အမှားတချက်

ဆရာက အတန်းထဲ ဝင်လာသည်။ ကျောင်းသားတွေက ဆရာ ဘာသင်မည်ကို စိတ်ဝင်စားနေ ကြသည်။ ဆရာက ကျောက်သင်ပုန်းကြီး ဆီသို့ သွားလိုက်ပြီး ၉ အလီကို ချရေး နေသည်။

တက္ကသိုလ် ကျောင်းသားကြီးတွေကို အလီသင်မည်လော။ ဘာကြောင့် ဆရာ ၉ အလီ ရေးရသနည်း။ ကျောင်းသားအားလုံး စိတ်ထဲတွင် ဝေဝါးနေ ကြသည်။

ဆရာက ရေးနေသည်မှာ ၉ × ၁ = ၇၊ ၉ × ၂ = ၁၈၊ ၉ × ၃ = ၂၇၊ ၉ × ၄ = ၃၆၊ ၉ × ၅ = ၄၅၊ ၉ × ၆ = ၅၄၊ ၉ × ၇ = ၆၃၊ ၉ × ၈ = ၇၂၊ ၉ × ၉ = ၈၁၊ ၉ × ၁၀ = ၉၀၊ ၉ × ၁၁ = ၉၉၊ ၉ × ၁၂ = ၁၀၈။

ဆရာက ကျောက်သင်ပုန်းတွင် ထိုကိန်းအလီ များကို ရေးပြီးနောက် ကျောင်းသားများကို လှည့်ကြည့် လိုက်သည်။ ကျောင်းသားတွေက ရယ်နေကြသည်။

"ဘာရယ်တာလဲကွ"

ကျောင်းသားတဦးက

"ဆရာ၊ ဆရာရေးတာ စကတည်းက မှားနေသလားလို့ပါ"

"ဟုတ်လား စကတည်းက မှားနေသလား။ နေပါဦးကွယ် ကျန်တာတွေရော မှန်ရဲ့လား"

"မှန်ပါတယ်ဆရာ"

"စကတည်းက မှားအောင် ဆရာ တမင် ရေးတာပါကွယ်။ ဘာကြောင့် ဒီလို မှားအောင် ရေးရသလဲ သိလား"

"မသိပါ"

"လူ့သဘာဝကို ပြောချင်လို့ ပါကွယ်။ ဆရာ ၉ အလီကို ၁၂ ခါ ရေးတယ်နော်။ ဒါပေမဲ့ ပထမဆုံး တကြောင်းပဲ မှားတာ မဟုတ်လား"

"ဟုတ်ပါတယ်"

"ဆရာရေးတာ ၁၁ ကြိမ်တောင် မှန်ပါတယ်ကွယ်။ ဘာဖြစ်လို့ ၁ ကြိမ် မှားတာကို မင်းတို့ ရယ်ကြသလဲ"

ကျောင်းသားတွေ နှုတ်ပိတ်နေကြသည်။ ဆရာက ဆက်ပြောသည်။

"လောကကြီးဟာ အမှားရှာတဲ့ လောကကြီးကွယ့်။ မှားတာကိုပဲ မြင်၊ မှားရင် ဝေဖန်ချင် ကြတာ။ မှန်ရင်တော့ ချီးကျူးချင်မှ ချီးကျူးမယ်နော်။ တခုလေး မှားကြည့် ပြောမဆုံး ဖြစ်တော့မယ်။ တခုလေး မှားလိုက်တာနဲ့ အုံနဲ့ သင်းနဲ့ ဝိုင်းအော် ဝိုင်းဆော်ကြ တော့တာပဲ။ လောကကြီးက အမှား လုံးဝ မခံဘူးနော်"

"ဆရာ၊ ကျနော် တခုလောက် ပြောပါရစေ"

"ပြောပါကွယ်"

"လုပ်လိုက်တဲ့ အမှားက ဘယ်လိုမှ ပြန်ပြီး အဖတ်ဆယ်လို့ မရနိုင်လောက်အောင် ဖြစ်သွားရင်ရော"

"ပညာရှိသူ တွေဟာ အရေးအကြီးဆုံးသော တခုခုကို လုပ်မယ် ဆိုတိုင်း အစကတည်းက မမှားအောင် ဂရုစိုက်တတ် ကြတယ်။ ပညာမဲ့ လူမိုက်တွေပဲ စကတည်းကလည်း မှား၊ အလယ်လည်း မှား၊ အဆုံးလည်း မှားတတ်ကြတာ။

မှားပြီ ဆိုကတည်းက ပညာရှိ အမှားလား ပညာမဲ့ အမှားလား၊ သိလို့မှားတဲ့ အမှားလား မသိလို့ မှားတဲ့ အမှားလား ကွဲပြားစွာ ခွဲခြားနိုင်ရမယ်။ ခွဲခြားတဲ့ သူကလည်း ပညာရှိဖို့ လိုတယ်။ ပညာမဲ့ မှားတာကို မှန်လိုက်တာလို့ ဘယ်တော့မှ မထောက်ခံမိစေနဲ့။

