တခါက အလွန်ကို ချမ်းသာကြွယ်ဝပြီး စူးစမ်းလေ့လာလိုစိတ် ရှိသော ဘုရင်ကြီးတပါး ရှိခဲ့ဖူးတယ်။
တနေ့မှာ သူဟာ ကျောက်တုံးကြီး တတုံးကို လမ်းမအလယ်မှာ ချထားပြီး မလှမ်းမကမ်းမှာ သွားရောက် ပုန်းအောင်းနေကာ မည်သူများ အဲဒီ ကျောက်တုံးကြီးအား လမ်းမပေါ်မှ ဖယ်မည်နည်းဟု သိလိုစိတ်ဖြင့် စောင့်ကြည့်နေ လေသည်။
များမကြာခင်တွင် ပထမဆုံး ဖြတ်သန်း သွားလာသည့် သူများမှာ ဘုရင်ကြီး၏ လက်စွဲတော် မှူးမတ်များနှင့် အလွန် ချမ်းသာသော ကုန်သည်ကြီးများ ဖြစ်ကြလေသည်။ ထိုသူတို့သည် ကျောက်တုံးကြီးအား ဖယ်ရှားမည့်အစား ရှောင်ကွင်း၍ သွားကြလေသည်။
တချို့သူများဆိုလျင် လမ်းအား ကောင်းကောင်း မပြင်ရ ကောင်းလား ဆိုကာ ဘုရင်ကြီးအား ကျယ်လောင်စွာပင် ပြစ်တင် ဝေဖန်ကြ လေသည်။ သို့သော် တစုံတဦး တယောက်မှ ကျောက်တုံးကြီးအား လမ်းမပေါ်မှ မဖယ်ကြပေ။
နောက်ဆုံးတွင် သစ်သီးဝလံများ ထမ်းပိုးလာသည့် တောင်ယာ လယ်သမားတဦးသည် ထိုကျောက်တုံးကြီးအနား ရောက်ရှိလာလေသည်။
သူသည် အခြားသူများ ကဲ့သို့ ထိုကျောက်တုံးကြီးအား ရှောင်ကွင်းသွားမည့်အစား ထမ်းပိုးလာသည့် အလေးအပင်များအား ချကာ ကျောက်တုံးကြီးအား လမ်းဘေးသို့ တွန်းပို့လေတော့သည်။
လယ်သမားဦးကြီးမှာ အချိန်အတန်ကြာ ခက်ခဲပင်ပန်းစွာ လုပ်ဆောင်ရသော်လည်း နောက်ဆုံးတွင် ကျောက်တုံးကြီးအား လမ်းမပေါ်မှ အောင်မြင်စွာ ဖယ်ရှားနိုင်လိုက် လေသည်။
ထို့နောက် လယ်သမားဦးကြီးလည်း သူ၏ အထုပ်အပိုးများအား ပြန်လည် ထမ်းပိုးလိုက်ပြီး ရှေ့သို့ ခရီးဆက်ရန် စိုင်းပြင်းနေစဉ် ကျောက်တုံးကြီး တည်ရှိခဲ့သည့် နေရာ လမ်းမပေါ်တွင် အထုပ်တထုပ်ကို အမှတ်မထင် တွေ့ရှိလိုက်သည်။
လယ်သမားဦးကြီးလည်း ထိုအထုပ်အား ဖွင့်ကြည့်လိုက်သည့် အခါ အထဲတွင် ရွေဒင်္ဂါးပေါင်း မြောက်များစွားနှင့် ဘုရင့်ဆီမှ သဝဏ်လွှာ တစောင်အား တွေ့ရှိလိုက်လေသည်။
သဝဏ်လွှာထဲတွင် ဘုရင်ကြီး ရေးသားထားသည်မှာ ထိုရွေဒင်္ဂါးထုပ်သည် လမ်းမပေါ်မှ ကျောက်တုံးကြီးအား ဖယ်ရှားပေးသည့်အတွက် ဆုလာဘ်တော်အဖြစ် ပေးသနားခြင်း ဖြစ်ကြောင်း ဖေါ်ပြထားလေသည်။
စကားချပ် ။ ။ ဘုရင်ကြီးမှ လယ်သမားဦးကြီးအား ဥပမာပြလိုက်သည်မှာ တချို့သူတွေ နားမလည်နိုင်တဲ့ အရာပဲ ဖြစ်ပါတယ်။
အဲဒါကတော့ ကျနော်တို့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီးတွေဟာ ကျနော်တို့ကို ပိုမို တိုးတက်လာစေဖို့၊ ပိုမို ရင့်သန်လာစေဖို့၊ ပိုမို ကောင်းမွန်လာစေဖို့ အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။ The Obstacle in out Path ကို ဆီလျော်အောင် ဘာသာပြန်သည်။ ဟိန်းထက်စံ
0 Comments