တခါတုန်းက အိမ်တအိမ်မှာ ကြွက်တသိုက်နဲ့ ကြောင်တကောင် ရှိသတဲ့။ ကြွက်နဲ့ကြောင် ဆိုတော့ သိကြတဲ့အတိုင်းပဲ ကမ္ဘာ့ရန်ဘက်တွေ။
အားကြီးပြီး ဉာဏ်နီဉာဏ်နက်များတဲ့ ကြောင်ကြီးက ကြွက်တွေကို တတိတိနဲ့ ချီပြီး စားပစ် ဝါးပစ်နေတော့ ကြွက်သိုက်မှာ တဖြည်းဖြည်း လုံးပါး ပါးလာပါလေရောတဲ့။ သွားရခက် လာရခက်၊ စားဖို့ သောက်ဖို့ ရှာရခက်နဲ့ အနေအထိုင် ကြပ်လာရပါသတဲ့။
အဲ့ဒီတော့ ကြွက်တွေက စဉ်းစားတယ်။ ဒါမျိုး ရှေ့ဆက်သွားနေရင် သူတို့ ကြွက်မျိုးသုဉ်းရတော့မယ်။ ဒီကြောင်ကြီး ပြသနာကို အားလုံးပူးပေါင်း အဖြေရှာမှရမယ် ဆိုပြီး ကြွက်တွေ စုဝေးကြတယ်။
ပြောရရင်တော့ ကြွက်ပေါင်းစုံ ညီလာခံကြီးပေါ့ဗျာ။ အဲ့ဒီမှာ ကြောင်ကြီးကို ရင်ဆိုင်ဖို့ အဆို အမျိုးမျိုး တင်သွင်းကြတယ်ပေါ့ဗျာ။ တကောင် တပေါက်နဲ့ ဆူညံနေ ကြတယ်ပေါ့။
တချို့က အားလုံးစုပြီး တိုက်ခိုက်ဖို့။ ဟာ အဲ့ဒါတော့ မဖြစ်နိုင်ဘူး။ ကြွက်တွေ ဘယ်လောက် များတယ်ပြောပြော ကြောင်ကို မယှဉ်နိုင်ဘူး။ ယှဉ်ရတယ် ထားဦး အကျအဆုံး များမှာ။ မဖြစ်နိုင်ဘူး။
တချို့က ဒီနေရာကနေ ထွက်ခွာသွားဖို့။ အဲ့ဒါဆို နောက်ပြောင်းသွားတဲ့ နေရာမှာ ကြောင်နောက်တကောင် တွေ့ရင် ထပ်ပြောင်းကြ ဦးမှာလား။ ပြီးတော့ ဒီအစုအဝေးကြီးနဲ့ ဘယ်လို လုပ် နေရာ ထပ်ပြောင်းလို့ အဆင်ပြေမလဲ။
အဲ့လိုနဲ့ ပေါ့လေ အချိန်သာ ကြာလာတယ် အဖြေက ရေရေရာရာ မရသေး။ နောက်တော့ ပညာရှိပုံရတဲ့ ကြွက်ကလေးက ထ အကြံပေးတယ်။ "ကျွန်တော်တို့ ကြောင်ကြီးရဲ့ လည်ပင်းမှာ ခြူဆွဲထားမယ် ဆိုရင်ကောဗျာ" တဲ့။
အလို သိပ်ကောင်းတဲ့ အကြံဉာဏ်ပဲ။ အဲ့ဒီလို ကြောင်လည်ပင်းမှာ ခြူဆွဲပေးလိုက်ရင် သူသွားသမျှ လာသမျှမှာ ခြူသံက မြည်နေမှာ။ အဲ့တော့ ကြွက်တွေအနေနဲ့ လွတ်ရာလွတ်ကြောင်း လှုပ်ရှားလို့လည်း ရနိုင်တယ်။