မှားတာကို မှားကြောင်း မပြောရဲရင် ကိုယ်လည်း အမှားထဲက မထွက်နိုင်အောင် ဖြစ်သွားလိမ့်မယ်။ မှားတာကို မှားမှန်းမသိရင် ကိုယ်လူညံ့ ဖြစ်လိမ့်မယ်"

"ဆရာ၊ အရူးတယောက် နှိပ်လိုက်တဲ့ ခလုတ်တခုဟာ တတိုင်းပြည်လုံးကို ပြာကျသွား မယ်ဆိုရင်ကော"

"သိပ်ကောင်းတဲ့ မေးခွန်းပဲ။ တပည့်တို့ အဲဒီလို မဆင်မခြင် လုပ်တဲ့ သူတွေထဲမှာ ငါ့တပည့်တွေ မပါစေနဲ့။ အားလုံး ပျက်စီးအောင် လုပ်တဲ့သူဟာ ကိုယ်တိုင် မဖြစ်စေနဲ့။ အမှားကို ထောက်ပြ အမှားကို ပြင်ရဲ၊ မှားတာကို ခေါင်းငုံ့မခံတဲ့ သူတွေ များလာမှ ဖြစ်မယ်။ ဆရာပြောချင်တာက လူတွေဟာ မှားရင် ချက်ချင်း မြင်တတ်တာကို ပြောချင်တာ။

လူ့လောကမှာ သိပ်သတိထားရမယ်။ အထင်သေးတာ၊ လှောင်ပြောင်တာ၊ ရယ်သွမ်းတာ မခံချင်ရင် တစက်လေးမှ မမှားအောင် ဆင်ခြင်ရမယ်။ ဆရာ ၁၂ ကြောင်းရေးလည်း တကြောင်းကြောင့် ရယ်စရာ ဖြစ်သွားတယ်။

လူ့သဘောက ၁၁ ကြောင်းကို မမြင် တတ်ဘူး။ အမှားတကြောင်းလေးက ထင်းနေတာကို မြင်တတ်တာ သတိထားဖို့ ပြောတာ။ အမှားဆိုတာ သေးသေးလေး မှားမှား၊ ကြီးကြီးကျယ်ကျယ် မှားမှား၊ အမှားဟာ အမှား ထင်ရှားနေတာပဲ။

လူ့သဘောကို နားလည်ပြီး အမှားကင်းအောင် လုပ်ကြပါကွယ်။ ငါ့တပည့် မေးတဲ့ မေးခွန်းကို ဆရာ ဖြေရဦးမယ်။ တယောက်တည်းက မိုက်မဲစွာ နှိပ်လိုက်တဲ့ ခလုတ်ကြောင့် အားလုံး ပြာကျ သွားပြီဆိုရင် သူလည်း ရှင်နိုင်ပါဦးမလား။ အရူးကို ခလုတ်နှိပ်ခွင့် မပေးဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။ ဟစ်တလာကို စံထိုးကြည့်လိုက်"

ဆရာက ပထမအကြောင်းမှ ၇ ကို ဖျက်သည်။ ထို့နောက် ၉ ဟု ရေးလိုက်သည်။ "ဘာပဲပြောပြော ၉ တလီဆိုတာ ၉ ပဲ ဖြစ်သင့်တာပေါ့။ ၉ တလီ ဘယ်လောက် ဖြစ်စေချင်သလဲ လို့ ပြန်မေးနေရင် တန်ဖိုး သတ်မှတ်ပြီးသားကို တန်ဖိုးမထားရာ ရောက်တတ်တယ်။

ဆရာတို့ လူ့ဘောင်ကြီးက ၉ တလီ ၉ လို့ သတ်မှတ် လက်ခံထားပြီးသား ဆိုရင် ဘာမှ သံသယ ဖြစ်စရာ မလိုဘူး။ အဲဒီ စံနှုန်းနဲ့ပဲ တွက်ရမယ်။ ဒါပေမဲ့ လက်ဦးဆရာက ၉ တလီ ၇ လို့ သင်ခဲ့တာကို အမှန်လို့ စွဲနေသူတွေ ရှိလာရင် တောက်လျှောက် မှားတော့မယ်။ အမှားကိုမြင် အမှန်ကို ပြင်နိုင်ကြ ပါစေကွယ်။ ကိုယ်တိုင်က စပြီး မမှားအောင် လုပ်နိုင်သူတွေ ဖြစ်နိုင်ကြပါစေ"

ဆရာကြီးက ရှည်လျားစွာ ပြောပြီး အချိန်ကုန်သဖြင့် ပြန်ထွက်သွားသည်။ ကျောင်းသားတွေက တိတ်ဆိတ်စွာ တွေးလျက် ကျန်ခဲ့သည်။ (Ref - The world is quick to criticize and find fault ကို မြန်မာမှု ပြုသည်) တင်ညွန့် ၂၅.၃.၂၀၂၁

Post a Comment

0 Comments