ကျနော်ငယ်စဉ်က အဖေကြီးပြောလေ့ရှိတဲ့ ပုံပြင်လေးတပုဒ် ရှိပါတယ်။ သို့သော် ပုံပြင် မဟုတ်။ အဖေကြီးက ကျောင်းဆရာ ဖြစ်၍ သူ့ကျောင်းသား ကုလားလေးတယောက်ရဲ့ တကယ့်အဖြစ်။
ထိုကလားလေးရဲ့ အဖေက ကုန်စုံဆိုင်ကြီးတခုကို ပိုင်တဲ့ ချမ်းသာတဲ့သူ ဖြစ်တယ်။ သို့သော် ကလေးနှစ်ယောက် ကျောင်းသွားရင် တယောက်ကို တပဲစီ သာပေးသည်။ သို့သော် မုန့်ဝယ်စားရသည် မဟုတ်။
နေ့လယ် မုန့်စားဆင်းချိန်မှာ စားဖို့ ပလာတာနဲ့ ပဲဟင်း ထည့်ပေး လိုက်တယ်။ ညနေအိမ်ပြန်ရောက်တော့ ပိုက်ဆံတပဲ မပျောက်မရှ ပါလာကြောင်း အဖေ့ကို ပြရတယ်။ ပြီးမှ သူတို့ တယောက်စီအတွက် ပေးထားတဲ့ စုဘူးထဲမှာ ထည့်ရတယ်။
ပိုက်ဆံတပဲကို မနက် ကျောင်းမသွားခင်ကတည်းက စုဘူးထဲ ထည့်ခဲ့ချင်၍ မရ၊ ကျောင်းယူ သွားရတယ်။ ညနေပြန်လာရင် ပြရတယ်။ ငွေတပဲကို တနေ့တာလုံး မပျောက် မပျက်အောင် တာဝန်ယူ ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးခြင်း ဖြစ်တယ်။
ပျောက်ရှခဲ့ရင် ပြင်းထန်စွာ အရိုက်ခံရတယ်။ ငွေကို မနှမြောခြင်း၊ ငွေမပျောက်အောင် မထိန်းသိမ်းနိုင်ခြင်း အတွက် အပြစ်ပေးခြင်း ခံရတယ်။
ကလေးတွေက အဲဒီ ငွေတပဲ ပျောက်မှာ အလွန် ကြောက်ကြတယ်။ တနေ့လုံး ဂရုတစိုက် ထိန်းသိမ်းစောင့် ရှောက်တယ်။ ဒါကြောင့် ငွေကို တန်ဖိုးထားတတ် လာပြီး ထိန်သိမ်းတတ်တဲ့ အလေ့အကျင့် ရသွားတယ်။
အဲဒီလိုနဲ့ ကလေးကျောင်းနေချိန်မှ စ၍ နေ့စဉ် တပဲ၊ တပဲ စုဆောင်းရတယ်။ စုဘူး တဘူးပြည့်ရင် ကလေးအမည် ထိုးပြီး ဖခင်က သိမ်းပေးထားတယ်။ အဲဒီကလေး ကျောင်းထွက်ပြီး အရွယ်ရောက်လာတဲ့ အခါ စုဘူးတော်တော် များများ ရနေပြီ။
အဲ့ဒီအခါကျမှ စုဘူးတွေကို ဖောက်ပြီး ရတဲ့ငွေနဲ့ ကွမ်းယာဆိုင်လေးတခု အရင်းအနှီး ပြုပေးတယ်။ ရတဲ့ အမြတ်ငွေကို ဆက်စုရင်း ကွမ်းယာဆိုင်မှာ ပစ္စည်းမျိုးစုံ ဆိုင်ကလေး ဖြစ်လာတယ်။ ထိုမှ တဆင့် စတိုးဆိုင်ကြီးအဖြစ်သို့ ရောက်အောင် လေ့ကျင့်ပေးတယ်။
အတုယူစရာ နမူနာကောင်း ဖြစ်ပါတယ်။ အဲ့ဒီလို စည်းကမ်းစနစ် ကျမူကြောင့် လမ်းဘေး ကွမ်းရာဆိုင်ကလေးမှ တဆင့် စိန်ဘာဘူ တိုက်ကြီးများအထိ ကြီးပွား တိုးတက်အောင်မြင် လာခဲ့ကြတယ်။ ပေါပေါရ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား နေလျှင် ပေါ့ပေါ့ သာ ဖြစ်နေပေမည်။
လူအများစုသည် အသင့်တင့် ဝင်ငွေကောင်းရင်ပင် ဝါကြွားချင် လာတယ်။ လက်ဖွာချင် လာတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး လာသမျှ လူကို ဒကာခံရင်း မင်္ဂလာယူချင် ကြတယ်။
ကလေးမုန့်ဖိုး ကိုလည်း သူများ တရာပေးရင် ငါးရာ တထောင်ပေးပစ် တယ်။ ကလေး သုံးတတ် စားတတ်ပုံကို ဂုဏ်ယူတဲ့ လေသံနဲ့ ကြွားဝါချင် တတ်တယ်။
ကလေးကို ငယ်ငယ် ကတည်းက ငွေပေါ့ပေါ့ရ ပေါပေါသုံးတန်အောင် လေ့ကျင့်ပေး ကြတယ်။ ဒါကြောင့် ကလေးတို့ မပျက်စီးသင့်ဘဲ ပျက်စီးရတယ်။ တသက်တာလုံး ပေါ့ပေါ့စား ပေါ့ပေါ်နေတတ်တဲ့ အကျင့်ပါပြီး ပေါ့ပေါ့သာ ဖြစ်ကုန်ကြ ရပါတယ်။
မိဘများ ကလေး ငယ်စဉ် ကတည်းက ငွေကို ထိန်းသိမ်း တန်ဘိုးထားတတ် ၊ ချွေတာ စုဆောင်း တတ်တဲ့ အလေ့အကျင့် ကောင်းများ လေ့ကျင့်ပေးသင့် ပါတယ်။ ဦးသောင်းဌေး (ရန်ကုန်တက္ကသိုလ်)
0 Comments