အကြံပေးတဲ့ ကြွက်ကလည်း ထောက်ခံချက်တွေ တတ်လာတော့ မြောက်ကြွမြောက်ကြွ ဖြစ်လာတယ်ပေါ့။ ငါက ဒီဒုက္ခတွင်းကနေ ကယ်တင်မယ့် ကယ်တင်ရှင်ဖြစ်ပြီ ဆိုပြီးတော့များ တွေလေသလား မပြောတတ်ဘူး။ အဲ့ဒီအချိန်မှာ အသက်ကြီးကြီး ပညာရှိ ကြွက်ကြီးတကောင်က ထပြောတယ်။
"ဟုတ်ပါပြီ ကြောင်လည်ပင်းမှာ ခြူဆွဲပေးထားမှာ သိပ်ကောင်းတာပေါ့။ တခုပါပဲ ကြောင်လည်ပင်းမှာ ဘယ်သူက ခြူသွားဆွဲပေးမှာလဲ" တဲ့။
အဲ့ဒီမှာ ကြွက်တွေ အားလုံး ဟာခနဲတောင် မဖြစ်နိုင်တော့ဘူး။ တိတ်ဆိတ်သွားတယ်။ အဲ့ဒီမှာ ပညာရှိကြွက်ကြီးက ပြုံးတယ်။ ဒီကောင်တွေ ဝေဖန်ဖို့ အကြံပေးဖို့ ပြောဆိုဖို့လောက်ပဲ သိတဲ့ကောင်တွေ။
တကယ်လက်တွေ့ လုပ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိနိုင်တယ်ဆိုတာ နားမလည် ကြသေးဘူး။ ငါဆုံးမဦးမှပါ ဆိုပြီး ပြောမလို့ လည်ချောင်းရှင်းကာ ရှိသေးတယ် အသံ တခု ထွက်လာတယ်။ "ကျွန်တော် ခြူသွားဆွဲပေးပါ့မယ်" တဲ့။
အားလုံး စိတ်ဝင်စား သွားကြတယ်။ ဒီကောင်က ခြူဘယ်လို သွားဆွဲပေး မှာလဲပေါ့။ အဲ့ဒီမှာ အားလုံးကိုယ်စား ကြွက်ပညာရှိကြီးက လှမ်းမေးတယ်။ မင်း ဘယ်လိုနည်းနဲ့ ကြောင်ကို ခြူဆွဲပေးမှာလဲပေါ့။ အဲ့ဒီမှာ အသံရှင် ကြွက်ကလေးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ဖြေတယ်။
"ဒီလိုဗျ ကျွန်တော်က ဒီအတိုင်း ကြောင်ကို ခြူသွားဆွဲပေးရင် ဟိုက သတ်လွှတ်လိုက်မှာပေါ့။ ပြီးတော့ အဲ့ကောင်ကြီးက သတိမြဲတဲ့ကောင်ကြီး ဆိုတော့ အငိုက်ဖမ်းပြီး လည်ပင်း ခြူဆွဲပေးလို့လည်း ရမှာမဟုတ်ဘူး။
ရခဲ့လည်း ဒီကောင်က ပြန်ချွတ်မှာ။ အဲ့တော့ ဒီကောင့်လည်ပင်းမှာ ခြူမြဲဖို့ ဆိုတာက တနည်းပဲ ရှိတယ်။ အဲ့ဒါကတော့ အဲ့ကောင်ကြီးကိုယ်တိုင် သူ့လည်ပင်းမှာ ခြူကို ဆွဲမှရမှာ"
အဲ့မှာ ကြွက်အုပ်က ထပွက်ပြန်ရော။ ဘယ်လိုလုပ် ကြောင်က သူ့ဘာသာသူ ခြူဆွဲမှာလဲ။ မဖြစ်နိုင်တာ ဘယ်သူက သူ့ပျော့ကွက်ကို သူကိုယ်တိုင် အသုံးခံမှာလဲ။ အဲ့ဒီမှာပဲ အသံရှင်ကြွက်က ပြန်ပြီး အဖြေပေးရ ပြန်ပါတယ်။
