လောဘကြီးသော ဝက်ဝံနှစ်ကောင်

ဟိုးရှေးရှေးတုန်းက မဟာမြိုင်တောကြီးရဲ့ အတွင်းပိုင်းမှာ ဝက်ဝံမကြီးသားအမိသုံးကောင် နေထိုင်ကြတယ်။ မဟာမြိုင်တောကြီး အတွင်းအချို့ နေရာမှာ မြက်ပင်စိမ်းစိမ်း ရှည်ရှည်ကြီးတွေ ပေါက်နေတဲ့ နေရာတနေရာ ရှိတယ်။

လူသူကင်းမဲ့ပြီး တောတိရစ္ဆာန်တွေသာ ကျက်စားတဲ့ နေရာပေါ့။ သူမမှာ သားဖြစ်တဲ့ ဝက်ဝံလေးနှစ်ကောင်လည်း ရှိသတဲ့။

အဲ့ဒီဝက်ဝံလေးနှစ်ကောင်ဟာ ကြီးပြင်းလာပြီး အရွယ်ရောက်လာတာနဲ့ ပြင်ပကို ထွက်ပြီး စီးပွားရှာဖို့ စိတ်ကူးနေကြသတဲ့။

"အမေ ကျွန်တော်တို့ စီးပွားရှာဖို့ ခရီးသွားပါရစေ"

"သွားတာတော့ သွားပေါ့ သားရယ်။ အမေ စကားတခွန်းတော့ မှာချင်တယ်။ လမ်းခရီးမှာ သားတို့နှစ်ကောင် အမြဲ လက်တွဲမဖြုတ်ကြ ရဘူးနော်။ အမေမှာတဲ့ စကားကို သားတို့ အမြဲ သတိထားရမယ် ကြားလား"

"ဟုတ်ကဲ့ပါ အမေ"

တဖွဖွ မှာကြားနေတဲ့ မိခင်ဝက်ဝံမကြီးကို ကတိပေးပြီး ဝက်ဝံလေးနှစ်ကောင်လည်း ခရီးထွက်ခဲ့ ကြတယ်။ ခရီးနှင်ရင်းရက်ကြာလာတဲ့အခါ သူတို့မှာ ပါလာတဲ့ စားနပ်ရိက္ခာတွေလည်း ကုန်သွားပါရောတဲ့။ ဗိုက်ကဆာ အစာလည်း မရှိနဲ့ ဝက်ဝံလေးနှစ်ကောင်ဟာ ခရီးကြမ်း နှင်လာခဲ့ကြသတဲ့။

"ကိုကြီး၊ ညီလေး ဗိုက်အရမ်း ဆာနေတယ်"

ညီဖြစ်တဲ့ ဝက်ဝံလေးက အကိုဖြစ်သူကို ညည်းပြသတဲ့။

"ဟေ့ကောင် မင်းတယောက်ထဲ ဆာတာ မဟုတ်ဘူး။ ငါလည်း ဆာနေတာပဲကွ"

ဒီလိုနဲ့ ခရီးဆက်ရင်း သူတို့ ညီအကိုဟာ ဒိန်ခဲကြီးတတုံးကို ရှာတွေ့သွားသတဲ့။ အင်း ဒီဒိန်ခဲကြီးကို တဝက်စီ ခြမ်းပြီး ညီလေးတဝက် ကိုကြီးတဝက် ယူကြမယ်။ ခက်တာက အညီအမျှ ခြမ်းဖို့ ခက်နေတယ်။ ဒါကတော့ ဝက်ဝံလေးနှစ်ကောင်စလုံးဟာ လောဘကြီးတဲ့သူတွေ ဖြစ်နေလို့ ပါပဲ။

"ဟာ ကိုကြီး မခြမ်းနဲ့။ ကိုကြီးခြမ်းရင် အညီအမျှ မဖြစ်ဘဲ နေလိမ့်မယ်။ ညီလေးပဲ ခြမ်းတဲ့တာဝန် ယူမယ်နော်"

"နေပါကွာ မင်းက အငယ်ပဲ ကိုကြီး ခြမ်းပေးမှာပေါ့"

သူတို့နှစ်ယောက် သူခြမ်းမယ် ငါခြမ်းမယ်နဲ့ အငြင်းအခုန် ဖြစ်နေစဉ်မှာပဲ မြေခွေးတကောင်ဟာ သူတို့အနား ရောက်လာပြီး "ဟေး ဝက်ဝံညီနောင်၊ မင်းတို့ဘာတွေ ဝေခြမ်းနေကြတာလဲကွ၊ ငါ့ကိုပြောစမ်းပါဦး" မြေခွေးဟာ ကောက်ကျစ်ဉာဏ်များတဲ့သူပီပီ ဝက်ဝံလေးနှစ်ကောင်ကို လှမ်းမေးလိုက်သတဲ့။

