နေ့တိုင်းမှာ ဥနေရမယ်

ကြက်ကလေးက ကြက်မကြီးကို မေးတယ်။

"မေမေ ဒီနေ့ ဥမဥလို့ ရလား သားတို့ အပြင်ထွက် လျှောက်လည်ကြ မယ်လေ"

ကြက်မကြီးက "မရဘူးသား၊ မေမေ့အလုပ် ရှိသေးတယ်"

"ဒါပေမယ့် မေမေ အများကြီး ဥခဲ့ ပြီးပြီ လေ" လို့ ကြက်ကလေးက ပြန်ပြောတယ်။

ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်။

"အမေ တနေ့ ဥတလုံး ဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ။ ကလေး နင် မှတ်ထား အသက်ရှင် ရပ်တည်မှုဆိုတာ ဖန်တီးထုတ်လုပ်မှုရဲ့ တန်ဖိုး၊ သေဆုံးမှု ဆိုတာ အဲဒီတန်ဖိုး မဲ့သွားလို့။

အရင်က လုပ်ခဲ့သမျှက အနာဂတ် နေရာမြဲဖို့ ဘယ်လိုမှ မစွမ်းဆောင် နိုင်ဘူး။ အဲဒါကြောင့် နေ့တိုင်း နေ့တိုင်း ကြိုးစား အားထုတ် ရမယ်။

တကယ်လို့ မင်းက သိမ်းငှက်တကောင် ဆိုပါစို့၊ ဘယ်သူမှ လက်ခုပ် မတီးလည်း မင်းအမြင့်ပေါ်မှာ ပျံသန်း နေရမယ်။ တကယ်လို့ မင်းက မြက်ကလေးတပင် ဆိုရင် ဘယ်သူမှ တန်ဖိုး လာမထားလည်း မင်းရှင်သန် ရမယ်။

တကယ်လို့ မင်းက ချောက်ကမ်းပါးပေါ်က ပန်းတပွင့် ဆိုရင် ဘယ်သူမှ လာမွှေးမယ့်သူ မရှိလည်း မင်းမွှေးကြိုင် သင်းပျံ့နေရမယ်။ တကယ်လို့ မင်းက ဒီဇိုင်နာ ဆိုရင် ဘယ်သူမှ အားပေးမှု မရှိလည်း မင်းရဲ့ ဖန်တီးမှုကို အမြဲ ပြုလုပ်နေ ရမယ်။

အလုပ်လုပ်တာ လူတိုင်း အားပေးမှ မင်းအလုပ် လုပ်ရမှာ မဟုတ်ပါဘူး။ အကောင်းဆုံး ရေကုန်ရေခမ်း လုပ်ဖို့သာ မင်းတာဝန်ပါ။ အသက်ရှင် ရပ်တည်ဖို့ လူတိုင်း အချစ်ခံဖို့ မလိုပါဘူး၊ အရိုးစင်းဆုံး နေသွား ဖို့သာ မင်း တာဝန်ပါ။

ကိုယ့်ရဲ့ ရည်မှန်းချက် အတွက် တပါးသူရဲ့ ပြက်ရယ် လှောင်ဖွဲ့ခြင်းကို ခံရမယ်။ အဲတော့ ဘာဖြစ်လဲ၊ သူတို့ ပြက်ရယ်ကို အောင်မြင်မှုဆီ တပါတည်း ခေါ်သွားပြီး အလှဆင်လိုက်ပေါ့။

စိတ်အား ကျနေစဉ် မျက်နှာမှာ မပေါ်လွင်နေ စေပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မမြင်ချင် လို့ပါ။ ဆင်းရဲကျပ်တည်း နေလည်း ပါးစပ်က ထုတ်မပြောပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ အလကား ပိုက်ဆံ မထုတ်ပေးပါ။

အလုပ်အကိုင် အရမ်း ပင်ပန်းနေလည်း ထုတ်ဖော် မညဉ်းညူ လိုက်ပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်း အစားထိုး မလုပ်ပေးပါ။ အသက်ကြာကြာ မရှင်ရတော့လည်း မကောင်းမှုကို မပြုပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်းအသက်ကို ပိုရှည်အောင် လုပ်နိုင်စွမ်း မရှိလို့ပါ။

အသက်ရှင် ရပ်တည်မှု ခက်ခဲလည်း မျှော်လင့်ချက် မသေဆုံးလိုက်ပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ နောက်မနက်ဖြန် များစွာ ကျန်ရှိနေသေးလို့ ဖြစ်တယ်။

မင်းဘယ်လောက် ဆိုးသွမ်း ဆိုးသွမ်း မိဘကိုတော့ ရိုသေ ရမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ မင်းမှာလည်း အိုရမယ့် တရက် ရှိလို့ ဖြစ်တယ်။

တပါးသူ ကျနော့် နောက်ကျော ဓားနဲ့ထိုးမှာ မကြောက်ပါဘူး၊ အေး ထိုးတဲ့သူက မင်းအချစ်ဆုံးသူ မဖြစ်နေစေနဲ့။ ကျနော့် စိတ်ထဲ ရှိသမျှ အချစ်ဆုံး သူငယ်ချင်းကို ပြောဖို့ ဝန်မလေးပါဘူး၊ အေး သူက မင်းကိစ္စကို သူများနဲ့ ဟာသ တပုဒ်လို အပြောမခံမိ စေနဲ့။

တကယ်လို့ ဝမ်းနည်းစရာ တစုံတခုကို ကြုံတွေ့တိုင်း ကောင်းကင်ကြီးကို မော့ကြည့်ပါ။ သူ ဒီလောက်ကြီးတာ မင်း ဝှက်ထားစရာ နေရာ တခုတော့ ရှိမှာပေါ့။ မင်းကို ကူညီခဲ့ဖူးတဲ့သူကို မင်းမမေ့နဲ့၊ မင်းကို ချစ်ခဲ့ဖူးတဲ့သူကို စိတ်ဒဏ်ရာ ရအောင် မလုပ်နဲ့၊ မင်းကို ယုံကြည်ခဲ့ ဖူးတဲ့ သူကို မလိမ်ညာနဲ့။

အချိန်က အရာအားလုံးကို သက်သေပြနိုင်တယ်လို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။ ဒါပေမယ့် မင်းအရာအချို့ကို နားလည် သဘောပေါက် နိုင်မယ်လို့ အာမခံနိုင်တယ်"

တရုတ်ပညာပေးစာများကို ဘာသာပြန်ဆို ထားသည်။ အောင်မြင့်သိန်း

Post a Comment

0 Comments