အားရော အားကြရဲ့လား

"ကဲ ဒီက အကိုကြီး။ ပြန်ထွက်လို့ ရပါပြီ"

တာဝန်ကျ မီးသဂြိုဟ် လုပ်သားရဲ့ စကားအဆုံး မီးတောက်တွေကြားက ကျုပ်သူငယ်ချင်းရဲ့ ရုပ်အလောင်းကို ကျောခိုင်းပြီး တံခါးပေါက်ကနေ ပြန်ထွက်လာ ခဲ့တယ်။

ကျုပ်လေ ရင်ထဲ မကောင်းလိုက်တာဗျာ။ ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုချလိုက်ချင်ပေမယ့် မျက်ရည်တွေက မဆိုသလောက်လေးပဲ စိမ့်ထွက် လာတယ်။

အခေါင်း တခုလုံးကို ရဲရဲတောက်နေတဲ့ မီးညွန့်တွေအပေါ် တုတ်ပိုင်းကြီးနဲ့ ထိုးတင်လိုက်တာများ အေးခင်တို့ သားအမိတွေ မြင်ရင် ခံနိုင်ရည်တောင် ရှိနိုင်ပါ့မလားလို့ ကျုပ်တွေးမိတယ်။ အင်းလေ ဒါကြောင့်မို့လည်း သူတို့သားအမိတွေ ဝင်မကြည့်ကြတာ တူပါရဲ့။

မီးရှို့တဲ့ အခန်းထဲ ကွယ်လွန်သူရဲ့ မိသားစုဝင် တယောက်နှစ်ယောက် ဝင်ကြည့်ဖို့ ခေါ်တော့ စိတ်မခိုင်လို့ ဆိုပြီး သူတို့က ဝင်မကြည့်ကြ ဘူးလေ။ သူငယ်ချင်း အရင်းကြီး ဖြစ်တဲ့ ကျုပ်ကိုပဲ ဝင်ကြည့်လိုက် ပါတဲ့။

သူငယ်ချင်း မျိုးမင်းရေ။ ဟောဒီ ရေဝေးသုဿန်ရဲ့ မီးတောက်တွေကြားထဲက ပြာမှုန့်ကလေးတွေထဲမှာ မင်းရဲ့ခန္ဓာ နိဋ္ဌိတံသွားတော့မှာပေါ့။ မင်းရဲ့ မိန်းမနဲ့ မင်းရဲ့ သမီးသုံးယောက်။ ပြီးတော့ ကျုပ်။

ပြီးတော့ ဟောဒီ သတ္တလောကကြီးထဲမှာ ရှိနေတဲ့ သက်ရှိလူသားတွေ အားလုံးဟာ တနေ့နေ့တော့ မင်းနောက်ကို မုချမလွဲ လိုက်လာကြမှာပါ။ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို ပုံစံမျိုးနဲ့သာ မသိသေးတာပါ။ လိုက်လာ ရမှာတော့ ဧကန်ပဲလေ။

ရှိုက်ကြီးတငင် ငိုကျွေးနေတဲ့ အေးခင်တို့ သားအမိကို ကြည့်ပြီး ကျုပ်ဘယ်လို နှစ်သိမ့်ရမလဲ လို့ တွေးကြည့်မိတယ်။ ဒါပေမယ့် သေချာတာ တခုက ကျုပ်ကိုယ်ကျုပ်တောင် မနှစ်သိမ့်တတ်သေးဘူးလေ။

လက်ထဲမှာ ကိုင်ထားတဲ့ ယပ်တောင် ကလေးကို ငုံ့ကြည့် လိုက်တော့ မျက်ရည်တွေ ကြားကနေ ခပ်ဝါးဝါး တွေ့လိုက်တယ်။ ဦးမျိုးမင်း အသက် (၄၅) နှစ် တဲ့။ အဲဒါ ကျုပ် သူငယ်ချင်းကြီး ပေါ့။

ကျုပ်နဲ့ ဟိုး လေးငါးနှစ်သား အရွယ်ကတည်းက ပုခုံးဖက်ပြီး ပေါင်းလာကြတဲ့ ငယ်သူငယ်ချင်း အရင်းကြီး ပေါ့ဗျာ။ သူဟာ တကယ်တော်တဲ့ လူတော်တယောက်ပါ။ ဟိုးအရင် ခပ်ငယ်ငယ် ကျောင်းသားဘဝကတည်းက အချိန်ကို အကျိုးရှိရှိ အသုံးချ တတ်ခဲ့တဲ့ လူတယောက်ပေါ့။