"ဒီလိုပါ ဦးလေးမြေခွေးရယ်။ ကျွန်တော်တို့ ဒိန်ခဲတတုံး ကောက်ရထားပါတယ်။ အဲ့ဒါကို အညီအမျှဖြစ်အောင် ဝေခြမ်းရ ခက်နေလို့ သူခြမ်းမယ် ငါခြမ်းမယ် ဖြစ်နေတာပါ"

ဝက်ဝံလေးနှစ်ကောင်က သူတို့အခက်အခဲကို တင်ပြတဲ့အခါ အကြိုက်တွေ့သွားတဲ့ မြေခွေးက ဟန်ပါပါနဲ့ ဝင်ပြောတော့တာပေါ့။

"အောင်မယ်လေးကွာ မင်းတို့ဟာက ခက်စရာမဟုတ် ခက်နေလိုက်တာ။ မင်းတို့အညီအမျှ ရအောင် ငါဝေခြမ်းပေးမယ်။ ကြီးကြီးငယ်ငယ် ငါတရားသဖြင့် ခွဲဝေပေးမှာပေါ့"

"ဟာ ဒီလိုဆို သိပ်ကောင်းတာပေါ့ ဦးလေးမြေခွေးရယ်။ ကျွန်တော်တို့ကို အညီအမျှ ဖြစ်အောင် ဦးလေးပဲ ခွဲပေးစမ်းပါ။ ရော့ ဒိန်ခဲ"

ဝက်ဝံလေးနှစ်ကောင်က ကောက်ကျစ်တဲ့ မြေခွေးရဲ့ အကြံကို မသိဘဲ ဝမ်းသာအားရကာ အခုမှ ရောက်လာတဲ့သူကို ဆရာတင်လိုက် ကြသတဲ့ကွယ်။

"ကဲ ငါ ခွဲဝေပေးမှာကို သဘောတူကြပြီနော်"

"ဟုတ်ကဲ့ တူပါတယ် ဦးလေးမြေခွေး"

ထိုအခါ ဉာဏ်များတဲ့မြေခွေးဟာ ဒိန်ခဲတုံးကြီးကို တဝက်ဖြစ်အောင် ချိုးဖဲ့ပစ်လိုက်သတဲ့။ သိတဲ့အတိုင်းပဲလေ ဓားနဲ့ ခြမ်းပြီး ခွဲတာတောင် အညီအမျှ မရနိုင်တာ။ လက်နဲ့ချိုးဖဲ့ ခွဲလိုက်တာဆိုတော့ တခြမ်းက ကြီးပြီး တခြမ်းက သေးနေတာပေါ့။

"ဟာ ဦးလေးကလဲ၊ ဦးလေးလုပ်လိုက်တာ ဟိုဘက်ခြမ်းက ကြီးသွားပြီ"

"ဟဲ ဟဲ ဟဲ မပူပါနဲ့ကွာ။ ဒါအသေးအဖွဲပါ။ ငါဖြေရှင်းပေးမှာပေါ့။ "

ဉာဏ်များတဲ့ မြေခွေးဟာ ကြီးတဲ့ ဒိန်ခဲဘက်က အခြမ်းကို နည်းနည်းကိုက်စား ပြလိုက်သတဲ့။

"အိုဗျာ အဲ့ဒီဘက်က သေးသွားပြန်ပြီ"

မြေခွေးဟာ လောဘကြီးတဲ့ ဝက်ဝံလေးနှစ်ကောင်ကို နှစ်သိမ့်ရင်း ကြီးတဲ့အခြမ်းကို ကိုက်စားပြလိုက် ပြန်တယ်။ တကယ်ပြောရရင်တော့ မြေခွေးဟာ ဒိန်ခဲနှစ်ခြမ်းကို အညီအမျှ မဖြစ်အောင် သက်သက်မဲ့ သူစားရအောင် စားပေါက်ထွင်နေတာ ဖြစ်သတဲ့။

"ဟာဗျာ အဲ့ဒါလည်း မညီမျှသေးဘူး"

မြေခွေးရဲ့ ပရိယာယ်ကို မသိရှာတဲ့ ဝက်ဝံလေးနှစ်ကောင်က အော်လိုက်ကြ ပြန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဉာဏ်များလှတဲ့ မြေခွေးက ဒိန်ခဲကို ဟိုဘက်ခြမ်း ကိုက်စားပြလိုက် ဒီဘက်ခြမ်း ကိုက်စားပြလိုက်နဲ့ နှစ်ခြမ်းအညီအမျှ ဖြစ်အောင် အမျိုးမျိုး ကိုက်စားပြနေ ပြန်သတဲ့ကွယ်။