"သူ့ဘာသာသူ ခြူဆွဲဖို့ ဆိုတာ မဖြစ်နိုင်ဘူး ထင်ရပေမယ့် ဖြစ်နိုင်တဲ့ တနည်းတော့ ရှိပါတယ်" အဲ့ဒီမှာ ကြွက်အားလုံး စိတ်ဝင်စားပြီး ငြိမ်သွားကြ ပြန်တယ်။ "အဲ့ဒါက ကြောင်ကို ခြူလက်ဆောင် ပေးလိုက်ဖို့ပါပဲ"
အားလုံး မင်သက် အံ့သြသွား ကြတယ်။ ဟုတ်တယ် ကြောင်ကို လက်ဆောင် ပေးရမယ်။ သပ်သပ်ရပ်ရပ် ထုတ်ပိုးပြီး သူ့အတွက် သေချာ ပြင်ဆင်ပေးထားတဲ့ သဘောမျိုးနဲ့ လက်ဆောင် ပေးရမယ်။ ကိုယ့်ဆီကို တခုတ်တရနဲ့ အသေအချာ ပေးတဲ့ လက်ဆောင်ကို ဘယ်သူငြင်းမှာလဲ။
ဟုတ်တယ်။ အဲ့ဒါအကောင်းဆုံးပဲ။ ကြွက်တွေဟာ သူတို့ အကြံနဲ့ သူတို့မို့လို့ အနေအထိုင်သိုသိုသိပ်သိပ် ပိပိရိရိ နေကြပြီး အချိန်ကောင်း ရောက်တဲ့အထိ စောင့်နေကြပါတယ်။
ဒီလိုနဲ့ ခရစ်စမတ်နေ့လည်း ရောက်လာတော့။ ခရစ်စမတ် လက်ဆောင်အနေနဲ့ ကြောင်ကြီးအနားမှာ မသိအောင် လက်ဆောင်ထုပ်ကလေး ထားခဲ့ပါသတဲ့။ ပန်းနုရောင် ပါကင်ပေပါလေးနဲ့ ထုတ်ပိုးပြီး လိမ္မော်ရောင် ဖဲကြိုးလေ စည်းလို့။
ချစ်ခြင်းများဖြင့် ဆိုတဲ့ ပို့စ်ကတ်လေးနဲ့ လက်ဆောင်ထုပ်ထဲက ခြူလေးကလည်း ရွှေရောင်လေး ဖဲကြိုးအနီလေးနဲ့။ အသံလေးက လွင်နေတာပဲ။ သိပ်ပြီး ချစ်စရာကောင်းတဲ့ ခြူလေးပေါ့။ ကြောင်ကြီးကလည်း သိပ်သဘောကျတာ ပါပဲ တဲ့။
အဲ့ဒါနဲ့ ဘယ်သူမှန်း မသိတဲ့ ပေးတဲ့သူကို ကျေးဇူးတွေ တင်ပြီးတော့ ခြူလေးကို လည်ပင်းမှာ တခုတ်တရ ဆွဲထားလိုက်ပါသတဲ့။ သူ့လက်နဲ့သူ ချည်ပြီး တုပ်ပြီးသွားတဲ့ ပျော့ကွက်ဟာ ကြွက်တွေအတွက် နိုင်ကွက် ခုခံကွက် ဖြစ်လာခဲ့ပါတယ်။
ကြောင်ကတော့ အခုတလော ဘာလို့ ကြွက်တွေ အတွေ့ရနည်း အဖမ်းရ ကျဲသွားသလဲ စဉ်းစားမရ ဖြစ်ပါသွားသတဲ့။ ပြဿနာတိုင်းမှာ ဖြေရှင်းနည်းတွေ ရှိပေမဲ့ နည်းစနစ်ကျကျ ဖြေရှင်းတတ်ဖို့ လိုကြောင်း ဒီအကြောင်းအရာလေးက သင်ခန်းစာ ပေးထားပါတယ်။ crd
0 Comments