ရပ်ကွက်တခုမှာ ကိုထွန်းနဲ့ မကြည်ပြာဆိုတဲ့ လင်မယားဟာ သားသမီးသုံးယောက် မွေးဖွားထားတယ်။ ကိုထွန်းဟာ အရက်ကျေးကျွန် ဖြစ်သွားပြီ။ အရက်က လွဲလို့ သူ့ဘဝမှာ ဘာမှမရှိ။
မကြည်ပြာကိုလဲ သူဂရုမစိုက်တော့။ သားသမီးသုံးယောက်ကိုလဲ စိတ်မဝင်စားတော့။ သူသိတာက မကြည်ပြာဆီက ရမဲ့ အရက်ဖိုးမနက် ၂၀၀၊ နေ့လည် ၂၀၀ ၊ ညနေ ၂၀၀။ ဒါပဲ သူ သိတော့တယ်။
မကြည်ပြာကတော့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီး ကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင် ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် ပင်ပန်းကြီးစွာ ရှာဖွေနေရတယ်။
ဒါကို မကြည်ပြာရဲ့ အမတွေ အဒေါ်တွေက မကျေနပ်ကြတော့ဘူး။ အဲဒါနဲ့ မကြည်ပြာကို ခေါ်ဆူကြတယ်။ ညည်း ဒီလောက် ယောက်ျား ရှားနေလား။ ညည်း ဒီလောက် ယောက်ျားအပေါ် ချစ်နေတာလား။
ညည်း ဒီလောက် အရှက်မဲ့နေရလား။ ဆွေမျိုးတွေပါ သိက္ခာ ကျရတယ်။ သူရှိနေလည်း ကိုယ့်ဟာကိုယ် လုပ်စားနေရတယ်။ သူ မရှိတော့ရင်လည်း ကိုယ့်ဟာကိုယ် လုပ်စားရမှာပဲလေ။
ဘာလို့ ဒီလောက် သုံးမရတဲ့ အရက်သမားကို အရက်ဖိုးပေး ရှာကျွေးပြီး နှိပ်စက်တာ ခံနေရတာလဲ။ ညည်း သူနဲ့ မကွာသေးဘူးလားဘာလား ညာလားပေါ့။
မကြည်ပြာက အဒေါ်တွေ အမတွေ ပြောသမျှကို အေးဆေးစွာ နားထောင်နေလိုက်တယ်။ ပြီးမှ အခုလိုပြောတယ်။ "အဒေါ်တို့ အမတို့ ပြောတာ မှန်ပေမဲ့ ကိုထွန်းကို ကျွန်မ မကွဲနိုင်ပါဘူး။
ယောကျ်ားရှားလို့ သူ့ကို ချစ်လွန်းလို့ ကျွန်မ ဒုက္ခတွေခံပြီး သူနဲ့ ပေါင်းနေတာ မဟုတ်ပါဘူး။ ကျွန်မ မွေးထားတဲ့ ကလေးသုံးယောက်မှာ သူများတွေနဲ့ တန်းတူ "အဖေ" လို့ ခေါ်ခွင့်ရဖို့၊
သူများကလေးတွေနဲ့ တန်းတူ "အဖေ" လို့ ခေါ်လိုက်ရင် "ဟေ" လို့ ပြန်ထူးဖို့ သူ့ကို ကျွန်မ သားသမီးလေးတွေ အတွက် အဖေခေါ်ခ ပေးနေတာပါ။
ကျွန်မ အရွယ်ရှိသေးတာ နောက်အိမ်ထောင်ပြုလို့ ရနိုင်တာက မှန်ပေမဲ့ ကျွန်မ ကလေးတွေအတွက် ပထွေးကို အဖေလို့ အခေါ် မခံနိုင်ပါဘူး။ ကိုထွန်းကို ပေးနေတာ အရက်ဖိုး မဟုတ်ပါဘူး။ ကျွန်မ သားလေးတွေ သမီးလေးတွေအတွက် အဖေခေါ်ခ ပေးနေတာပါ"
အဒေါ်တွေ အမ တွေမှာ ခေါင်းငိုက်စိုက် ကျသွားပါတော့တယ်။ မကြည်ပြာ မှန်လား၊ မှားလား။ ကျေးဇူးပြုပြီး စာဖတ်သူရဲ့ သဘောထား အမြင်လေး ရေးခဲ့ပေးပါ။ Crd
0 Comments