လူတယောက်က လာမေးတယ်။ "လူတယောက်ကို မြင်တိုင်း၊ အဲဒီလူရဲ့ စကားသံကို ကြားရတိုင်း ဒေါသ ဖြစ်နေတယ်။ အဲဒီ ဒေါသ ထွက်နေတဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ"
"အင်း အဲဒီလူကို ဘာကြောင့် ဒေါသ ထွက်နေရတာရလဲ ပြောပါဦး"
"သူက လေလုံးထွားတယ်။ လက်တွေ့ဘာမှ အဖြစ်ရှိအောင် မလုပ်နိုင်ပဲ နေရာတကာ သူသိ သူတတ် သူသာ ဆရာကြီး လုပ်နေတယ်" တဲ့။
တကယ်တော့ အဲဒီလူကို မြင်တိုင်း ဒေါသ ထွက်နေရတာက သူ့ကို ကိုယ်က သတိထားပြီး ကြည့်မိနေတာ။ သူပြောတဲ့စကားတွေကို အာရုံစိုက်ပြီး နားထောင်နေ တတ်တာကြောင့် ဖြစ်ပါတယ်။
သူနဲ့ ပတ်သက်ရင် မျက်စိ ကန်းသလို နားကန်းသလို နေပြီး သူ့ဘာသာ ပြောချင်တာပြော ကိုယ်က အာရုံမစိုက်ပဲ ထားရင် အဲဒီ ဒေါသထွက်တဲ့ စိတ်က ဖြစ်မလာတော့ဘူး။ ဒေါသနဲ့ ပတ်သက်လို့ ဆရာကြီး ပါရဂူရေးတဲ့ နိတိပုံပြင် များထဲက ဒေါသဖြေနည်း ဆေး ဆိုတဲ့ ပုံပြင်လေးကို ပြောပြမယ်။
အမျိုးသမီးတယောက်ပေါ့။ အဲဒီအမျိုးသမီးဟာ ဒေါသ အလွန် ကြီးပါတယ်။ မပြောပလောက်သည့် အကြောင်းနှင့် ဖြစ်စေ ထောင်းခနဲ ဒေါသ ထွက်လာတတ်တယ်။ ဒေါသထွက်သည့် အခါတိုင်း မကြားဝံ့ မနာသာ အယုတ္တ အနတ္တများကို ပြောတတ်တယ်တဲ့။
ဒေါသကြီးသော ထိုအမျိုးသမီးကြောင့် သူ့တအိမ်ထောင်လုံးမျှ သာမက တရပ်ကွက်လုံးပင် စိတ်ညစ်နေကြတယ် လေ။ ထိုအမျိုးသမီး ကိုယ်တိုင်ကလည်း ဒေါသကို ထိန်းမထားနိုင်သဖြင့် မကြံတတ် မစည်တတ် ဖြစ်နေတာပေါ့။
ဒေါသပြေပျောက် သွားသည့် အခါတိုင်းလည်း နောင်တတရား ရလာတယ်။ သို့သော်လည်း ဒေါသကို မချုပ်တည်းနိုင် သဖြင့် အကြောင်း ပေါ်လာပါက ဝုန်းခနဲ ဒေါသအိုး ပေါက်ကွဲသွားသည်သာ ဖြစ်တယ်တဲ့။
တနေ့တော့ ရသေ့တပါးဟာ ထိုအမျိုးသမီး အိမ်ကို ကြွလာပါတယ်။ အမျိုးသမီးက ရသေ့အား သူ့အကြောင်းကို လျှောက်ထား ပြောပြတာပေါ့။