အပျော်အပါး အလေအလွင့်စိတ် ဆိုတာ သူ့ဆီမှာ တခါမှ မတွေ့ခဲ့ဖူးဘူး။ ဘာမှ လုပ်စရာမရှိရင်တောင် စာဖတ်နေတဲ့ လူစားမျိုး။ ကျောင်းသားဘဝ တုန်းကပေါ့။

အသက်ကလေး ရလာလို့ အိမ်ထောင်တွေ ဘာတွေကျတော့လည်း ကြိုတင် အစီအစဉ် ချထားတဲ့ ရှေ့ဆက်လုပ်စရာတွေက သူ့ဆီမှာ မနည်းမနော။ အလုပ်နဲ့လက်နဲ့ကို မပြတ်တာ။

"သူငယ်ချင်း မင်းကြည့်ရတာ ပင်ပန်းလိုက်တာကွာ" လို့ ကျုပ်ပြောတော့ သူ ဘာပြန်ပြောတယ် ထင်သလဲ။ "အရွယ်ရှိတုန်း ကြိုးစားထားရမယ် သူငယ်ချင်း။ အခုချိန် အပင်ပန်းခံမှ နောင်တချိန် သက်သာမှာ။ မင်းလည်း ကြားဖူးပါတယ်။ အရိပ်လိုချင် နေပူထဲကစောင့် ဆိုတာလေ။ အသက်ကြီးမှ နောင်တ မရချင်ဘူးကွာ" တဲ့။

သူပြောတာလည်း ဟုတ်သားဗျ။ ဒါကြောင့် သူတို့ မိသားစု အဆင်ပြေပြေ နေနိုင်တာ။ ကျုပ်ကဖြင့် အဲလို မဟုတ်ပေါင်။ အခွင့်အရေးရရင် ရသလို အပျော်အပါးက ခပ်များများရယ်။ အနာဂတ် အစီအစဉ် ဆိုတာလည်း ကျုပ်ဆီမှာ လုံးဝ မရှိခဲ့ဖူးဘူး။

ဒါကြောင့်မို့ ထင်ပါရဲ့။ ဆင်းရဲတဲ့ မိသားစုတွေဆီက ကြီးပြင်း လာကြသူချင်း အတူတူ သူကပဲ တဟုန်ထိုး တိုးတတ်သွားတယ်။ ကျုပ်မှာဖြင့် နည်းနည်းချင်းပဲ စုဆောင်းနိုင်ခဲ့တယ်။

တခါတလေ ကျုပ်အခက်အခဲရှိရင် သူ့ဆီကတောင် ပြန်ချေးငှါးနေ ရသေး။ အဲဒီအချိန်မျိုးဆို သူပြောတတ်တာ တခုရှိတယ်။

"အချိန်တွေကို အကျိုးရှိရှိ အသုံးချ စမ်းပါကွာ" တဲ့။ တခါတုန်းကလည်း တရားပွဲ သွားမလို့ဆိုပြီး သူ့ကိုကျုပ် ခေါ်ဖူးသေးတယ်။

ညပိုင်း လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိလို့ ဆိုပြီး သူငြင်းခဲ့တယ်။ "အူမတောင့်မှ သီလ စောင့်နိုင်မှာ သူငယ်ချင်း။ အူမ တောင့်ဖို့အတွက် ကြုံတုန်းလေး ဖြည့်ထားပါရစေဦး" တဲ့။

အင်းလေ သူ အဲဒီလို စီးပွားရေး လုံးပမ်းခဲ့ လို့လည်း သူတို့မိသားစု မတောင့်မတ မကြောင့်မကျ နေနိုင်တာ ထင်ပါရဲ့။ ကျုပ်အမျိုးသမီးကဆို သူ့ကို အရမ်း ချီးကျုးတာ။

"ကိုမျိုးမင်းဟာ တော်တော် အလုပ်လုပ်နိုင်တယ်နော် အံ့ရော။ သူ့ကြည့်လိုက်ရင် အလုပ်နဲ့လက် ပြတ်တာ မမြင်ဖူးသလိုပဲ" အဲဒီလိုများပြောရင် ကျုပ်စိတ်ထဲ သိပ်မကြိုက်ချင်ဘူး။ ဒါပေမယ့် ကျုပ်ကိုလည်း အပြစ်ပြောပြီး ဝေဖန်တာမျိုးတော့ မရှိဘူး။

