိုက်တာနဲ့ မြင်လိုက်ရတာ တွေကတော့ အမျိုးကို စုံလို့ပါပဲ။ ကုန်သည်တွေက ဝင်လိုက် ထွက်လိုက်နဲ့။ တချို့ကလည်း အခန်းထောင့်တွေမှာ ရပ်ပြီး စကားတွေ ရေပက်မဝင်အောင် ပြောနေကြတယ်။
သံစုံတီးဝိုင်းလေးကလည်း ငြိမ့်ညောင်းလို့။ ပြီးတော့ စားပွဲကြီးပေါ်မှာ ခင်းကျင်းထားတာ တွေကလည်း ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာ တွေချည်း ဆိုပါလား။
ဟော တွေ့ပါပြီ။ သူဌေးကြီးကတော့ သူ့မိတ်ဆွေတွေကို ဧည့်ခံစကား ပြောနေတယ်။ အဲ့ဒီတော့ ကောင်လေးက အလိုက်တသိ စောင့်နေရတော့တာပေါ့။ ဘယ်လောက်ထိ စောင့်လိုက်ရလဲ ဆိုရင် သူ့အလှည့်ရောက်ဖို့ နှစ်နာရီလောက်တောင် ကြာသွားပါတယ်။
သူဌေးကြီးက ကောင်လေး သူ့ဆီ ရောက်လာရတဲ့ အကြောင်းအရင်းကို ဂရုတစိုက် နားထောင်ပေးတယ်။ ဒါပေမယ့် ကောင်လေး သိချင်တာကို ပြောပြဖို့ သူ မအားသေးဘူးလို့ ပြောပါတယ်။ သူဌေးကြီးက သူ မအားသေးခင် အချိန်နှစ်နာရီလောက် သူ့ရဲ့ နန်းတော်ကြီးကို လှည့်ပတ်ကြည့်ပြီး ပြန်လာခဲ့ဖို့ အကြံပေးတယ်။
"မင်းအဲ့ဒီလို လျှောက်ကြည့်နေတဲ့ အချိန်မှာ ငါမင်းကို တခုခုတော့ ခိုင်းချင်တယ်" လို့ သူဌေးကြီးက ပြောတယ်။ ဆီတွေပါတဲ့ ဇွန်းကို ကောင်လေးဆီ လှမ်းပေးရင်း ထပ်ပြောတာက "မင်းလျှောက်ကြည့်နေတဲ့ အချိန်မှာ ဒီဇွန်းကိုယူသွား။ ပြီးရင် ဆီတွေ ဖိတ်မကျစေဘဲ ပြန်ယူလာခဲ့" တဲ့။
ကောင်လေးက နန်းတော်ကြီးရဲ့ များပြားလှတဲ့ လှေခါးကြီးတွေကို တက်လိုက်ဆင်းလိုက်နဲ့ လျှောက်ကြည့်ဖို့ ထွက်သွားတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ဇွန်းဆီမှာပဲ ရောက်နေတယ်။ နှစ်နာရီ ကျော်သွားတဲ့အခါ သူဌေးကြီးရှိတဲ့ နေရာကို သူပြန်ရောက် လာခဲ့တယ်။
ရောက်ရောက်ချင်းပဲ သူဌေးကြီးက မေးခွန်းတွေ ဆက်တိုက် မေးလိုက်တယ်။ "ထမင်းစားခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းထိုး ပန်းချီကားကြီးတွေကို မင်းတွေ့ခဲ့ရဲ့လား၊ ကျွမ်းကျင်တဲ့ ဥယျာဉ်မှူးကိုယ်တိုင် ဆယ်နှစ်လောက် အချိန်ယူပြီး ဖန်တီးထားတဲ့ ပန်းခြံကြီးကိုရော မြင်ခဲ့လား၊ ငါ့ စာကြည့်တိုက်ထဲမှာ ရှိတဲ့ အရမ်းကို လှပတဲ့ ပုရပိုက်ကြီးတွေကိုရော မင်းသတိထားမိသေးလား"
