ကျွန်တော့်ရုံးမှာ ဦးမရမ်းသီးဆိုတဲ့ ညစောင့် ဒရဝမ်ကြီးတယောက် ရှိတယ်။ အရမ်းချစ်စရာ ကောင်းတယ်။ အမြဲတမ်း ပြုံးနေပြီး လူတွေ့တာနဲ့ အလေးပြုတတ်တယ်။ နှုတ်ကလည်း အမြဲပြောတတ်တာက "Good Day Sir"
ကျွန်တော်က တနေ့တော့ သူ့ကိုမေးမိတယ်။
"ဦးမရမ်းသီး"
"ပြောပါ ဆပ်"
"ခင်ဗျား အင်္ဂလိပ်လို ကောင်းကောင်းတတ်သလား"
"မပြောနိုင်ဘူး၊ မရေးနိုင်ဘူးဆပ်။ ဒါပေမဲ့ ဆရာပြောတယ်နော် မရမ်းသီး ကောင်းကောင်းနားလည်တယ်"
"ဘယ်မှာ သင်ခဲ့သလဲ"
"ဆပ် အင်္ဂလိပ် သခင်ကြီးဆီမှာ ကျွန်တော် ၁၀ နှစ် လုပ်ခဲ့တယ်"
"ခင်ဗျား ကြည့်လိုက်ရင် အမြဲပြုံးနေတာပဲနော်"
"သခင်ကြီးက ပြောတယ် ပြုံးနေပါတဲ့။ ပြုံးနေတဲ့သူဟာ ထမင်း မငတ်ဘူးတဲ့ဆပ်"
"ကောင်းတယ်ဗျာ ခင်ဗျားစိတ်ဓာတ်ကိုတော့ ကြိုက်သွားပြီ"
"မိုးလင်းတယ်နော်ဆပ် ကျွန်တော် စဉ်းစားတယ်။ နှစ်မျိုးပဲ။ ကောင်းကောင်းလုပ်မလား၊ ဆိုးဆိုး လုပ်မလား။ ကျွန်တော် ကောင်းတာပဲ ရွေးတယ်"
"ဟုတ်တာပေါ့ ကောင်းတာပဲ ရွေးသင့်တာပေါ့။ ဒါပေမဲ့ အမြဲ မကောင်းနိုင်ဘူးလေ။ ဆိုးသွားရင်ရော"
"ဆိုးတယ်နော်ဆပ် တုံ့ပြန်မလား၊ သင်ခန်းစာ ယူမလား။ ကျွန်တော်ရွေးတယ်"
"ဘာရွေးသလဲ"
"သင်ခန်းစာ ယူတာပေါ့ဆပ်။ ဘာကြောင့် ဆိုးရသလဲပေါ့"
"ခင်ဗျားကို သူများတွေ ဆဲသွားလည်း ပြုံးနေတာပဲ"
"အရာရာကို ကျွန်တော် နားမလည်ဘူးဆပ်။ ဆဲတာကို ဆရာသိတယ်။ ဆရာ ခံစားတယ်။ ဆဲတာကို ကျွန်တော် နားမလည်ဘူး။ ဒါကြောင့် ကျွန်တော့်ကို နှုတ်ဆက်တယ်ပဲ ထင်တယ်"
"လွယ်တော့ မလွယ်ဘူးဗျာ။ ခင်ဗျားလိုစိတ်မျိုး ထားဖို့တော့ သိပ်မလွယ်ဘူး"
"ဘဝဆိုတာ ရွေးချယ်စရာတွေ အများကြီးပါဆပ်။ အမှိုက်တွေကိုနော် ကျွန်တော်မရွေးဘူး။ မရမ်းသီး အမှိုက် မကောက်ဘူး။ အမှိုက်တွေ သိမ်းမထားဘူး။ အမှိုက်လို့ ထင်ရင် အမှိုက်တောင်းထဲ ထည့်လိုက်တယ်ဆပ်"
"ဦးမရမ်းသီးရယ် ခင်ဗျားကိုတော့ လေးစားပြီ"
ဒီလိုနဲ့ ဦးမရမ်းသီး ပျောက်သွားတယ်။ တပတ်လောက် မတွေ့လို့ မေးကြည့်တော့ ကားတိုက်ခံရလို့ ဆေးရုံတက်နေရတယ်တဲ့။ ကျွန်တော်လည်း သူ့ကို ဆေးရုံသွားပြီး သတင်းမေးတယ်။ ပြုံးပြုံးရွှင်ရွှင်ပဲ။ ခေါင်းကိုထိထားလို့ ဆေးရုံ တက်နေရတာ။ ခေါင်းမှာ ပတ်တီးကြီးနဲ့။
"ဦးမရမ်းသီးရယ် မသေကောင်း မပျောက်ကောင်း။ နေကောင်းရဲ့လား"
"ကောင်းတယ်ဆပ်"
"ကားတိုက်တော့ အတော်ကြောက်သွားလား"
"ကားလမ်းကို ဖြတ်ကူးလိုက်တာ မထင်မှတ်ဘဲ လမ်းပြောင်းပြန် မောင်းလာတဲ့ကားက ဝင်တိုက်တာဆပ်"
"အို ခုလို ပြန်တွေ့ရတာ ကောင်းလိုက်တာ။ ကြောက်သွားမှာပဲနော်"
"မကြောက်ဘူးဆပ်။ ကားတိုက်တယ်။ မှောက်သွားတယ်။ သတိရတချက်၊ မရတချက် ဖြစ်သွားတယ်။ ဒါပေမဲ့ဆပ် ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တယ်"
"ဦးမရမ်းသီး ကိုယ့်ကိုယ်ကို ပြန်မေးဖို့ သတိရသလား"
"သတိရတယ်ဆပ် ကောင်းကောင်း သတိရတယ်"
"ဘာပြန်မေးသလဲ"
"သေမလား၊ ရှင်မလား"
"ခင်ဗျား ဘာရွေးလိုက်သလဲ"
"ဆပ် ကျွန်တော် သေလို့မဖြစ်ဘူး ဒါကြောင့် ရှင်မယ်ဆိုပြီး ရွေးခဲ့တယ်။ ပြန်ထတယ်နော် ဆေးရုံရောက် လာတယ်"
"ဦးမရမ်းသီးရယ် ခင်ဗျားကို လေးစားပြီဗျာ။ ခင်ဗျား နောက်ဆုံးအချိန်အထိ ရွေးချယ်ခွင့် ရခဲ့တာပဲ"
"ဆပ် လောကမှာ ရွေးချယ်စရာတွေ အမြဲ ရှိနေပါလိမ့်မယ်"
ကျွန်တော် ပြုံးလိုက်တယ်။ ဦးမရမ်းသီးက "ဆရာနော် ပြုံးဖို့ ရွေးချယ် လိုက်တယ်။ သိပ်မှန်တယ်။ ခုချိန်မှာ ပြုံးခဲတဲ့ ဆရာ့မျက်နှာကို မြင်ချင်လိုက်တာလို့ မရမ်းသီး တောင့်တနေတာ" တင်ညွန့်
0 Comments