အမြီးပြတ်နေသော မြေခွေး

တခါတုန်းက မြေခွေးတကောင်ဟာ စပျစ်ခြံထဲကို ဝင်ပြီး စပျစ်သီး ခိုးပါသတဲ့။ တနေရာမှာတော့ စပျစ်ခြံလုပ်သားတွေ ထောင်ထားတဲ့ ထောင် ချောက်တခုမှာ မိသွားခဲ့တယ်။

မြေခွေးဟာ ထောင်ချောက်က မလွတ် လွတ်အောင် ရုန်းကန်ပြီး ထွက်ခဲ့တာကြောင့် သူ့ရဲ့ အမြီးဟာ ထောင်ချောက်ထဲမှာ ပြတ်ကျန်ရစ်ခဲ့ပြီး သူကတော့ လွတ်မြောက်သွားခဲ့တယ်။

မြေခွေးဟာ အမြီးပြတ်သွားတဲ့အတွက် အင်မတန်မှ ရှက်စိတ်ဝင်လာတယ်။ သူ့ရဲ့ မြေခွေးအပေါင်းအသင်းတွေ လှောင်ပြောင်ကြမယ့် အဖြစ်ကိုလည်း တွေးပြီး စိတ်ပူနေခဲ့တယ်။

ဒါပေမယ့် ဉာဏ်များတဲ့မြေခွေးဟာ တခြားမြေခွေး အဖော်တွေနဲ့ တွေ့တဲ့အခါ ဒီလိုမျိုးပြောခဲ့တယ်။ "သူငယ်ချင်းတို့ ငါအခု ငါ့အမြီးကို ကိုယ်တိုင်ပဲ ဖြတ်ပစ်လိုက်တယ်။ အမြီးရှိနေတာက တော်တော်ရှုပ်တယ် ဆိုတာ ငါသိလို့ပဲ။

အခုလို အမြီးဖြတ်လိုက်တော့ နေရထိုင်ရတာ လွတ်လပ်သလို ထိမ်းသိမ်းစရာ မလိုတော့ စိတ်သွားတိုင်း ကိုယ်ပါတာပေါ့။ မင်းတို့လည်း ငါ့လိုမျိုး လိုက်လုပ်သင့်တယ်" ဆိုပြီး အမြီးဖြတ်ပစ်ဖို့အတွက် တိုက်တွန်းပါသတဲ့။

တခြားမြေခွေးတွေကို ချောက်တွန်းနေတဲ့ မြေခွေးရဲ့ ကောက်ကျစ်တဲ့ စကားကို ကြားသွားတဲ့ ပညာရှိမြေခွေးကြီးဟာ ရယ်မောပြီး

"ဟား ဟား ဟား ဟုတ်ပါပြီ။ ငါတို့လည်း စပျစ်ခြံကို ဝင်ခိုးပြီး အမြီးပြတ်တဲ့အခါ မင်းလိုပဲ ဖြစ်လာကြမှာပါ" လို့ ပြောလိုက်ပါသတဲ့။

အဲဒီအခါ မြေခွေးတွေဟာ အမြီးပြတ်နေတဲ့ မြေခွေးကို ဝိုင်းလှောင်ပြောင်ကြ ပါတော့တယ်။ အမြီးပြတ်မြေခွေးလည်း ရှက်တာကြောင့် တောထဲကို ထွက်ပြေးခဲ့ရပါသတဲ့။

ဒီအကြောင်းအရာလေးက ကျနော်တို့ကို သတိပေးထားတာတွေ ရှိပါတယ်။ အချို့သောသူတွေဟာ ကိုယ့်ရဲ့ အရှက်တရား၊ ဒါမှမဟုတ် မပြည့်စုံမှုကို ဖုံးကွယ်ဖို့အတွက် အခြားသူတွေကိုပါ ကိုယ်နဲ့အလားတူ နိမ့်ကျတဲ့ဘဝကို ရောက်စေလိုကြတယ်။

ကိုယ်ကြုံတွေ့လာရတဲ့ အခက်အခဲနဲ့ ဒုက္ခတွေကို ပြောပြပြီး အခြားသူတွေကို သတိပေး လမ်းညွှန်ရမယ့်အစား အလားတူဒုက္ခရောက်စေလိုတဲ့ စိတ်ထားမျိုး ရှိတတ်တယ်။

သူ့ရဲ့ စိတ်ထားနိမ့်ကျမှုကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သိသွားပြီဆိုရင်တော့ သူတို့ဟာ သိမ်ငယ်စိတ်နဲ့အတူ လူ့အသိုင်းအဝိုင်းရဲ့ ဝိုင်းပယ်မှုကို ခံရတတ်တယ်။ Crd

Post a Comment

0 Comments