ကောင်လေးက ရှက်သွားပြီး သူဘာမှ သတိမထားခဲ့မိတာကို ဝန်ခံလိုက်တယ်။ သူ့ရဲ့အာရုံက သူဌေးကြီးခိုင်းတဲ့အတိုင်း ဆီတွေ ဖိတ်မကျဖို့ပဲ ရှိနေခဲ့တာတဲ့လေ။
"ဒါဆိုလည်း အခု ပြန်သွားပြီး ငါ့ကမ္ဘာကြီးရဲ့ ဆန်းကြယ်မှုတွေကို ခံစားလိုက်ပါဦး လူလေးရာ။ လူတယောက်ကို သူ့အိမ်အကြောင်း မသိဘဲနဲ့တော့ မင်းယုံကြည်လို့ မရဘူးလေကွာ" ဆိုပြီး သူဌေးကြီးက ပြန်ပြောလိုက်တယ်။
ကောင်လေးက ဇွန်းကို ကောက်ကိုင်ပြီး နန်းတော်ကြီးကို စူးစမ်းလေ့လာဖို့ ပြန်ထွက်သွားခဲ့တယ်။ အခုမှပဲ နံရံတွေ မျက်နှာကျက်တွေမှာရှိတဲ့ အလှတရားတွေကို သေချာ မြင်လိုက်ရတယ်။
လှပတဲ့ ဥယျာဉ်ကြီးတွေ၊ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ တောင်တန်းကြီးတွေ၊ ပန်းတွေရဲ့ အလှတရားတွေကို ခံစားလိုက်ရတယ်။ ပြီးတော့ အရာအားလုံးကို သေချာစနစ်တကျ လုပ်ထားတယ် ဆိုတာ အရမ်းသိသာပါတယ်။
သူဌေးကြီးဆီ ပြန်ရောက်သွားတဲ့ အခါမှာတော့ သူမြင်ခဲ့တာ အားလုံးကို အသေးစိတ် ပြန်ပြောပြခဲ့တယ်။ သူဌေးကြီးက "ဒါပေမယ့် ငါခိုင်းတဲ့အတိုင်း ဆီတွေရော ပြန်ပါလာရဲ့လား" ဆိုပြီး မေးပြန်တယ်။
ကောင်လေးက သူ့လက်ထဲက ဇွန်းကို ကြည့်လည်း ကြည့်လိုက်ရော ဆီတွေ လုံးဝ မရှိတော့ပါဘူး။ အဲ့ဒီမှာပဲ သူဌေးကြီးက ပြောလိုက်တယ်။
"ကောင်းပြီ ငါမင်းကို ပေးနိုင်တဲ့ အကြံကတော့ တခုပဲ ရှိတယ်ကွ။ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက် ဆိုတာ ဘာပဲလုပ်လုပ် မျှမျှတတ လုပ်နိုင်ဖို့ပဲ။ အခုဆို မင်း တခုကို အာရုံစိုက်နေတုန်း တခုကို ခံစားဖို့ မေ့သွားတယ်။
ဇွန်းထဲက ဆီတွေ ဖိတ်မကျဘဲ ကမ္ဘာ လောကကြီးရဲ့ အံ့သြဖွယ်ရာ အလှအပတွေကို ကောင်းကောင်းကြီး ခံစားနိုင်မယ်ဆို ပျော်ရွှင်ရပြီပေါ့။ ဒါပဲပေါ့ကွာ၊ အဲ့ဒီတော့ အလုပ်တွေ ကြိုးစားရင်းလည်း ပျော်ရွှင်မှုကို ရှာဖို့မမေ့နဲ့။ အပျော်လွန်ပြီးလည်း အလုပ်မပျက်စေနဲ့ ပေါ့ကွာ" တဲ့။ Paul Coelho
0 Comments