နွားကျောင်းသားနှင့် အထူးအဆန်းပြိုင်ပွဲ

တခါတုန်းက သူဌေးကြီးတဦးသည် လူထုဖျော်ဖြေပွဲကြီးတခု ပြုလုပ်ရန် စီစဉ်လေသည်။ ထိုဖျော်ဖြေပွဲမှာ အထူးအဆန်း လုပ်ပြနိုင်သူကို ဆုပေးမည့် အစီအစဉ် ဖြစ်သည်။ လူအများအပြားလည်း ထိုပွဲကို စိတ်ဝင်စားကြလေသည်။ ပြိုင်ပွဲဝင်လိုသူများလည်း များပြားလေသည်။

ထိုအထဲတွင် လူရွှင်တော်တဦးလည်း ပါလေသည်။ သူသည် အရင်တည်းကပင် အထူးအဆန်းများ ပြသခြင်း၌ နာမည် ကြီးလေသည်။ သူသည် ထိုပွဲအတွက် ဘယ်နေရာမှာမှ ပြသခြင်း မရှိသေးသည့် အထူးအဆန်းတခု ပြမည်ဟု ပြောလေသည်။

ထိုသတင်းကို ကြားသောအခါ တမြို့လုံး အလွန် စိတ်ဝင်စားသွားလေသည်။ ဖျော်ဖြေပွဲနေ့သို့ ရောက်သောအခါ ထို လူရွှင်တော်ကို ကြည့်လို၍ လူအများအပြား လာရောက်ကြလေသည်။

မကြာမီ ပွဲစသောအခါ ပြိုင်ပွဲဝင်များလည်း မိမိတို့ စွမ်းသလောက် အထူးအဆန်းများ လုပ်ပြကြသည်။ သို့သော် လူရွင်တော်လောက် စိတ်မဝင်စားကြပေ။

ခဏကြာသောအခါ ထိုလူရွှင်တော် စင်ပေါ်သို့ တက်လာလေသည်။ သူ့ထံတွင် အဖော်မပါ။ ဘာမှလည်း မကိုင်ထားပေ။

သူသည် ရုတ်တရတ် သူဝတ်ထားသော ကုတ်အင်္ကျီထဲသို့ ခေါင်းကို ငုံ့လိုက်ပြီး ဝက်ကလေးတကောင်လို အော်လိုက်လေသည်။ သူအော်ပုံမှာ ဝက်နှင့် အလွန်တူလှသဖြင့် သူ့အင်္ကျီအောက်ထဲတွင် ဝက်တကောင် ဝှက်ထားတာဖြစ်မည်ဟု လူတိုင်းက ထင်ကြသည်။

ထို့နောက် သူသည် ခေါင်းကို ကုတ်အင်္ကျီအတွင်းမှ ပြန်ဖော်လိုက်ပြီး သူ့ကိုစစ်ဆေးကြည့်ရန် ပြောသဖြင့် စစ်ဆေးကြည့်သော အခါ ဘာမှမတွေ့ကြပေ။ လူအများလည်း အံ့သြပြီး လူရွှင်တော်အား ဆုချလေသည်။

ထိုအခါ လာကြည့်သူ ပရိတ်သတ်ထဲတွင် နွားကျောင်းသားလေးတယောက်လည်း ပါသည်။ သူက "ငါ သူ့ထက် သာအောင် လုပ်ပြနိုင်ပါတယ်" ဟု ပြောသည်။ နောက်နေ့တွင် အဲဒီလူရွှင်တော်ကို နိုင်အောင် ပြိုင်မည်ဟု စိန်ခေါ်လိုက် လေသည်။

နောက်တနေ့တွင် လာကြည့်သည့် ပရိသတ်များ ပို၍ များပြားလေသည်။ လူရွှင်တော်ကိုသာ အထင်ကြီး၍ လူရွှင်တော်သာ အနိုင်ရမည်ဟု ထင်မြင်ချက်များ ပေးနေကြသည်။ မကြာမီ ပြိုင်ပွဲစကာ ပြိုင်မယ့်သူနှစ်ဦး စင်ပေါ်သို့ တက်လာကြသည်။

လူရွှင်တော်က ပထမဆုံး ဝက်လို အော်ပြလေသည်။ ဝက်သံနှင့် အလွန်တူ၍ ပရိသတ်များ အားပေးကြသည်။ ထို့နောက် နွားကျောင်းသား အလှည့်သို့ ရောက်လာသည်။ သူသည်လည်း လူရွှင်တော်ကဲ့သို့ပင် အပေါ်အင်္ကျီထဲ ခေါင်းငုံ့လိုက်သည်။

သို့သော် သူသည် ဝက်အစစ်တကောင်ကို အင်္ကျီထဲ ဝှက်လာပြီး ဝက်ကလေး နားရွက်ကို လိမ်ဆွဲလိုက်သည်။ ဝက်ကလေးလည်း နာကျင်၍ အော်လေသည်။

နွားကျောင်းသား ယှဉ်ပြိုင်ပြီးသောအခါ "ဝက်အော်သံနဲ့လည်း မတူဘူး။ လူရွှင်တော်ကသာ ပိုတူအောင် အော်နိုင်သည်" ဟု ပြောကြ၍ နွားကျောင်းသား ရှုံးသွားလေသည်။

ထိုအခါ နွားကျောင်းသားသည် ဝှက်ထားသော ဝက်ကို ထုတ်ပြပြီး "ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက် ဘယ်လောက်မှန်လဲ ဒီမှာကြည့်ကြ" ဆိုပြီး ပြောလိုက်လေသည်။

လူတယောက်ကို အထင်ကြီး လေးစားသွားသောအခါ သူ ဘာပဲလုပ်လုပ် အကောင်းမြင်တတ်သည့် လူသဘာဝကို ထင်ဟပ်စေပြီး တခါတရံ လူများသည် အစစ်ထက် အတုကို ပို၍အထင်ကြီး ယုံကြည်တတ် ကြသည်။ Ko Ye

Post a Comment

0 Comments