တခါတုန်းက တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါး အုပ်ချုပ် မင်းလုပ်နေသတဲ့။ အဲဒီဘုရင်ကြီးဆီမှာ အင်မတန်မှ ပညာရှိတဲ့ ပညာရှိအမတ်ကြီး တပါးလည်း အမှုထမ်းလျက် ရှိတာပေါ့။ ဒါပေမယ့် အဲဒီ ပညာရှိအမတ်ကြီးကို ဘုရင်ကြီးက အမြင် သိပ်မကြည်ဘူးတဲ့။
ဘာလို့လဲ ဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေ မကောင်းလို့ "ညက အိပ်မက်တွေ မကောင်းဘူး အမတ်ကြီး။ ငါကိုယ်တော် ကံတွေ ဆိုးနေတယ် ထင်တယ်။ ဘာများဖြစ်နိုင်မလဲ" လို့ မေးလိုက်တိုင်း အမတ်ကြီးက "ကောင်းဖို့အတွက် ဖြစ်လာတာပါ ဘုရား" လို့ပဲ ပြန်လျှောက်တယ်။
အဲဒီလိုပဲ ဘုရင်ကြီးက အဆင်မပြေတာနဲ့ ကြုံလို့ မေးတဲ့ အခါတိုင်း အမတ်ကြီးက "ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရား" လို့ ဘုရင်ကြီးကို ပြန်ပြန် လျှောက်သတဲ့။ အဲဒီစကားကိုပဲ အမြဲတမ်း လျှောက်နေတော့ ဘုရင်ကြီးက အမတ်ကြီးကို အမြင်မကြည်ဘူး ဖြစ်လာတာပေါ့။
ဒီလိုနဲ့ တနေ့တော့ဘုရင်ကြီးဟာ ပညာရှိအမတ်ကြီးနဲ့ နှစ်ယောက်တည်း တောကစား ထွက်လာတယ်တဲ့။ ဘုရင်ကြီးဟာ တောလိုက်ရင်းနဲ့ အမှတ်မထင် သူ့လက်မတချောင်း ပြတ်သွားခဲ့တယ်။
အဲဒီအခါမှာ ဘုရင်ကြီးက "အမတ်ကြီးရေ ကျုပ်လက်မတော့ပြတ်သွားပြီ။ နိမိတ်မကောင်းဘူး ထင်တယ်" လို့ ပြောသတဲ့။
အဲ့လိုပြောတဲ့ အခါမှာလဲ အမတ်ကြီးက "မပူပါနဲ့ဘုရား ကောင်းဖို့အတွက် ဖြစ်လာတာပါ" ဆိုပြီး ထုံးစံအတိုင်း ပြန်လျှောက်တာပေါ့။
အဲဒါနဲ့ ဘုရင်ကြီးလည်း "တယ် ဒီလောက် လက်မတချောင်း ပြတ်သွားတာတောင် ကောင်းဖို့အတွက် ပြတ်တယ် ဖြစ်ရသေး။ ကဲကွာ" ဆိုပြီး အမတ်ကြီးကို မြင်းပေါ်ကနေ ကန်ချခဲ့တာ အမတ်ကြီးခမျာ ချောက်ထဲ ပြုတ်ကျ ကျန်ရစ်ခဲ့သတဲ့။
ဒီလိုနဲ့ ဘုရင်ကြီးဟာ တောဆက်ထွက်လာရင်း လူရိုင်းတစုရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတယ်။ အဲ့ဒီ လူရိုင်းတွေက ဘုရင်ကြီးကို ယာဇ်ပူဇော်ဖို့ စီစဉ်ကြသတဲ့။ ဒါပေမယ့် ယာဇ်ပူဇော်ခါနီးမှာ လူရိုင်းတွေက ဘုရင်ကြီးကို သေချာကြည့်ပြီး ပြန်လွှတ်ပေးလိုက်တယ်။
ဘာလို့လဲ ဆိုတော့ ဘုရင်ကြီးက လက်မတချောင်း ပြတ်ပြီး အင်္ဂါမစုံလို့ ယာဇ်ပူဇော်လို့ မရဘူးတဲ့။ ဒါကြောင့်လူရိုင်းတွေက ပြန်လွှတ်ပေးလိုက်တာ။ ဘုရင်ကြီးခမျာ ဝမ်း သာအားရ ပြန်လာတာပေါ့။
ဘုရင်ကြီးလည်း အသက်ဘေးက လွတ်တော့မှ "သြော် ငါ့လက်မ ပြတ်တုန်းက ပညာရှိ အမတ်ကြီးက ကောင်းဖို့အတွက်ဖြစ်လာတာပါ ဘုရားလို့ လျှောက်တင်တာ တယ်မှန်ပါလား" ဆိုပြီး တွေးမိတယ်တဲ့။
အဲဒါနဲ့ ဘုရင်ကြီးလည်း ပညာရှိ အမတ်ကြီးကို ကန်ချခဲ့တာကို နောင်တတွေ ရပြီး ရဲမက်တွေကို ပြန်ရှာခိုင်း လိုက်တယ်။
အမတ်ကြီးလည်း ကံကောင်းထောက်မပြီး ချောက်ထဲကျတာ မသေဘဲ ဘုရင်ကြီးဆီ ပြန်လိုက်လာတယ်တဲ့။ အမတ်ကြီးကို တွေ့တော့ ဘုရင်ကြီးက "အမတ်ကြီးကို ကျုပ်တောင်းပန်ပါတယ်" ဆိုပြီး သူကြုံခဲ့ရတာတွေကို ရှင်းပြတာပေါ့။
အဲဒီအခါ အမတ်ကြီးကလည်း "ဘုရင်ကြီး ကန်ချခဲ့တာကို တောင်းပန်စရာ မလိုပါဘူး။ ကောင်းဖို့အတွက် ဖြစ်လာတာပါ ဘုရား" ဆိုပြီး ပြန်လျှောက်သတဲ့။ ဘုရင်ကြီးက "လုပ်ပြန်ပြီ အမတ်ကြီး၊ ငါကိုယ်တော် သင့်ကို ကန်ချခဲ့တာ ဘာကောင်းတာတုန်း" လို့ မေးတာပေါ့။
အမတ်ကြီးကလည်း "ဘုရင်ကြီးသာ ကန်မချခဲ့ဘဲ ဘုရင်ကြီးနဲ့ တူတူ တောကစား ဆက်ထွက်ရင် လူရိုင်းတွေ ဖမ်းမိပြီး လက်မ မပြတ်ဘဲ အင်္ဂါစုံလို့ ယာဇ်ပူဇော်ခံရမှာ ကျွန်တော်မျိုးပါဘုရား" လို့ ပြန်လျှောက်တင် လိုက်တယ်တဲ့။
ဒါကြောင့် တခုခုမကောင်းတာနဲ့ ကြုံတိုင်း ငါကံများ ဆိုးနေသလား ဆိုပြီး စိုးရိမ်ထိတ်လန့် ဝမ်းနည်းမနေပါနဲ့။ အရာရာတိုင်းဟာ ကောင်းဖို့ ဖြစ်လာတာပါလို့ နှလုံးသွင်းလိုက်ပါ။ စနေဖြိုး
0 Comments