"ရသေ့ကြီး တပည့်တော်မဟာ ကိုယ့်ဒေါသကိုယ် မထိန်းနိုင်တဲ့ အတွက် အလွန်တရာ ဒုက္ခရောက် နေပါတယ်။ ထစ်ခနဲဆိုလျှင် ဒေါသ ထွက်လာတတ်ပါတယ်။ ဒေါသ ထွက်လာလျှင်လည်း ဘာကိုမှ မစဉ်းစား မဆင်ခြင်တော့ပါဘူး။ မှားတာတွေ လုပ်မိပါတယ်။ ဒေါသ ဖြေဖျောက်တဲ့ နည်းလမ်းများရှိလျှင် တပည့်တော်မကို ညွှန်ကြားတော်မူပါဘုရား"
ရသေ့ကြီးက ပြန်ပြောလိုက်ပါတယ်။ "ကိစ္စမရှိပါဘူး။ ကျုပ်ဆီမှာ ဒေါသ ပျောက်ကင်းသွားအောင် လုပ်တဲ့ ဆေး ရှိပါတယ်။ နက်ဖြန်ကျတော့ ယူလာခဲ့မယ်။ စိတ်မပူနဲ့"
နောက်တနေ့မှာ ရသေ့ကြီးက ထိုအမျိုးသမီးအိမ်ကို ရောက်လာတယ်။ ရသေ့ကြီးရဲ့ လက်ထဲတွင်လည်း ဆေးပုလင်း တပုလင်း ပါလာတယ်တဲ့။ အမျိုးသမီးအား ရသေ့ကြီးက ဆေးပုလင်း ပေးပြီး ပြောပါတယ်။
"ဒေါသ ထွက်လာတဲ့အခါ ဒေါသ ပျောက်သွားသည် အထိ ဒီပုလင်းထဲက ဆေးရည်ကို ဖြည်းဖြည်း သောက်ပါ။ နောက်တပတ် ကြာတဲ့အခါမှာ အကျိုးအကြောင်း သိရအောင် ကျုပ်တခါ လာခဲ့ပါဦးမယ်" ယင်းသို့ ပြောဆိုပြီး ရသေ့ကြီးဟာ ပြန်ကြွသွားပါတယ်။
ရသေ့ကြီးပေးသွားသော ဆေးပုလင်းကို အမျိုးသမီးက သိမ်းထားပါတယ်။ အကြောင်းတခုကြောင့် ဒေါသ ထွက်လာတဲ့အခါ အမျိုးသမီးသည် ရသေ့ကြီး ညွှန်ကြားသည့်အတိုင်း ပုလင်းထဲက ဆေးရည်ကို တစက်ချင်း ဖြည်းဖြည်း သောက်တယ်တဲ့။
နောက်တပတ်ကြာသောအခါ ရသေ့ကြီး ကြွလာပြန်ပါတယ်။ အမျိုးသမီးက ရသေ့ကြီးအား ရှိခိုးဦးတင်လုပ်လျက် လျှောက်ထား ပြောပြလိုက်ပါတယ်။
"ရှင်ရသေ့ကြီး ရှင်ရသေ့ကြီးဟာ တပည့်တော်မကို ကယ်တင်လိုက်ပါတယ် ဘုရား။ ရှင်ရသေ့ကြီး ပေးတဲ့ဆေးကို သောက်လိုက်တာနဲ့ တပည့်တော်မရဲ့ ဒေါသဟာ ပြေပျောက်သွားပါတယ် ဘုရား။ ဒေါသပြေတဲ့ ဘယ်လိုဆေးမျိုးကို ပေးတယ် ဆိုတာ တပည့်တော်မ သိချင်ပါတယ်ဘုရား"
ထိုအခါ ရသေ့ကြီးက ရယ်ပြီး ပြောပြပါတယ်။ "ပုလင်းထဲမှာ ဘာဆေးမှ မရှိပါဘူး။ ရေပဲ ထည့်ထားတယ်။ ပုလင်းထဲက ရေကို သောက်နေရတဲ့ အတွက် သိပ်စကားပြောချိန် မရဘူး မဟုတ်လား။
ဒေါသကို ပယ်ဖျောက်ပစ်တဲ့ အကောင်းဆုံး ဆေးဟာ ပါးစပ်ပိတ်ထားခြင်းပဲ ဖြစ်ပါတယ်။ ပါးစပ်ပိတ်ထားရင် ဒေါသဟာ သူ့အလိုလို ပျောက်သွားလိမ့်မယ်" တဲ့။ မျိုးဝဏ္ဏ(စာပေဥယျာဉ်)
0 Comments