မာန်တက်နေသောမြေခွေး၏ ကျဆုံးခန်း

ငါးရာ့ငါးဆယ် နိပါတ်တော် သဗ္ဗဒါဌဇာတ်သည် လူကို မြေခွေးက ရန်ပြုသည့် ဇာတ်ဖြစ်သည်။ ဘုရားရှင်က ဒေဝဒတ်ကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောကြားတော်မူခဲ့ပါသည်။ ပြဿနာအစ ပရောဟိတ်ပုဏ္ဏားက ဖြစ်သည်။ ပုဏ္ဏားသည် ပထဝီဇယမန္တရားကို တတ်မြောက်သူ ဖြစ်သည်။

ထိုမန္တန်ကို တနေ့တွင် ဆိတ်ငြိမ်သော အရပ်သို့သွားကာ ကျောက်ဖျာထက်တွင် ရွတ်ဖတ်ခြင်း ပြုလေသည်။ ကျောက်ဖျာအနီး တွင်းထဲတွင် နေသော မြေခွေးက ထိုမန္တာန်ကို အရကျက်မှတ်ကာ ထားလိုက်လေသည်။

ထို့နောက် ပုဏ္ဏားကိုပင် သင်ရွတ်နေသော မန္တာန်ကို သင့်ထက်ပိုပြီး နှုတ်တက်ရသည်ဆိုကာ တောကို ဝင်ပြေးလေသည်။

ပထဝီဇယမန္တာန်သည် သီလမရှိသောသူများ၊ စိတ်ထားမတည်သူများ မကြားသင့်၊ မရသင့်၊ မရွတ်သင့်ပေ။ မြေခွေးလို တိရစ္ဆာန်က ထိုမန္တာန်ကို ရသွားခြင်းများ ပျက်စီးခြင်းသို့သာ ဦးတည်လေတော့သည်။

မြေခွေးက တောကိုဝင်ပြီး ထိုမန္တာန်ကို ရွတ်ဖတ်ကာ အခြားခွေးမျိုးတွေကို စုဆောင်းပြီး ဘုရင်လုပ်သည်။ အစွမ်းထက်သော မန္တာန်နှင့်ပင် တောနေ ခြေလေးချောင်း သတ္တဝါအားလုံးကို ခစားစေသည်။

မြေခွေးက သူ့ကိုယ်သူ သဗ္ဗဒါဌ ဘွဲ့ပေးကာ မင်းအဖြစ် ခံယူသည်။ မြေခွေးမတကောင်ကိုလည်း မိဖုရား မြှောက်လိုက်သေးသည်။ မြေခွေးက မည်မျှအထိ အတင့်ရဲလာသနည်း ဆိုလျှင် ခရီးထွက်လျှင် ဆင်နှစ်ကောင်နှင့် ဖြစ်သည်။ ဆင်တကောင်က သူ့အတွက်၊ နောက်တကောင်က သူ့မိန်းမအတွက် ဖြစ်သည်။

မာန်တက်နေသော မြေခွေးသည် မတန်မရာကို လုပ်လေတော့သည်။ ဆင်ပေါ်တွင် ခြင်္သေ့တကောင်စီကို တင်သည်။ သူ့မိဖုရားနှင့်သူက ဆင်တကောင်စီထက်တွင် ရှိသော ခြင်္သေ့ထက်က လိုက်ပါလာလေ့ ရှိသည်။

မန္တာန်လေးရကာ တိရစ္ဆာန်အပေါင်းကို အမိန့်ပေး အုပ်ချုပ်ခိုင်းစေနိုင်စွမ်း ရှိလာသောအခါ မာနတံခွန် တလူလူ ဖြစ်လာသည်။ ဗာရာဏသီပြည်ကိုပင် သူ့တိရစ္ဆာန်တပ်ကြီးနှင့် ချီလာပြီး တိုင်းပြည်ကို သူ့ လက်အပ်ရန် ရာဇသံပေးလေတော့သည်။

တိရစ္ဆာန်တပ်ကြီးက တိုင်းပြည်ကို ဝိုင်းထားသောအခါ ပြည်သူတွေက ထိတ်လန့် ကြောက်ရွံ့ကြလေသည်။ ပုရောဟိတ် ပုဏ္ဏားကြီးကလည်း မိမိစထားသော ကိစ္စဖြစ်နေသောကြောင့် မင်းကြီးထံသွားကာ မိမိတာဝန် ထားပါဆိုပြီး မြေခွေးကို ရင်ဆိုင်သည်။ ပုဏ္ဏားက မြို့ရိုးပေါ်တက်ကာ မြေခွေးကို မေးလေသည်။

"ငါတို့ပြည်ကို မည်သို့တိုက်မည်နည်း"