ကိုယ့်ကိုယ်ကိုမို့ ပြောတာ မဟုတ်ဘူး ကျုပ်လည်း တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီး တယောက်ပါ။ တခါတလေ အခက်အခဲ ရှိလို့ စီးပွားရေးလေး မဆိုစလောက် ကျပ်တည်း တတ်တာက လွဲပြီး ချို့ချို့တဲ့တဲ့တော့ မဟုတ်ပါဘူး။

ကျုပ်သူငယ်ချင်းလို အုတ်ခံ တိုက်အိမ်မျိုးနဲ့ မထားနိုင်ခဲ့ပေမယ့် ပျဉ်ထောင် သွပ်မိုးထက်တော့ မနိမ့်ခဲ့ပါဘူး။ ဆီအပြည့် ဆန်အပြည့်နဲ့ ရွှေခံ ရွှေရံလေး လောက်တော့ အပိုအလျှံ ရှိပြီးသား။ ဘာပဲဖြစ်ဖြစ်တော့ ကျုပ်နဲ့ ကျုပ်သူငယ်ချင်းက နံ့သာဆီ နဲ့ အီး။

ကျုပ်သူငယ်ချင်းမှာ ရွှေဖြူ၊ ရွှေဝါ၊ ရွှေခင် ဆိုပြီးတော့ သမီးသုံးယောက် ရှိတယ်။ သူအခု ကြိုးစားလုပ်နေရတာ အိမ်ထောင်မကျသေးတဲ့ သူ့သမီးတွေ နောင်ရေးအတွက်တဲ့။ ဖခင်ကောင်း ပီသတာများ ပြောပါတယ်။

သူ့နောက်ဆုံး ရည်မှန်းချက်က သူမသေခင် သူ့သမီးသုံးယောက်အတွက် အိမ်နဲ့ခြံ တယောက်တကွက်စီ ဝယ်ပေး ထားနိုင်ဖို့တဲ့။ တော်တော်တောင် နီးစပ်နေပြီ ပြောတယ်။

အဲဒီ ရည်မှန်းချက်နဲ့ပဲ သူ့ရဲ့ အချိန်ဇယားထဲမှာ အားလပ်ချိန်ဆိုတဲ့ စာသား ပျောက်နေခဲ့တယ်။ ဟော အခုကြည့်။ သူ့ရည်မှန်းချက်တွေ မပြည့်ခင် ရုတ်တရက်ကြီး ဆုံးပါးသွားခဲ့ပြီ။ မအားလပ်တဲ့ ကြားကပဲ ထားသွားရက်ခဲ့ပြီ။

သူငယ်ချင်းရေ ကောင်းရာ သုဂတိ လားပါစေကွာ။ မင်းမရှိတဲ့ နောက်ပိုင်း မင်းမိသားစု တဖြည်းဖြည်း အသားကျသွားမှာပါ။ စိတ်ဖြောင့် ဖြောင့်သာ သွားပေတော့။

ရေဝေး သုသာန်ကြီး ကတော့ မီးခိုးလုံးကြီးတွေ၊ မျက်ရည်ပေါက် ကြီးငယ်တွေ၊ ဝမ်းနည်းပူဆွေး မျက်နှာတွေ၊ အော်ဟစ် ငိုယိုသံတွေနဲ့ ကြိတ်ကြိတ်တိုး လို့ပေါ့။ နောက်ထပ် နောက်ထပ် ရောက်လာကြတဲ့ အသက်မဲ့ခန္ဓာတွေ ထည့်ထားတဲ့ ခေါင်းတလား အပြင်ဘက်တွေ မှာ ဦး၊ ဒေါ်၊ ကို၊ မနဲ့ နာမည်တွေ အမျိုးမျိုး ရေးထိုးထားကြတယ်။

အသက်အရွယ်တွေ ကလည်း ကိန်းဂဏန်း အစုံအလင်။ ဪ သူတို့တွေလည်း ဒီကို ရောက်လာကြတာ အားရော အားကြရဲ့ လား။ နတ်စောင်း (ကျိုက်ထို)

Post a Comment

0 Comments