အဲ့သည်လိုနဲ့ ဒိန်ခဲနှစ်ခြမ်းလုံးဟာ သေးသည်ထက် သေးလာတာပေါ့။ တကယ်တော့ ဝက်ဝံလေးနှစ်ကောင်က စိတ်သဘောထားချင်း မတူတာကို မြေခွေးက ကြားဝင်ပြီး အမြတ်ထုတ် စားတာကို ခံရတာပေါ့ကွယ်။ မြေခွေးဟာ

"ဟဲ ဟဲ ဟဲ မလောကြပါနဲ့နော်။ မကြာခင် အချိန်အတွင်းမှာ အညီအမျှ ဖြစ်သွားပါလိမ့်မယ်"

"ဟင်"

"ဟယ် "

ဝက်ဝံလေးနှစ်ကောင်က သူတို့ရလာတဲ့ ဒိန်ခဲတုံးကြီးကို ဘယ်သူမှ မစားရမသောက်ရဘဲ မြေခွေးစားနေတာကို သူတို့မှာ အနံ့သာရပြီး ထိုင်ကြည့်နေရတာပေါ့။ မြေခွေးရဲ့ အဝေအခြမ်း ကောင်းမှုကြောင့် ဒိန်ခဲနှစ်တုံးဟာလည်း သေးသည်ထက် သေးသွားတာပေါ့ကွယ်။

"ကဲ ကဲ ဒီတခါဆိုရင်တော့ အညီအမျှ ရနိုင်ပါပြီ။ "

အဲ့သည်လို ခွဲဝေရာကနေ ယုတ်မာတဲ့ မြေခွေးဟာ ဒိန်ခဲကို တဝကြီး စားပစ်လိုက်တာပေါ့။

"ကိုင်း ကိုင်း ဒီတခါတော့ အညီအမျှ ဖြစ်သွားပါပြီ"

နောက်ဆုံးမှာ ဒိန်ခဲလေးနှစ်ခဲဟာ သေးသေးလေးပဲ ကျန်တော့မှ မြေခွေးက ညီမျှအောင် ဖန်တီးပေးလိုက်သတဲ့။ ဉာဏ်များတဲ့ မြေခွေးက ပညာသားပါပါနဲ့ စားပစ်လိုက်တာကြောင့်ဒိန်ခဲနှစ်တုံးဟာ သေးသေးလေးမျှသာ ကျန်တော့တာပေါ့။

"ဟေ့ ဝက်ဝံလေးတွေ ဘာလို့ ငိုင်နေကြတာလဲ။ ဒိန်ခဲနှစ်ခြမ်းဟာ သေးပေမယ့် မျှမျှတတ ဖြစ်သွားပြီလေ။ ငါမတော်ဘူးလား ဟီး ဟီး"

ဝက်ဝံလေးနှစ်ကောင်ဟာ ဒိန်ခဲသေးသေးလေးကို ကိုင်ပြီး အောင့်သက်သက် ဖြစ်နေတာပေါ့ကွယ်။ ပြန်ကာနီးမှာ မြေခွေးဟာ လောဘကြီးပြီး စိတ်ဝမ်းကွဲနေတဲ့ ဝက်ဝံလေးနှစ်ကောင်ကို ဒီလိုပြောခဲ့သေး သတဲ့။

"စားကြလေကွာ ဘာဖြစ်နေတာလဲ။နောက်တခါလည်း ငါ့ကို ခွဲဝေခိုင်းကြဦးနော်။ ခုတော့ ကျေနပ်ပြီ မဟုတ်လား။ စားစား အားရပါးရစားက ဟဲ ဟဲ ဟဲ"

ဝက်ဝံလေးနှစ်ကောင်ဆီက အမြတ်ထုတ် ယုတ်မာခဲ့တဲ့ မြေခွေးကတော့ သူ့အမြှီးကို ရမ်းရင်း တောထဲကို ဝင်ရောက် ပျောက်ကွယ်သွားလေသတဲ့ကွယ်။

(သင်ခန်းစာ။ ။ မတော်လောဘကြီးတဲ့ သူတွေနဲ့ အချင်းချင်း နစ်နာမခံချင်သူတွေဟာ နောက်ဆုံးမှာ လိုချင်တဲ့အရာကို လိုချင်သလောက် မရနိုင်ဘူးတဲ့) Crd

Post a Comment

0 Comments