တခါတုန်းက အလွန်ချမ်းသာတဲ့ သူဌေးကြီး လင်မယားမှာ သားတယောက် ရှိတယ်။ တဦးတည်းသော သားမို့ အဖေရော အမေပါ အလိုလိုက် ထားတယ်။ ကလေးဟာ ငယ်ကထဲက အလိုလိုက် ခံထားရလို့ အိမ်မှာ ဘာအလုပ်မှ မလုပ်ချင်ဘူး။ ပျင်းတယ်။ ပျင်းတာမှ အရမ်းကို ပျင်းတယ်။
သူ့သား အသက် ၁၃ နှစ် အရွယ်မှာ သူဌေးကြီးဟာ စိုးရိမ်လာတယ်။ သူသေသွားရင် ရှိသမျှအမွေတွေကို သူ့သားကို ပေးခဲ့ရမယ်။ အခု သူ့သားပုံစံက အမွေတွေ ရလာရင် ဘာအလုပ်မှ မလုပ်ဘဲ ထိုင်စားနေမယ့် ပုံပဲ။
သူဌေးကြီးဟာ သူ့သားကို အလုပ်ရဲ့ တန်ဖိုးကို သိစေချင်လို့ တခုခုလုပ်ဖို့ အကြံထုတ်တယ်။ နောက်တနေ့ညနေ ကျောင်းဆင်းပြန်လာတဲ့ သားကို သူဌေးကြီးက အခုလို ပြောလိုက်တယ်။ "ငါ့သား ဒီညနေ အလုပ်တခု လုပ်ပြီး ထမင်းဖိုး ပိုက်ဆံရအောင် ရှာလာခဲ့။ ပိုက်ဆံ ရမလာရင် ဒီညမင်းကို ညစာ မကျွေးဘူး"
ကလေးဟာ အလုပ် မလုပ်ချင်ဘူး။ ဘာအလုပ် လုပ်ရမှန်းလည်း မသိလို့ ငိုပြီး တခြားအိမ်ကို အလည်သွားနေတဲ့ အမေကို သွားပြောတယ်။ သူ့အမေဟာ သူ့ယောက်ျားကို အတော် စိတ်ဆိုးသွားတယ်။ ဒါပေမဲ့ သူ့ယောက်ျားရဲ့ စိတ်ကို သူသိတယ်။
သူပြောသလို ကလေးက ပိုက်ဆံ ပါမလာရင် ထမင်း တကယ် မကျွေးဘူး ဆိုတာကို သိလို့ သူ့သားကို ငွေ ၂ ထောင်ကျပ် ထုတ်ပေးလိုက်တယ်။ ကလေးလည်း အဲဒီပိုက်ဆံကို ကိုင်ပြီး အိမ်ကို ပြန်ပြေးသွားတယ်။
အိမ်ရောက်တော့ အဖေက အလုပ်လုပ်ခဲ့လားလို့ မေးတယ်။ သူက လုပ်ခဲ့ပါတယ် ဆိုပြီးငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ်။ သူဌေးကြီးဟာ သူ့သားပုံစံကို ကြည့်ပြီး အဲဒီပိုက်ဆံဟာ အလုပ်လုပ်လို့ ရတာ မဟုတ်ဘဲ သူများဆီက တောင်းလာတာမှန်း ရိပ်မိတယ်။
ဒါပေမယ့် သူကပိုက်ဆံကို ဘာအလုပ် လုပ်လို့ရလာသလဲ မမေးဘဲ အဲဒီ ပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက် လို့ပြောလိုက်တယ်။ ကလေးကလည်း ချက်ချင်းပဲ ပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်တယ်။
နောက်တနေ့ညနေ ရောက်ပြန်တော့ ကျောင်းဆင်းပြန်လာတဲ့ သားကို သူဌေးကြီးက မနေ့ကလိုပဲ ပြောလိုက်တယ်။
"ငါ့သား ဒီညနေ အလုပ်တခု လုပ်ပြီး ထမင်းဖိုးပိုက်ဆံ ရအောင် ရှာလာခဲ့။ ပိုက်ဆံ ရမလာရင် ဒီည မင်းကို ညစာမကျွေးဘူး"
ဒီတခါတော့ ကလေးအမေဟာ တခြားမြို့မှာ နေမကောင်း ဖြစ်နေတဲ့ သူ့အဖေဆီ သွားနေလို့ အိမ်မှာမရှိဘူး။ ဒါပေမယ့် ကလေးအတွက် ကိစ္စမရှိဘူး။ တခြားရပ်ကွက်မှာ နေတဲ့ အဒေါ်ဆီ ပြေးပြီး ပိုက်ဆံ သွားတောင်းတယ်။
အိမ်ကို ပိုက်ဆံ ပါမသွားရင် ညစာ စားရမှာ မဟုတ်ဘူး ဆိုလို့ အဒေါ်က သနားပြီးငွေ ၂ ထောင်ကျပ် ပေးလိုက်တယ်။ ကလေးလည်း အဲဒီပိုက်ဆံကို ကိုင်ပြီး အိမ်ကို ပြန်ပြေးသွားတယ်။ အိမ်ရောက်တော့ အဖေက "အလုပ် လုပ်ခဲ့လား" လို့ မေးတယ်။
