အကြွေးဆိုတာ မဆပ်ပဲနေရင် တဘဝပါ။ သို့သော် တဘဝပဲ ဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် မိတ်ဆွေ။ ထိုအကြွေးကို ကျေအောင် မဆပ်ခဲ့ရင် ဝဋ်ကြွေး ဖြစ်သွား ပါလိမ့်မည်။
ဝဋ်ကြွေး ဆိုသည်ကတော့ ထာဝရ ဆပ်ရမည်မှာ မလွဲပင်။ ရစရာရှိသော သူများသည် မိမိတို့ ကြပ်တည်းလာတိုင်း ရရန်ရှိသော ငွေကြေးများကိုသာ အားကိုးတကြီး မျှော်လင့်ရသည်။
ကိုယ့်ဆီက မရသောကြောင့် တပါးသူ အခက်အခဲပေါင်း များစွာနှင့် စိတ်ဆင်းရဲရလေလေ ကိုယ်ဆပ်ရမည့် ဝဋ်ကြွေး တန်ဖိုး ကြီးမားလေလေ ဖြစ်မည်ကိုလည်း သိစေလိုပါသည်။
မိတ်ဆွေတို့ ရဟန်း ဝတ်ဖူးပေ လိမ့်မည်။ မိတ်ဆွေတို့ အသက်၂၀ ပြည့်ပြီးလို့ ဒုလ္လဘ ရဟန်းအနေနဲ့ သာသနာ့ဘောင်ကို ဝင်တော့မယ်ဆိုလျှင် မိတ်ဆွေတို့ကို ရဟန်းပြု သိမ်ဝင်ပေးမယ့် ဆရာတော်က
"အသင်တို့ဟာ အမှန်တကယ် ကြွေးမြီများ ကင်းရှင်းသူများ ဖြစ်ကြပါ ရဲ့လား" ဆိုပြီး မေးလာခဲ့သည် ရှိသော် ကြွေးမြီများ ကင်းပါတယ် ဖြစ်ကြောင်းကို လိပ်ပြာသန့်သန့် ဖြင့် ဖြေနိုင်ဖို့ အရေးကြီးသည်။
ကြွေးပူများ (မိမိမှ မပေးရင် တဖက်လူ ဒုက္ခရောက်တော့မယ့် အနေအထား) ရှိနေခဲ့သော် မြင့်မြတ်သော ရဟန်းအဖြစ်သို့ မြတ်စွာဘုရား၏ သာသနာမှ လက်မခံပါ။
ခြွင်းချက်အနေဖြင့် အကြွေးပင် ရှိနေသော်လည်း မကျေကျေအောင် ဆပ်မည် ဆိုသူများ သို့မဟုတ် ကြွေးရှင်မှ ကြွေးပူအဖြစ် မသတ်မှတ်ဘဲ အဆင်ပြေသည်အထိ စောင့်ပါမည်ဟု ခွင့်ပြုပေးထား သူများအား ရဟန်းအဖြစ်သို့ လက်ခံမည်ဟု ဆိုထားသော်လည်း ကြွေးမြီများလည်း မကင်းကြ ဆပ်ချင်စိတ်လည်း မရှိသူများ အဖို့ကား နည်းလမ်း မရှိနိုင်ပေ။
သူတပါးအား မျက်ရည်ကြီးငယ် ကျစေသော အကုသိုလ်ကံ အကျိုးပေးအဖြစ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရမည့် အခွင့်အရေးအား ယခုဘဝတွင် လောလောလတ်လတ် ဆုံးရှုံးရမည် ဖြစ်သည်။ နောက်ဘဝများ တွင်လည်း ကောင်းသော အကျိုးပေးများ ရရှိနိုင်မည်ဟု ရာနှုန်းပြည့် မျှော်လင့်၍ မရနိုင်တော့ပါ။
ထို့ကြောင့် ကြွေးပေးရန် ရှိသူများ အနေနဲ့ မိမိသာ တိရစ္ဆာန် ဘဝမျိုး ရောက်နေခဲ့လျှင် မည်သို့သော နည်းဖြင့် ကြွေးဆပ်ရမည်ကို တွေးကြည့်ဖို့ လိုသည်။ အကြွေးများ ကင်းရှင်းရန်နှင့် ဝဋ်ကြွေးများဆပ်ရန် အကောင်းဆုံး အချိန်အခါ ဖြစ်သော လူဖြစ်နေတုန်း အခိုက်မှ မဆပ်နိုင်ခဲ့လျှင် သံသရာ အဆက်ဆက်အထိ မကျေမချင်း ခန္ဓာနဲ့ ရင်းပြီး ဆပ်ရန်သာ ရှိတော့သည်။