မြေခွေးက "ခြင်္သေ့တွေကို ဟောက်ခိုင်းပြီး တိုင်းပြည်ကို သိမ်းမည်" ဟု ဆိုလေသည်။ မြေခွေးနှင့် ခြင်္သေ့ပေါင်းကာ တိုင်းပြည်ဖျက်ရန် ကြံကြပြီ။ ပုဏ္ဏားကြီးက မြို့ရိုးပေါ်က ဆင်းလာပြီး ပြည်သူတွေကို နားထဲသို့ ပဲကြီး၊ မုန့်ညက်များ ပိတ်ဆို့ကာ နေကြရန် ညွှန်ကြားသည်။

ပြည်သူအားလုံးကလည်း ပုဏ္ဏားပြောသည့်အတိုင်း လိုက်နာကြလေသည်။ သူကိုယ်တိုင်လည်း နားကို ပိတ်ဆို့ပြီးနောက် မြို့ရိုးပေါ် ပြန်တက်သည်။

"အသင်မြေခွေး သင်သည်ကား ခွေးမျိုးဖြစ်သည်။ သင့်လို ခွေးမျိုး၏ အမိန့်ကို ခြင်္သေ့တွေက နာခံပါမည်လော။ ခြင်္သေ့ဆိုသည်မှာ သင်တို့ခွေးမျိုးထက် မြင့်မြတ်သည် မဟုတ်လော" ဟု ပြောသောအခါ မာန်တက်နေသော မြေခွေးက "တခြား ခြင်္သေ့တွေကိုထား၊ ငါစီးလာသည့် ခြင်္သေ့ကို ဟောက်စေမည်" ဟု ဆိုသည်။ "ဟောက်ခိုင်းလော့"

မြေခွေးကို သူစီးလာသည့် ခြင်္သေ့ကို ခြေဖြင့်တို့ပြီး ဟောက်ခိုင်းလေသည်။ ခြင်္သေ့က ဟောက်သည် ဆင်တွေက ကြောက်သဖြင့် တုန်လှုပ်ကာ ပြေးကုန်သည်။ ပြေးသောကြောင့် ခြင်္သေ့တွေလည်း ဆင်ပေါ်က ပြုတ်ကျသည်။

ခြင်္သေ့ပြုတ်ကျသာကြောင့် ဘုရင်ရူးနေသော မြေခွေးရော သူ့မိဖုရားပါ ပြုတ်ကျသည်။ အောက်ကို ပြုတ်ကျသော မြေခွေးဘုရင်ရူးနှင့် မိဖုရားကို ဆင်နင်းသဖြင့် ခေါင်းပြားကာ သေသည်။

ခြင်္သေ့ဟောက်သံကြောင့် အခြားသော တိရစ္ဆာန်တပ်ကြီးကလည်း ထိတ်လန့်ကာ ပြေးလေတော့သည်။ ဝရုန်းသုန်းကားနှင့် တပ်ပျက်ကာ တကောင်ပေါ် တကောင်နင်း တောတွင်း တိရစ္ဆာန်အပေါင်းမှာ သေကျေပျက်စီးခြင်းကို ရောက်ကြသည်။

ဗာရာဏသီပြည်ဝန်းကျင်တွင် တပ်ပျက်ပြီး တကောင်နှင့်တကောင် နင်းထားသော တိရစ္ဆာန်တွေမှာ တောင်ပုံရာပုံ ဖြစ်နေသည်။ တိုင်းသူပြည်သားများ မြို့ပြင်ထွက်ကာ အသားအလို့ငှာ ယူကြသည်။ စားမကုန် နိုင်လောက်အောင် ဖြစ်သဖြင့် နေခြောက်လှန်းရသည်။ ထိုအချိန်ကစပြီး အမဲခြောက်လှန်းခြင်းဓလေ့ ပေါ်လာသည်။

ဘုရားရှင်က "အစွယ်ရှိသော သတ္တဝါများ၏ ဘုရင်ဧကရာဇ်ဖြစ်သည့် မြေခွေးသည် ကြီးကျယ်မြင့်မြတ်သည့် စည်းစိမ် ချမ်းသာကို ခံစားရလေသဖြင့်၊ လက်အောက်ငယ်သား အခြံအရံ အင်အားကောင်း လှသောကြောင့်၊ မာနတံခွန် တလွင်လွင် ထူမိ၏။

ထိုထက်သာလွန် အတိုင်းထက်အလွန် အခြံအရံများမှုကို မက်မောမိလေ သောကြောင့် ပျက်စီးခြင်းသို့ ရောက်ရလေသည်" ဟု ဟောကြားတော် မူခဲ့ပါသည်။ (ရည်ညွှန်း - ဇာတကပါဠိတော် မြန်မာပြန်၊ သိင်္ဂါလဝဂ်၊ သဗ္ဗဒါဌဇာတ်) တင်ညွန့်

Post a Comment

0 Comments