သူက "လုပ်ခဲ့ပါတယ်" ဆိုပြီး ငွေ၂ ထောင်ကျပ် ကို ပြလိုက်တယ်။ ဒီတခါလည်း သူဌေးကြီးဟာ အဲဒီပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်လို့ ပြောလိုက်တယ်။ ကလေးကလည်း ချက်ချင်းပဲ ပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်တယ်။
နောက်တနေ့ ညနေ ရောက်ပြန်ပြီ။ ကျောင်းဆင်း ပြန်လာတဲ့ သားကို သူဌေးကြီးက မနေ့ကလိုပဲ ပြောလိုက်တယ်။ "ငါ့သား ဒီညနေ အလုပ်တခု လုပ်ပြီး ထမင်းဖိုး ရအောင် ရှာလာခဲ့။ ပိုက်ဆံ ရမလာရင် ဒီညမင်းကို ညစာမကျွေးဘူး" တဲ့။
ဒီတခါမှာကလေးအတွက် အခက်အခဲ ဖြစ်နေတယ်။ တခြားမြို့ကို သွားနေတဲ့ အမေက ပြန်ရောက် မလာသေးဘူး။ အဒေါ်ဆီ သွားတော့လည်း သူ့အိမ်မှာ မတွေ့ရဘူး။ အဲဒါနဲ့ သစ်ပင်ရိပ်တခု အောက်မှာ ငုတ်တုတ်လေး ထိုင်ပြီး ငိုနေတယ်။
ဘေးက ဖြတ်သွားတဲ့ အဖိုးကြီးတယောက်က သူ့ကို ဘာကြောင့် ငိုနေတာလဲ လို့ မေးတော့ ကလေးက အလုပ်လုပ်တဲ့ ပိုက်ဆံ ပါမသွားရင် ညစာ စားရမှာ မဟုတ်ဘူး လို့ အကျိုးအကြောင်း ပြောပြတယ်။ အဖိုးကြီးဟာ ဟိုတယ်ကြီးတခုရဲ့ ပိုင်ရှင် ဖြစ်တယ်။
နောက်ပြီး ကလေးအဖေရဲ့ သူငယ်ချင်းပါ။ ကလေးကတော့ မသိပါဘူး။ အဖိုးကြီးက ကလေးကို "ဟိုတယ်ကို လိုက်ခဲ့။ သူ အလုပ်ပေးမယ်။ ပိုက်ဆံလည်း ပေးမယ်" ဆိုလို့ ကလေးလည်း လိုက်သွားတယ်။
ဟိုတယ်ရောက်တော့ အဖိုးကြီးက ကလေးကို ဟိုတယ် မီးဖိုချောင်မှာ ပုံနေတဲ့ ပန်းကန်တွေ တထပ်ကြီးကို ဆေးခိုင်းတယ်။ ပြီးရင် အဝတ်နဲ့ ပန်းကန်တွေကို ခြောက်အောင် သုတ်ခိုင်းတယ်။ မီးဖိုခန်းကို ဆေးကြော ခိုင်းတယ်။
ကလေးဟာ ၂ နာရီ ကြာအောင် ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့ အခါမှာ အဖိုးကြီးက သူ့ကို ငွေ ၂ ထောင်ကျပ် ထုတ်ပေးလိုက်တယ်။ ကလေးဟာ တခါမှအလုပ် မလုပ်ဖူးတော့ တကိုယ်လုံး နာကျင်ကိုက်ခဲ နေတယ်။ သူဟာ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် လက်ထဲမှာ ဆုပ်ကိုင်ပြီး အိမ်ကို ပြန်ပြေးတယ်။
အိမ်ရောက်တော့ အဖေက အလုပ် လုပ်ခဲ့လား လို့မေးတယ်။ သူက လုပ်ခဲ့ပါတယ် ဆိုပြီး ငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ်။ ဒီတခါလည်း သူဌေးကြီးဟာ အဲဒီပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက် လို့ ပြောလိုက်တယ်။ ဒီတခါမှာတော့ ကလေးက "ပိုက်ဆံကိုရေတွင်းထဲ ပစ်မချနိုင်ဘူး" လို့ ပြန်ပြောတယ်။
သူဌေးကြီးက "ဘာကြောင့် အရင်လို ပစ်မချရတာလဲ" လို့ မေးတော့ ကလေးက သူ့တကိုယ်လုံး နာကျင်ကိုက်ခဲပြီး ချွေးတလုံးလုံးနဲ့ ရှာထားတဲ့ ပိုက်ဆံမို့ မပစ်ရက်ဘူး" လို့ ငိုပြီး ပြောတယ်။
ဒီအခါမှာတော့ သူဌေးကြီးက သူ့သားကို အခုလို ပြောလိုက်တယ်။ "ချွေးနဲ့ရင်းပြီး ရှာထားတဲ့ ပိုက်ဆံကို ဘယ်သူမှ မဖြုန်းရက်ဘူးကွ" တဲ့။ အဲဒီညမှာသူဌေးကြီးဟာ စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ယာ ဝင်သွားပါတော့တယ်။ Crd
0 Comments