အီကြာကွေး ဆိုတာဘာလဲ

ဟန်ကျောင်းမြို့ ရှေးဟောင်းအဆောက်အဦတွေ ရှိရာ တနေရာမှာ ထူဆန်းသည့် ရုပ်တုစုံတွဲ တစုံကို တွေ့ရသည်။ လင်နှင့်မယားလို့ ယူဆရသည့် ပကတိလူပုံအရွယ် အမျိုးသားရုပ်နှင့် အမျိုးသမီးရုပ်တုပုံ ဖြစ်သည်။

ရုပ်တုနှစ်ခုသည် လက်ပြန်ကြိုးတုပ် ခံထားရပြီး ဒူးထောက်ထိုင်နေသည့်ပုံ ဖြစ်သည်။ ရုပ်တုနှစ်ခုကို ခိုင်ခန့်သည့် လှောင်အိမ်ထဲမှာ ထည့်ထားသည်။ "အဲ့ဒါဘာလဲ" လို့ စကားပြန်ကို မေးကြည့်သည်။

"ဒီလူနှစ်ယောက်က ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ ဆိုတော့ ပြည်သူတွေကို အလွန်နှိပ်စက်တဲ့ ဘုရင်နဲ့ မိဖုရားလေ။ ပြည်သူတွေက မခံမရပ်နိုင်တော့လို့ ဝိုင်းဖမ်းပြီး ထောင်ချထားတာ" တဲ့။

တရုပ်ရာဇဝင်မှာ ဒီလိုအဖြစ်မျိုး ရှိခဲ့ဖူးတာ အမှန်ဖြစ်သည်။ ရန်ကုန်က အလှူပွဲတခုမှာ တရုပ်ရေးရာ ကျွမ်းကျင်သူ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက ဆရာအီကြာကွေးကို မေးခွန်းတခုမေးသည်။

"ကွေးကြီး၊ မောင်ရင့်နာမည် အီကြာကွေးဆိုတာ ဘာအဓိပ္ပါယ်လဲ သိလား"

"မသိဘူး"

"မသိရင်မှတ်ထား အဲ့ဒါ တရုပ်စကား။ အီ ဆိုတာ ဆီ၊ ကြာ ဆိုတာ ကြော်တာ၊ ကွေး ဆိုတာ သရဲ။ ဆီကြော်သရဲမုန့်လို့ ခေါ်တယ်"

ဦးထွန်းဝေက အီကြာကွေးမုန့် ဖြစ်ပေါ်လာပုံ တရုပ်သမိုင်းကို ပြောပြသည်။ တရုပ်ဘုရင်တပါးသည် ပြည်သူတွေအပေါ် အလွန်နှိပ်စက်သည်။ အခွန်အတုပ် အလွန်အကျွံ ကောက်ခံသည်။

အလုပ်ကြမ်း ခိုင်းစေသည်။ ဆန့်ကျင်သူကို ဖမ်းဆီး သတ်ဖြတ်သည်။ ပြည်သူတွေ မခံမရပ်နိုင် ဖြစ်လာပြီး ဆူပူအုံကြွ ကြသည်။ ဘုရင်နှင့် မိဖုရားကို လူအုပ်ကြီးဖြင့် ဝိုင်းဖမ်းကြသည်။

မိသောအခါ ဘုရင်နှင့် မိဖုရားကို ကြိုးဖြင့် ပူးချည်ပြီး ပွက်ပွက်ဆူနေသည့် ဆီပူအိုးကြီးထဲကို ပစ်ချလိုက်ကြသည်။ "သရဲနှစ်ကောင်ကို ဆီနဲ့ ကြော်လိုက်ပြီဟေ့" လို့ ဟစ်အော်ကြွေးကြော် ကြသည်။

အီကြာကွေးဆိုတာ ဆီကြော်သရဲမုန့်ဟု အဓိပ္ပါယ် ရသည်။ နှစ်ချောင်းပူးလုပ်မှ အီကြာကွေး ဖြစ်သည်။ ဘုရင်နှင့် မိဖုရားကို ပူးချည်ပြီး ဆီနဲ့ကြော်တဲ့ပုံ မုန့်လုပ်စားတဲ့ သဘောပေါ့။

ဟန်ကျောင်းမြို့က ထောင်ချထားသည့် အရုပ်နှစ်ရုပ်ကို မြင်တော့ ဦးထွန်းဝေက ဆရာအီကြာကွေးကို ပြောခဲ့တာကို ပြန်ကြားယောင်မိသည်။ phoomyatchal (အဏ္ဏဝါစိုးမိုး၊ ခရီးသွားနေသူတွေအကြောင်းမှ စာတပိုဒ်ကို ကူးယူဖော်ပြပါသည်)

Post a Comment

0 Comments