မိတ်ဆွေသာ ဉာဏ်ရည် နိမ့်ပါးသူ မဟုတ်ခဲ့လျှင် တိရစ္ဆာန် ဘဝထက် လက်ရှိအချိန်သည်သာ အကြွေးဆပ်ရန် အကောင်းဆုံး ဆိုသော အဖြေကို မဆိုင်းမတွ ရရှိပေ လိမ့်မည်။
အပြောချိုချိုဖြင့် ငွေတိုးချေးပြီး ပြန်မဆပ်ချင်သဖြင့် တိုင်ချင်ရာတိုင် ဆိုသည့် သူများ၊ လောင်းကစားများ လုပ်ပြီး ကြွေးမပေးနိုင်သော်လည်း ကြွေးရှင် လာတောင်းသော အခါ ဟိုတိုင်မည် ဒီတိုင်မည် လုပ်ပြီး ကြွေးမရတဲ့ သောကအပြင် စိတ်ဒုက္ခပါ ထပ်ပေး သူများ၊ အကြွေး ဆပ်ရန် တစုံတရာ အားထုတ် ကြိုးစားခြင်းမရှိဘဲ ပေးပါမည်၊ ပေးပါမည်ဟု မျှော်လင့်ချက်ပေး၍ လူကြားကောင်းရန် အနေအစား ချောင်ရန် အသံကောင်း ဟစ်ပြီးမှ အမြဲတစေ အဆင်မပြေပါ ဟု ညည်းညူနေတတ်သူများ၊
အမွေဆိုင် ပစ္စည်းများကို အပိုင်စည်း ထားပြီး ခွဲမပေးချင်သူများ၊ ယုံကြည်မှုကို အလွဲသုံးစား လုပ်သူများ စသည့် ညစ်ကျယ်ကျယ် အတွေးမျိုးဖြင့် စိတ်ထား ယုတ်ညံ့သူများသည် မည်သည့် အခြေနေမှ လူမွေး မပြောင်နိုင်ပါ။
ဒုက္ခပေါင်းစုံ ဖြင့်သာ ကျင်လည်နေရ ပေမည်။ ထိုသို့သော လူ (အချို့) သည် နောင်ဘဝများတွင် လူဖြစ်သော်လည်း အရူး၊ မွေးရာပါ ဉာဏ်ရည် နိမ့်သူ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူ၊ တိရစ္ဆာန် ဖြစ်လျှင်လည်း မစင်ပုံထဲက လောက်၊ မစင်ပဲ စားရသည့် ခွေး၊ နေ့မအား ညမအား အခိုင်းခံရသောနွား စသဖြင့် ဝဋ်ကြွေးအတွက် ခန္ဓာကိုယ်ကို ရင်းပြီး ဘဝပေါင်းစုံတွင် မကျေမချင်း သံသရာ အဆက်ဆက် ပေးဆပ် ရတတ်သည်။
ကျိန်စာတိုက်ခြင်း မဟုတ်ပါ။ သို့သော် ကိုယ်ပြုသော မကောင်းမှုကံ ကိုယ့်ထံ (ကြိမ်းသေ) ပြန်လာမည်မှာ အမှန်ပင်။ စကား လက်ဆောင်တခု ပါးလိုပါသည်။ အကြွေးဆိုသည်မှာ ဆပ်ချင်စိတ် ရှိရန်သာ လိုအပ်ပေသည်။
ဆပ်ချင်စိတ်သာ ရှိလျှင် ရပေါက် ရလမ်းများလည်း အလိုလို ပွင့်လာပေ လိမ့်မည်။ မယုံလျှင် အကြွေးပေးလိုသော စိတ်ရင်း စေတနာ အမှန်ဖြင့် အားထုတ် ကြိုးစားကြည့် ကြပါ။
မိတ်ဆွေ အချိန်မနှောင်း သေးပါ ဒီစာကို ဖတ်ပြီးလျှင် သင်ပေးစရာရှိသူထံ သွား၍ ကြွေးကျေအောင် ဆပ်ပါမည် ဟူသော ကတိနှင့်အတူ အမြန်ဆုံး ဆပ်နိုင်ရန် ကြိုးစားမည့် အခွင့်အရေး သင့်ထံတွင် ရှိနေပါသေးသည်။ လက်ရှိအချိန်ထက် ကောင်းသော အချိန်လည်း မရှိတော့ပါ။ ထို့ကြောင့် အကြွေးဆပ်ပါ။ ထို့ကြောင့် ကြွေးကျေအောင် ဆပ်ကြပါ။ Crd
0 Comments